လတ်တလောတွင် တိုက်ပွဲများဖြစ်ပေါ်ခြင်းမရှိသေးသည့် ကျိုက်မရောမြို့နယ် ဓမ္မသတ်ကျေးရွာအတွင်းသို့ ယမန်နေ့ (မတ်လ ၂၇) ညနေပိုင်းက မြန်မာစစ်တပ်၏လက်နက်ကြီးတစ်လုံး ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် လူနေအိမ်ခြေရာနှင့်ချီပြီး မီးလောင်ကျွမ်း၍ဆုံးရှုံးနစ်နာခဲ့ရကြောင်း ရွာသားများက ပြောသည်။
လူနေအိမ်တစ်လုံး၏တန်ဖိုးမှာ အနည်းဆုံး ကျပ်ငွေသိန်း ၅၀၀ နှင့်အထက် သိန်းထောင်ကျောင် ရှိနေသဖြင့် ၄င်းတို့၏ ဆုံးရှုံးမှုနစ်နာမှုတန်ဖိုးကို မဖြတ်နိုင်သေးကြောင်း ၊ ဓမ္မသတ်ကျေးရွာတွင် အိမ်ခြေ ၄၀၀ ကျော်ခန့်ရှိသည့်အနက် ၃၀၀ ဝန်းကျင်ခန့် မီးလောင်ဆုံးရှုံးခဲ့ရခြင်းသည် ကျေးရွာအတွင်းသို့ ရောက်ရှိနေသော မြန်မာစစ်တပ်တန်ပြန်ဒရုန်းအဖွဲ့၏ လက်ချက် (သို့မဟုတ်) ဂျိုင်းမြစ်အတွင်းရှိ မြန်မာရေတပ်စစ်သဘေႅာမှ ပစ်ခတ်လိုက်သော အမြှောက်လက်ချက် တစ်ခုခုဖြစ်နိုသည်ဟု ရွာသားများက ယူဆပြောဆိုကြသည်။
ရွာသားတစ်ဦးက “ရွာမှာ တိုက်ပွဲလည်းမရှိပါဘူး၊ တော်လှန်ရေးအဖွဲ့တွေကလည်း အနီးအနားမှာ မရှိပါဘူး၊ ညနေ ၄ နာရီလောက်မှာ စစ်တပ်ဘက်က ပစ်လိုက်တဲ့ လက်နက်ကြီးတစ်လုံး အိမ်ခေါ်မိုးပေါ်ကျပြီးပေါက်ကွဲတာ မီးစလောင်တော့တာပဲ၊ ကမ်းနားဖြစ်နေတော့ လေအဟုန်နဲ့ တစ်ခဏလေးအတွင်းမှာ တရွာလုံးကို မီးကူးစက်သွားတာပဲ၊ ဒီကမီးသတ်ကားလည်း မနိုင်ဘူး၊ တခြားက မီးသတ်ကားရွာထဲမလာနိုင်အောင် စစ်တပ်က လမ်းပိတ်ထားတယ်၊ ရွာမှာက လူလည်းသိပ်မရှိကြဘူးလေ၊ ကော့ဘိန်းမှာ ပစ်တဲ့နေ့ကတည်းက ရွာကလူတွေ ထွက်ပြေးနေကြတာ အိမ်စောင့်တွေလောက်ပဲ ရွာမှာကျန်ရစ်နေခဲ့ကြတာ” ဟု ပြောသည်။
မြန်မာစစ်ကောင်စီလော်ဘီ တယ်လီဂရမ်အကောင့်များမှ တော်လှန်ရေးအဖွဲ့ဘက်မှ ပစ်ခတ်ခဲ့ကြောင်း ဝါဒဖြန့်ရေးသားပြောဆိုကြသော်လည်း ယုံကြည်လောက်စရာအကြောင်းမရှိဟု စစ်ရေးအကဲခတ်နေသူတစ်ဦးက ပြောသည်။
“ကော့ဘိန်းစခန်းသိမ်းပြီးကတည်းက ဒီရွာတွေမှာ စကစစစ်ကြောင်းတွေ ဝင်မွှေတော့မယ်ဆိုတာ အားလုံးက တွက်ဆထားပြီးသားပါ၊ ရွာတွေမှာ မြန်မာစစ်ကြောင်းတွေဝင်လာရင် နောက်ဆက်တွဲ ဘာတွေဖြစ်လာမလဲ ကျနော်တို့အနေနဲ့ ကြိုပြီးပြောထားရင် မကောင်းလို့ပါ၊ ဒါကြောင့် ရွာသားတွေ ကြိုပြီးပြေးထားကြတာပဲ၊ တရနာရဲစခန်းကိုလည်း ဝင်သိမ်းမယ်အထင်နဲ့ စကစဘက်က အင်အားတိုးမြှင့်ချလာတာတွေ့ရတယ်၊ မော်လမြိုင်နဲ့လည်း နီးလာပြီဆိုတော့”ဟု မွန်ဒေသစစ်ရေးအကဲခတ်လေ့လာသူတစ်ဦးက ဆိုသည်။
ဓမ္မသတ်ရွာမှ ၅ မိုင်ခန့်အကွာရှိ ကော့ဘိန်းကျေးရွာရဲစခန်းကို မွန်ကရင်တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ များ မတ်လ ၂၅ ရက်ကတည်းက ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့အပြီး ဓမ္မသတ်၊ သံဂလောင်၊ တရနာ၊ ကော့သပ်ကျေးရွာများသို့ မြန်မာခြေလျင်စစ်ကြောင်းများ အင်အားအလုံးအရင်းဖြင့် ဝင်ရောက်လာခဲ့ပြီး မြန်မာရေတပ်စစ်သဘေႅာများက ဂျိုင်းမြစ်တလျှောက်တွင်လည်းကောင်း၊ ကောင်းကင်မှ စစ်ရဟတ်ယာဥ်များဖြင့် လှည့်လည်၍လည်းကောင်း စက်သေနတ်များ၊ လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်ခဲ့ကြောင်း မြေပြင်သတင်းများက ဖော်ပြနေသည်။
Photo-CJ