ကော့ကရိတ်မြို့နယ် ကော့ဘိန်းရဲစခန်းကို မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) အဖွဲ့ ဦးဆောင်သော မွန်ကရင်တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ယမန်နေ့ မွန်းလွဲပိုင်း ၂ နာရီအချိန်ခန့်တွင် စီးနင်းတိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး မြန်မာတပ်ဖွဲ့ဝင် ၄၀ ဦးနီးပါး လက်နက်ချခဲ့ကြောင်း သိရသည်။
မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) အဖွဲ့ ပြောခွင့်ရ နိုင်ဗညားမွန်က “ မတ်လ ၂၅ ရက် မွန်းလွဲ ၂ နာရီလောက်မှာ ကော့ဘိန်းရဲစခန်းကို သိမ်းပိုက်နိုင်ခဲ့တယ်၊ ရဲစခန်းမှာ စကစ တပ်ဗိုလ်စစ်သား ၃၇ ဦးနဲ့ သူတို့ရဲ့ မိသားစု ၁၁ ဦးတို့ လက်နက်ချခဲ့တယ်၊ လက်နက် ၂၇ လက် သိမ်းပိုက်ရရှိခဲ့တယ်” ဟု ပြောသည်။
မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP(AD) တပ်ဖွဲ့၊ Mon Liberation Army-MLA , KNU လက်အောက်ခံ Lion Battalion ၊ ကျားဖြူစစ်ကြောင်းနှင့် ဂဠုန်စစ်ကြောင်းတို့က မတ်လ ၂၄ ရက်နေ့ နံနက် ၇ နာရီအချိန်ခန့်က ကော့ဘိန်းရဲစခန်းကို စတင်တိုက်ခိုက်ပြီး မြန်မာစစ်ကူများ မလာရောက်နိုင်ရန် အနီးပတ်ဝန်းကျင်ကျေးရွာများမှ လမ်းများကိုပိတ်ဆို့ဖြတ်တောက်ထားခဲ့သည်ဟု ဆိုသည်။
မြန်မာစစ်တပ် တိုက်လေယာဥ်များနှင့် ဂျိုင်းမြစ်အတွင်းရှိ ရေတပ်မှစစ်သဘေႅာများက လက်နက်ကြီးများ ပစ်ခတ်သဖြင့် ဘုန်းတော်ကြီးကျောင်းနှင့် နေအိမ်များသို့ ပေါက်ကွဲကျရောက်ခဲ့ကြောင်း ရွာသားများက ပြောသည်။
လက်ရှိတွင် ကော့ဘိန်းရွာသားအများစုမှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်လျက်ရှိပြီး တိုက်ပွဲအခြေအနေကို ဆက်လက်စောင့်ကြည့်နေကြသည်ဟု မြေပြင်သတင်းအရ သိရသည်။






