ကော့ကရိတ်မြို့နယ် ကော့ဘိန်းကျေးရွာရှိ နယ်မြေရဲစခန်းမှာ ယနေ့ မနက် (၈) နာရီဝန်းကျင်အချိန်ခန့်က တိုက်ခိုက်ခံခဲ့ရပြီးနောက် တိုက်ပွဲများဖြစ်ပွားနေပြီး ဒေသခံများ ပိတ်မိနေကြောင်း သိရသည်။
အဆိုပါ ကော့ဘိန်းကျေးရွာရှိ နယ်မြေရဲစခန်းအား KNLA နှင့် တော်လှန်ရေးပူးပေါင်းအဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှ တိုက်ပွဲများစတင်ဖြစ်ပွားခဲ့ကြောင်း နှင့် စစ်ကောင်စီဘက်မှ လေကြောင်းမှပစ်ခတ်မှုများလုပ်ဆောင်နေကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။
Photos:CJ
“အခုလက်ရှိ မနက် (၁၁) နာရီအချိန်အထိကို ပစ်နေကြတုန်းဘဲ။ ရဲစခန်းကတော့ မီးလောင်သွားပြီး။ ရွာထဲကလူတွေက တချို့လည်း အိမ်ထဲမှာဘဲ နေနေကြရတယ်။ တချို့လည်း နီးစပ်ရာကို တိမ်းရှောင်သွားကြပြီး။ ပစ်ခတ်မှုတွေတော့ရှိနေတုန်းဘဲ” ဟု ၎င်းဒေသခံက ဆက်လက်ပြောကြားသည်။
ကော့ဘိန်းကျေးရွာအပြင် အနီးအနားရှိ ကျေးရွာများဖြစ်ကြသည့် ဓမ္မသ၊ တရနာ အစရှိသည့်ကျေးရွာများကိုလည်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်က အသွားအလာပိတ်ထားပြီး ဒေသခံများအား နေအိမ်များတွင်သာ နေကြရန်လည်း မှာကြားထားသည်ဟု ၎င်းဒေသခံက ဆိုသည်။
ကော့ဘိန်းနယ်မြေရဲစခန်းမှာ ကော့ဘိန်းကျေးရွာအနှင့် အနည်းငယ်ဝေးကွာသည့်အတွက် ကျေးရွာအတွင်း တိုက်ပွဲများကူးစက်ဖြစ်ပွားလာမည်ကို ဒေသခံများအနေဖြင့် စိုးရိမ်ထိတ်လန့်နေကြကြောင်းလည်း ၎င်းဒေသခံများက ဆိုကြသည်။
ပြီးခဲ့သည့် (၂၀၂၃) ခုနှစ် ဇန်နဝါရီလ (၁၆) ရက်နေ့ကလည်း အဆိုပါ ကော့ကရိတ်မြို့နယ် ကော့ဘိန်းကျေးရွာရှိ နယ်မြေရဲစခန်း ကို KNLA နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး မီးရှို့ခဲ့ကြသေးကြောင်း သိရသည်။
Photos: CJ