သီချင်းစာသားများအား ၁၉၆၀ ခုနှစ်ဝန်းကျင်ကတည်းက နိုင်ပန်းလှ ရေးသားခဲ့သည်ကို ဤစာတမ်းပါ အချက်အလက်များမှ………
“ပုဂံမှာ ကျန်စစ်သားမင်းရဲ့နန်းတည်ကျောက်စာ၊ ရွှေစည်းခုံကျောက်စာ၊ အလံပုဂံ၊ မြကန်စတဲ့ ကျောက်စာတွေဟာလည်း မွန်ဘာသာနဲ့ဘဲ ယနေ့တိုင်အောင်ဖတ်ရှုလေ့လာနိုင်လို့ “ ကျောက်ထက်အက္ခရာမပျက်ပါ၊ တသက်တာ လက်ရာမြတ်ဂုဏ်ရောင်” လို့ လွန်ခဲ့တဲ့အနှစ် နှစ်ဆယ်ကျော်က ကျွန်တော်စပ်ဆိုရေးသားခဲ့တဲ့ သီချင်းစာသားမှာ နိဂုံးချုပ်ထားပါတယ်၊ ဒီသီချင်းကို ရီရီသန့်နဲ့ အဖွဲ့သားများက သီဆို”
ဗုဒ္ဓသာသနာရောင်စာတမ်း
နိုင်ပန်းလှ (၂၆-၁၂-၈၁)
လေးစားအပ်တဲ့ သဘာပတိနဲ့ ကြွရောက်လာကြတဲ့ ပညာရှိ ဗုဒ္ဓဘာသာဝင် သူတော်စင်အပေါင်းတို့ ခင်ဗျား- ယခုလို ကျက်သရေမင်္ဂလာအပေါင်းတို့နဲ့ ပြည့်စုံတဲ့ ဗုဒ္ဓဘာသာကလျာဏယုဝအသင်းရဲ့ စိန်ရတုသဘင် အခမ်းအနားမှာဗုဒ္ဓဘာသာရဲ့ သမိုင်းစဉ်အကျဉ်းချုပ်ကို ဒီဇင်ဘာလထုတ် ရတနာမွန်မဂ္ဂဇင်းမှာ ကျွန်တော် ရေးသားထားတဲ့ ဆောင်းပါးပါ သီချင်းနဲတကွ သရုပ်ဖေါ်ဖတ်ကြားပေးရန် ကျွန်တော်အား ဖိတ်ကြားတဲ့ အသင်းလူကြီးများကို ကျေးဇူးဥပကာယတင်ရှိကြောင်း ဦးစွာဖေါ်ပြလိုပါတယ်၊ ဤထူးမြတ်တဲ့အခမ်းအနားမှာ မမျှော်လင့်ဘဲ ထူးမြတ်တဲ့အကြောင်းရပ်ကို တင်ပြခွင့်ရလိုလည်း ကျွန်တော်အထူးဝမ်းသာပါတယ်။
သဘာပတိနဲကြွရောက်လာကြတဲ့ ပညာရှိအပေါင်းတို့ သိတော်မူကြတဲ့အတိုင်း မြန်မာနိုင်ငံရဲ့သမိုင်းမှာ ဗုဒ္ဓသာသနာအစဟာ ရာမညက ဖြစ်ပါတယ်၊ ရာမညတိုင်း မွန်ပိုင်းသုံးရပ်လို ဆိုအပ်တဲ့ ပုသိမ်(၃၂)မြို့၊ ဟံသာဝတီ(ပဲခူး) (၃၂)မြို့နဲ့၊ မုတ္တမ(၃၂)မြို့၊ စုစုပေါင်း(၉၆) မြိုပါဝင်ပါတယ်၊ ဗုဒ္ဓသာသနာရဲ့သမိုင်းကို ရာမညတိုင်းဘုရင် ရာဇဓိပတိဘွဲ့ခံဓမ္မစေတီမင်း ရေးထိုးခဲ့တဲ့ ပဲခူးကလျာဏီ ကျောက်စာနဲ့ လေးဆူဓါတ်ပုံ ရွှေတိဂုံဘုရားကျောက်စာမှာ ရေးသားထားရှိပါတယ်၊ ရွှေတိဂုံဘုရားကျောက်စာပါဠိ မွန်နဲ့ မြန်မာဘာသာတို့ဖြင့် သက္ကရာဇ် (၈၄၇) ခုနှစ် (အေဒီ-၁၄၈၅) မှာရေးထိုးခဲ့ပါတယ်၊ အရှေ့စောင်းတန်းအလယ်ပစ္စယာမှာ ယနေထိ တည်ရှိပါတယ်၊ ရှေးဟောင်း မွန်ပေမူများမှာလည်း ရေးသားဖေါ်ပြထားပါတယ်၊ မွန်ပေမူ “သၠပတ်တဖုဿဘလ္လိက” အရဆိုရလျင် တြိကုမ္ဗတိုင်း၊ ဝါကလောင်ကျေးရွာ သူဌေး သ္ဍပိုန်နဲ့ မိထော်လတို့မှ ဖွားမြင်တဲ့ ငယ်မည် “တပဝ်နဲ့တပူ” တို့ဟာ ပင်လယ်ကိုသင်္ဘောဖြင့်ကူးပြီး လှည်းငါးရာဖြင့်ကုန်များတင်ကာ မဇ္ဈိမဒေသသို့ ကုန်ရောင်းသွားကြကာ အတိတ်ဘဝတခုက မိခင်ဖြစ်ခဲ့တဲ့ နတ်သမီးရဲ့ လမ်းညွှန်ချက်ကိုခံယူသဖြင့် လင်းလွန်ပင်ရင်းတွင် သတင်းသုံး နေတော်မူတဲ့ ဂေါတမမြတ်စွာဘုရားအား မုန့်ကျွတ်ကျစ်နဲ့ ပျားဆုပ်မုန့်တို့ ကိုကပ်လှူပူဇော်ခွင့်ရကြလေတယ်၊ မြတ်စွာဘုရားလည်း စတုမဟာရစ်နတ်မင်းကြီးလေးပါး ( ဓထရဋ္ဌ၊ ဝိရုဠ ဝိရုပက္ခ နှင့် ကုဝေရ ) တို့ လှူတဲ့ ဣန္ဒနီလာကျောက်ညိုသပိတ်ဖြင့် ဘုန်းပေးတော်မူပြီး မွန်ကုန်သည် ညီနောင်တို့အား “တဖုဿနဲ့ဘလ္လိက” ရယ်လိုဘွဲ့အမည်ပေးကာ အနုမောဒနာပြုပြီး ဆံတော်ရှစ်ဆူတို့ကို ပေးသနားတော်မူတယ်။
ဤအကြောင်းနှင့်ပတ်သက်ပြီး ရွှေတိဂုံကျောက်စာ မြန်မာဘာသာမှာ ရေးထားပုံကို ဖတ်ပြပါမယ်၊ ရာမညအရပ်နှိုက် ပေါက္ခရာဝတီ ဟူသော အသိုကဉ္စန နဂိုမည်သောပြည်၌ နေထသော တဖုဿ၊ ဘလ္လိက ညီအစ်ကိုဖ္လစ်ထသော ကုန်သည်နှစ်ယောက်သည် ငါးရာသောကုန်သည်တို့နှင့် တကွ သင်ဖောစီရုယ်၊ သမုဒ္ဒရာကို တုရုယ်၊ ဥက္ကလာရစ်သိုဝ်ရောက် လေကုန်၏၊ တဖန် မဇ္ဈိမဒေသ ဖ္လစ်သော မဂဓရစ်သိုဝ်သွား လိုရုယ်၊ ငါးရာသောလည်တိုဝ်ကရုယ်သွာလေ၏၊ နေရဥ္ဇရာ ချောင်သိုဝ် ရောက်ရုယ်ကူလေရုယ်၊ မုစလိန္ဒာသစ်ပင်ကသည် အရှေမ္လောက်ထောင် ဖ္လစ်ထသော၊ ရာဇာယတနသစ်ပင်ကမူ ကာ၊ အရှေတူရူဖ္လစ်ထသော အရပ်သိုဝ်၊ ထိုဝ်ဖုရာသခင်တံ မူစာတော်ခေါ်ရုယ်၊ မျက်နှာသစ်တော်မူရုယ်၊ ထိုဝ်ရာဇာယတန သစ်ပင်နှိုက် နေတော်မူသော ခဏနှိုက်လျှင် ရောက်လေကုန်သတည်၊ ထိုဝ် တဖုဿ၊ ဘလ္လိက တိုဝ်၏ရှေလွန်လေပြီ သော ငါခုမ္လောက်သော အတ္တဘောနှိုက် အမိဖ္လစ်ဖုသောသူသည် ဘုမ္မစိုဝ်နတ်သမိဖ္လစ်ရုယ်၊ ဤအခါကာ ဖုရာသခင်အာ အာဟာရ ရတန်ပြီ ယ္ခုနိယ္အ်လျှင် ဤသောထိုဝ်ထိုဝ်ဖုရာသခင်အာ အာဟာရပိဏ္ဍိပါတိတိုဝ် ပေစိမ်သောငှာ သစ်ပင်၏အခွနှိုက် နေရုယ်၊ မိမိထိုဝ်ထိုဝ်ပ္လရုယ်၊ အိုတဖုဿ ဘလ္လိက မင်မတ်တိုဝ်၏ အမိဖ္လစ်ဖူသတည်၊ ဤအခါ၌တမူကာ ထိုဝ် ဖုရင်သိခင်လည်ဖုရာဖ္လစ်သော နေရာကသည် ၊လေဆယ်တိုင် ရက်အာဟာရ မယ်မယ်လျှင် ဝိမုတ္တိသုခတိုဝ်သာ ခံစလျက် နေတော်မူ၏၊ ယ္ခု ရာဇာတန(လင်လွန်း) ပင်ရင်နှိုက်နေတော် မူ၏၊ ထိုဖုရာသိခင်အာ ရှေဦစွာ ပိဏ္ဍပါတ်တိုဝ်ပေစေလိုဝ်ကြောင်၊ အိုဝ်သာတိုဝ်၊ ထိုဝ်ဖုရာသိခင်ကို အာဟာရဖ္လစ်လုပ်ကျွေလေယောဝ္အ်၊ ထိုဝ်သိုဝ်လုပ်ကျွေသောကြောင်၊ ငသာတိုဝ် အာရုံသာအလိုဝ်ငှာလည်ကောင်၊ စီပွါအလိုဝ်ငှာလည်ကောင် ဖ္လစ်တံသတည်ဟု ဆိုပေသတည်၊ ထိုဝ်ဘုမ္မစိုဝ်နတ်သမိ၏စကာ ကိုဝ်ကြာရုယ်၊ တဖုဿဘလ္လိကတိုဝ်သည် မန္ဓမဓုပိဏ္ဍိကတည်ဟူသော ပျာထောပတ်တင်လယ်နှယ်သော မုန်ဆုပ်တိုဝ်လည် ကောင်၊ ရွှေလင်ပန်ဖ္လင်ယူရုယ် ဖုရာသိခင်အထံသိုဝ်သွာရုယ် အရှင်ဖုရာ အကျုန်ုပ်လှူသောမန္ဓကိုဝ်လည်ကောင်၊ မဓုပိဏ္ဍိက တိုဝ်လည်ကောင် ခံတော်မူလင် အံဟူရုယ်ဆို၏၊ ဖုရာသိခင် လည် စတုမဟာရာဇ် နတ်မင်လေယောက် လှူသောသပိတ် လေလုမ်တိုဝ် တလုမ်တည်ဖ္လစ်စေရုယ် မန္ဓမဓုပိဏ္ဍိကတိုဝ် ပရိဘုတ်တော်မူ၏၊ ထိုဝ်နောက်ဖုရာသိခင် တရာဟောတော် မူ၏၊ ဗုဒ္ဓံသရဏံဂစ္ဆာမိ၊ ဓမ္မံသရဏံဂစ္ဆာမိ၊ ဟူသောနှစ်ခွန်ဖ္လစ် သရဏဂိုမ်တိုဝ်ပေ၏၊ တဖုဿ ဘလ္လိက တိုဝ်လည် ဖုရာသိခင်ကိုဝ်ရှိခိုဝ်ရုယ်၊ အကျွန်ုပ်တိုဝ်ကာ၊ ရာမညဒေသ အသိတဉ္စန နဂိုရ်ပြည်နှိုက်နေသတည်၊ ထိုဝ်အကျွန်ပ် ထို ၏ပြည်သိုဝ်ပ္လန်လေသော်လျှင်ပင် ဖုရာ၏ထိုဝ်တော်စာပူဇော် အပ်သောဝတ္တုကိုဝ်ပေတော်မူပါဟူရုယ် တောင်ပန်ကုန်၏။ ဖုရာသိခင်လည် လက်ယာလက်တော်ဖ္လင် ခေါင်တော်ကိုဝ် သဝ်ရုယ် ဆံတော်သျှစ်ချောင်ကိုဝ် ရရုယ်၊ ထိုဝ်ကုန်သည် နှစ်ယောက်အာ ပေတော်မူ၏၊ ထိုဝ်ကုန်သည်နှင့်တိုဝ်လည် မိမိခေါင်ထက်နှိုက် ရွှေကြုတ်ဖ္လစ်၊ ထိုဝ်ဆံတော်သျှစ်ချောင် ကိုဝ် ခံရုယ် လုပ်ဆောင်အပ်သော မိမိတိုဝ်ကိစ္စတိုဝ်တိုဝ်ပြီ စေပြီသော် သမုဒ္ဒရာတိုဝ်ကူလတ်ရုယ်၊ အသိကညွှန နဂိုရ် မည်သောမိမိအရပ်သိုဝ် ရောက်လတ်သော် လူတကာအပေါင် အား ကုသိုလ်ကောင်းမှုဖ္လစ်စေလိုသောကြောင် ဆံတော်တိုဝ်ကိုဝ် တမ္ဗဂုတ္တတောင်ဓိပ်ထက်နှိုက် ထာပနာရုယ်၊ စေတီ တည်ရုယ် ပူဇော်ကုန်၏၊ စသည်ဖြင့် အကျယ်တဝင့်ရေးသားထားပါသည်၊ ဒါကြောင့် “ဂေါတမမြတ်စွာပွင့်တော်မူခိုက် အခါသမယ တဖုဿနှင့်ဘလ္လိက မွန်ညီနောင် ဆံတော်မြတ်ကိုပင့်ဆောင်” အစချီတဲ့သီချင်းကို အဆိုတော် ရီရီသန့် နဲ့ တူရီယာဂီတအဖွဲ့က သရုပ်ဖေါ်ကြတာကိုနားသောတဆင်တော် မူကြရပါလိမ့်မယ်။
သဘာပတိနဲ့ကြွရောက်ကြတဲ့ လူကြီးမင်းများခင်ဗျား မြန်မာနိုင်ငံကို ဂေါတမမြတ်စွာဘုရား ရောက်တော်မူခိုက် အခါသမယမှာ ဆံတော်ဓါတ်ရှစ်ဆူတို့ကို မွန်ကုန်သည်ညီနောင်တို့ ပင့်ဆောင်ခဲ့ပြီး ဥက္ကလာပမင်းကြီးက လေးဆူဓါတ်ပုံ ရွှေတိဂုံဘုရားကြီးမှာ ဌာပနာခဲ့လို့ ပထမအကြိမ်သာသနာ့ တငြီးငြီးထွန်းလင်းပြောင်ခဲ့တဲ့ နောက် ဒုတိအကြိမ် ဗုဒ္ဓသာသနာတော်ရောက်လာပုံကို ဆက်လက်တင်ပြပါမယ်။
မြန်မာနိုင်ငံသမိုင်းမှာ ရာမညတိုင်း ဘုရင်ရာဇာဓိပတိဘွဲ့ခံ ဓမ္မစေတီမင်းဟာ သာသနာရေးဘက်မှာ အကြီးအကျယ်ဆုံး မင်းတစ်ပါးဖြစ်ပါတယ်၊ ဗုဒ္ဓသာသနာတော်ကို သန်ရှင်းစင်ကြယ်အောင် အများဆုံး ဆောင်ရွက်ခဲ့ပါတယ်၊ မဇ္ဈိမဒေသ မှာထွန်းကားခဲ့တဲ့ အာသောကမင်းကြီး၏ထုံးကို နှလုံးပိုက်ပြီး ဗုဒ္ဓဝင်ဖြစ်စဉ်များ အထူးသဖြင့် သတ္တသတ္တာဟ ဌာနများကို ပဲခူးအနောက်တောတခွင်မှာ ပြုလုပ်ခဲ့ပါတယ်၊ နေရဉ္ဇရာ မြစ်မင်းနဲ့ရယ်၊ မုစနန္ဒာအိုင်တို့ကိုတောင် တူးဖေါ်ခဲ့ပါတယ်။ ရဟန်းအပါး ၁၈ဝဝဝ တို့သတင်းသုံးနိင်တဲ့ ရသေ့မြိုလို့ခေါ်တဲ့ မဟာဝိဟာရ ကျောင်းတော်ကြီးကိုတည်ပြီး ကလျာဏီသိမ်တော်ကြီးကိုပါ သမုဒ်ခဲ့တာဟာ အများသိကြပါတယ်၊ သူရဲ့ကောင်းမှုမှန်သမျှမှာ ကဗျည်းကျောက်စာများရေးထိုးခဲ့လေတော့ ပဲခူးအနောက်တောတခွင်ဟာ ကျောက်စာတောသဖွယ်ဖြစ်နေပါတယ်။
ဓမ္မစေတီမင်းရဲ့ ကလျာဏီကျောက်စာအရဆိုလျင် ဂေါတမမြတ်စွာဘုရား ပရိနိဗ္ဗာန်စံသည်မှ အနှစ် ၂၁၈ နှစ် လွန်သော် မဇ္ဈိမဒေသတွင် သီရိဓမ္မာသောကမင်းနန်းတက်ပါတယ်၊ အာသောကမင်းကြီးဟာ အရှင် နိဂြောဓသာမဏေကို အကြောင်းပြုပြီး သာသနာတော်ကိုအလွန်ကြည်ညိုတော်မူတယ်၊ မင်းကြီးဟာ အရှင်မောဂ္ဂလိ ပုတ္တတိဿမထေရ် အားအမှူးပြုပြီးတတိယသံဃာရတနာ တင်တော်မူသည်။
မြတ်စွာဘုရားပရိနိဗ္ဗာန်စံပြီး ၂၃၅ နှစ် လွန်မြောက်ပြီး တတိယသံဃာရတနာတင်ပြီးနောက် (၉)တိုင်း (၉)ဌာနသို့ သာသနာပြုများစေလွှတ်တော်မူရာမှာ အရှင်သောဏ နှင့် ဥတ္တရထေရ်တိုအမှူးပြုတဲ့ သာသနာပြုများကို ရာမည တိုင်း သုဝဏ္ဏဘုမ္မိ သထုံပြည်သို့ စေလွှတ်ခဲ့ပါတယ်၊ ထိုအချိန် ကာလမှာ သထုံပြည်ကို သီရိမာသောက မင်းအုပ်စိုးချိန်ဖြစ်ပါတယ်၊ မြို့ဟာ ကေလာသတောင်ခြေမှာတည်ရှိပြီး ပင်လယ်သမုဒ္ဒရာနှင့်နီးကပ်သဖြင့် ရေသရဲဘီးလူးများဟာ နန်းတော် မှာဖွားမြင်လေတိုင်းသော မင်းသားများကိုတက်၍ စားမြဲဖြစ်ပါတယ်၊ သောဏထေရ်နဲ့ ဥတ္တရထေရ်တို့ ဆိုက်ရောက်စဉ်ကလည်း မင်းသားဖွားမြင်တော်မူရာ ရေသရဲဘီလူးမကြီးသည် နောက်ပါဘီလူး သရဲငါးရာခြံရံပြီး တက်လာကြပါတယ်၊ မထေရ်နှစ်ပါးတို့လည်း မနုဿီဟရုပ်များ ဖန်ဆင်းကာမောင်း ထုတ်ရတယ်၊ ရေသရဲဘီလူးတို့ရဲ့ ရန်ဘေးမှကင်းဝေးပြီး ပြည်သူအပေါင်းအား ဗြဟ္မဇာလသုတ်ကို ဟောကြားလေတယ်၊ ခြောက်သောင်းသော ပြည်သူအပေါင်းတို့ဟာ သီလမှာတည်ကြပြီး တထောင့်ငါးရာတို့က ရဟန်းပြုကြတယ်၊
ဒါကြောင့် သုဝဏ္ဏဘုမ္မိရွှေမြို့တော်ရဲ့ ကျက်သရေတက်နေရောင် ဒုတိယ အကြိမ်သာသနာတော်ထွန်းပြောင်လို့ အစချီတဲ့သီချင်းကိုလည်း ရီရီသန့်က သီဆိုတီးမှုတ်သရုပ်ဖေါ်တာကို နားသောတဆင်တော်မူကြရလိမ့်မယ်။
သဘာပတိနဲ ကြွရောက်လာကြတဲ့ မင်းပရိသတ်အပေါင်းတို ခင်ဗျား-
သုဝဏ္ဏဘုမ္မိသထုံပြည်မှာ သောဏထေရ်နဲ့ဥတ္တရထေရ် တိုကြွရောက်ပြီး သာသနာပြုသည်မှ နှစ်ပေါင်းများစွာကြာ လာတဲ့အခါမှာ မွန်သမိုင်းအရ သထုံမြိုမှ အရှင်ဗုဒ္ဓဃောသ မဟာထေရ်ဟာ သီဟိုဠ်ကျွန်းသို့ကူးပြီး ပိဋကတ်သုံးပုံ ကို ပင့်ဆောင်ခဲ့ပြန်ပါတယ်၊ ဒါကြောင့် သထုံမှာပိဋကတ်တော်အစုံ သုံးဆယ်နဲ့တကွ ဓါတ်တော်မွေတော်များစွာ ရှိပါတယ်၊ အဲဒီလို သုဝဏ္ဏဘုမ္မိသထုံပြည်မှာ ဗုဒ္ဓသာသနာရောင်ဟာ နေလို လလိုထွန်းပြောင်ခဲ့ရာမှာ နှစ်ပေါင်းများစွာ ကြာညောင်းတဲ့အခါ သာသနာရောင်ဟာ တဖြည်းဖြည်းမှေးမှိန်လာပါတယ်၊
အထူးသဖြင့် သထုံဘုရင်မနူဟာမင်း လက်ထက်ရောက်တော့ အင်မတန်အင်အားပျော့ညံ့လာပါတယ်၊ အဲဒီအခါမှာ အခွင့်ကောင်း ယူပြီး ဗုဒ္ဓဝါဒီမဟုတ်တဲ့ ပြည်ပရန်သူများဖြစ်တဲ့ အရှေ့ဘက်တလွှားနိုင်ငံမှ ကြွမ်းစစ်သည်တော် များဟာ မကြာခဏဆိုသလို လာရောက်တိုက်ခိုက်ခြင်းကိုခံရပါတယ်၊ အဲဒီအခါမှာအင် မတန်အမြှော်အမြင်ကြီးပြီး အင်မတန်ကျမ်းတတ်တဲ့ ဓမ္မဒဿီခေါ် မွန်ရဟန်းမြတ် ရှင်အရဟံဟာ ဧချမ်းသာယာတဲ့ ပေါက္ကံပြည်တိုင်းကို မဆိုင်းမတွဘဲ ကြွချီပြီး သာသနာတော်ကို ဖြန့်ချီတော့တယ်၊ ရှင်အရဟံရဲ့ လမ်းညွှန်မှဖြင့် သုဝဏ္ဏဘုမ္မိ သထုံပြည်မှာ ထွန်းကားခဲ့တဲ့သာသနာတော်ဟာ ပြည်ပရန်သူ ကြွမ်းစစ်သည်တော်တိုရဲ့ ဖျက်ဆီးခြင်းမခံရလေအောင် ပုဂံသို့ ငြိမ်းချမ်းသာယာစွာ မွန်ဘုရင်မနူဟာမင်းနဲ့တကွရဟန်းပညာရှိ၊ လူပညာရှိများ ပိဋကတ်သုံးပုံနဲ ဓါတ်တော်မွေတော်များအား ပုဂံပြည်သိုပင့်ဆောင်ခဲ့တဲ့ သမိုင်းကြောင်း (အနော်ရထာမင်းက သထုံပြည်ကို စစ်အောင်နိုင်ခဲ့ပြီး ပိဋကတ်တော်အစုံ ၃၀ ၊ မနုဟာမင်းနှင့် မိဖုရားတကွ ဆွေတော်မျိုးတော်များအပါအေင် မွန်ပညာရှင်များအားလုံး စစ်သုံ့ပန်းအဖြစ် ပုဂံပြည်သို့ ဖမ်းဆီးခေါ်ဆောင်သွားပြီး စေတီဘုရားတည်စေခြင်း၊ စစ်သုံ့ပန်းတို့ကို ဘုရားကျွန်အဖြစ် ပြုခဲ့လေခြင်းကို စာရေးသူလုံးဝမတင်ပြဘဲ မဆလခေါင်းဆောင်များအကြိုက် ထိုစဥ်က နိုင်ပန်းလှ ရှောင်ရှားရေးသားခဲ့ဟန်တူ၏-အယ်ဒီတာ) ကို ပညာရှင်များအသိဖြစ်ပါတယ်။
ဒါကြောင့် ပုဂံဟာ မြန်မာတိုရဲ့ မြို့တော်ဖြစ်သလို မွန်တို့ရဲ့ မြိုတော်လို့လည်း ဆိုနိုင်ပါတယ်။ ဘာကြောင့်လည်းဆိုရင် ပုဂံမှာယခုတိုင်ထင်ရှားစိတ်ဝင်စားဘွယ်ဖြစ်တဲ့ အာနန္ဒာဘုရား၊ နဂါးရုံဘုရား၊ ပုထိုးသားများ၊ အပယ်ရတနာ၊ အလိုပြည့်ဂူ၊ ဂူပြောက်ကြီးစတဲ့ ပုဂံခေတ်ဂူဘုရားတွေမှာ ရေးသားထားသမျှ ရှေးဟောင်းကမ္မည်းစာပေ အရေးအသားများဟာ မွန်ဘာသာနဲ့ဘဲ တွေ့ရခြင်းဘဲဖြစ်ပါတယ်၊ ပုဂံမှာ ကျန်စစ်သားမင်းရဲ့နန်းတည်ကျောက်စာ၊ ရွှေစည်းခုံကျောက်စာ၊ အလံပုဂံ၊ မြကန်စတဲ့ ကျောက်စာတွေဟာလည်း မွန်ဘာသာနဲ့ဘဲ ယနေ့တိုင်အောင်ဖတ်ရှုလေ့လာနိုင်လို့ “ ကျောက်ထက်အက္ခရာမပျက်ပါ၊ တသက်တာ လက်ရာမြတ်ဂုဏ်ရောင်” လို့ လွန်ခဲ့တဲ့အနှစ် နှစ်ဆယ်ကျော်က ကျွန်တော်စပ်ဆိုရေးသားခဲ့တဲ့ သီချင်းစာသားမှာ နိဂုံးချုပ်ထားပါတယ်၊ ဒီသီချင်းကို ရီရီသန့်နဲ့ အဖွဲ့သားများက သီဆိုသရုပ်ဖေါ်ပေးပါလို့ ဖိတ်ခေါ်ရင်း ကျွန်တော်၏စာတမ်းကို နိဂုံးချုပ်လိုက်ပါတယ်။
မှတ်ချက်- ဗုဒ္ဓဘာသာကလျဏယုဝအသင်း YMBA စိန်ရတုသဘင်အခမ်းအနား (၂၆-၁၂-၁၉၈၁) တွင် ဤဗုဒ္ဒသာသနာရောင် စာတမ်းအား နိုင်ပန်းလှ ဖတ်ကြားခဲ့ခြင်း ဖြစ်သည်။
- မွန်တို့ဂုဏ်ရည်အပါအဝင် မွန်ပြည်နယ်ဖော်ထုတ်ရေး သီချင်းများဖြစ်သည့် “ရာမညတိုင်း မွန်ပိုင်းသုံးရပ်၊ ရာမည သာသနာ့ရောင်ခြည်” သီချင်းစာသားများအား ၁၉၆၀ ခုနှစ်ဝန်းကျင်ကတည်းက နိုင်ပန်းလှ ရေးသားခဲ့သည်ကို ဤစာတမ်းပါ အချက်အလက်များမှ တွေ့ရသည်- အယ်ဒီတာ။