ခေတ်သစ်ပြည်ထောင်စုမြန်မာနိုင်ငံတော်တည်ဆောက်ရေးတွင် မွန်လူမျိုးတို့သည် အဓိကဦးဆောင်မှု အခန်းကဏ္ဍက ပါ၀င်ဆောင်ရွက်ခဲ့သည်မှာ သမိုင်းမှတ်တမ်းမှတ်ရာများအရ ငြင်းဆိုဖွယ်ရာမရှိကြပေ။
ပြည်ထောင်စုနိုင်ငံပေါ်ထွန်းလာရာမှာ မွန်လူမျိုးတို့သည်လည်း မိမိတို့၏အမျိုးသားသရုပ်လက္ခဏာနှင့် ပြည့်စုံသည့် မွန်ပြည်နယ်တစ်ပြည်နယ်အကောင်အထည်ဖော်ပြီး အခြားတိုင်းရင်းသားပြည်နယ်များတို့နှင့်အတူ ဥမကွဲသိုက်မပျက် အေးအတူပူအမျှ ပြည်ထောင်စုအတွင်း နေထိုင်သွားရန်အတွက်ကိုလည်း မွန်အမျိုးသား တစ်ရပ်လုံးတို့က လိုလားခဲ့ကြပေရာ ရှေးပဝေသဏီက ခန်းနားကြီးကျယ်လှသော မွန်မင်းနေပြည်တော်တို့ကဲ့သို့ နယ်မြေအကျယ်အဝန်းကို မျှော်မှန်းပြီး ခေတ်နှင့်မလျော်ညီတော့သော ပြည်နယ်ကိုဖန်တီးတည်ဆောက်လိုခြင်းမဟုတ်မူပဲ သင့်တင့်မျှတလျှောက်ပတ်သော နယ်မြေအကျယ်အဝန်းဖြင့်သာ မွန်ပြည်နယ်ကို တည်ဆောက်လိုသည်ကိုလည်း မှတ်တမ်းမှတ်ရာအရ အထင်အရှား သာဓကရှိနေပေသည်။
၁၉၇၄ ခုနှစ် ၊ ဇန်နဝါရီလ (၃)ရက်နေ့တွင် မွန်ပြည်နယ်ကို နိုင်ငံတော်အစိုးရက သတ်မှတ်ပေးခဲ့ပါသည်၊ ဇန်နဝါရီလ (၃) ရက်နေ့သည် “ပြည်ထောင်စုဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေနေ့”နှင့် တိုက်ဆိုင်နေပါသဖြင့် မတ်လ ၁၉ သို့ ပြောင်းလဲခဲ့သည်။
ယခုလက်ငင်းရရှိထားသည့် မွန်ပြည်နယ်၏ အမျိုးသားသရုပ်လက္ခဏာပြည့်စုံမှု နယ်မြေအကျယ်အဝန်းနှင့် မျှော်မှန်းသော မူလတည်ဆောက်လိုသည့် ပြည်ထောင်စုကြီး၏ ပြည်နယ်အနှစ်သာရနှင့်ပြည့်စုံပေ၏လော—?
မွန်လူမျိုးတို့သင့်သင့်မျှတစွာ မျှော်မှန်းခဲ့သည့် မွန်ပြည်နယ်ကြီး၏ အမျိုးသားသရုပ်လက္ခဏာ အနှစ်သာရမျိုးနှင့် ပြည့်စုံကုံလုံမှုရှိပါ၏လော—? ဟု–နှိုင်းယဥ်နိုင်စေရန် ရည်ရွယ်၍ ဤသမိုင်းမှတ်တမ်းစု ဆောင်းပါးဖြင့် ရွှေရတုနှစ် မွန်ပြည်နယ်နေ့တွင် ရေးသားတင်ပြလိုက်ကြောင်းပါ…..
** ပြောင်းလဲလာသော ကမ္ဘာ့ အရေး မြန်မာ့အရေးအပေါ်အခြေပြုပြီး ရာမညတိုင်းလုံးဆိုင်ရာ မွန်အဖွဲ့ချုပ်က အမျိုး ဘာသာ သာသနာ ယဥ်ကျေးမှု စာပေအလုပ်မျှလောက်နှင့် မလုံလောက်တော့ဟု ယူဆယုံကြည်လာသော ခေတ်ပညာတတ် မွန်မျိုးချစ်ပုဂ္ဂိုလ် မွန်ဖိုးချိုနှင့် တိုးတက်သောမွန်မျိုးချစ်ခေါင်းဆောင်တို့က ဦးဆောင်ဦးရွက်ပြုကာ ဟံသာ၀တီပျက်သုဥ်းချိန်မှ–နှစ်ပေါင်း(၂၀၀)နီးပါးအတွင်း လူမျိုးပျောက်ကွယ်ဆိတ်သုန်းသွားလုမတတ် အခြေအနေနှင့် ရင်ဆိုင်နေကြရသည့် မွန်လူမျိုးတို့သည် နိုင်ငံရေးအခွင့်အရေးရပိုင်ခွင့်အတွက် နိုင်ငံရေးပါတီတစ်ရပ်တည်ထောင်ပြီး ဖဆပလအဖွဲ့ချုပ်နှင့် ပူးပေါင်းလက်တွဲကာ နိုင်ငံရေးအလုပ်ကို လုပ်ကိုင်ဆောင်ရွက်မှသာ တိုင်းပြည်လွတ်လပ်ရေးရယူနိုင်သည့်အချိန်တွင် အခြားသော တိုင်းရင်းသားများတို့နှင့်တန်းတူ နိုင်ငံရေးအခွင့်အရေးများကို မွန်လူမျိုးတို့က ရရှိနိုင်မည်ဟု မွန်အမျိုးသားထု တရပ်လုံးကို ဆော်သြကာ ဒုတိယကမ္ဘာစစ်ပြီးဆုံးချိန် ၁၉၄၅ ခုနှစ်၊ နို၀င်ဘာလ(၉)ရက်နေ့တွင် “မွန်တိုင်းရင်းသားအစည်းအရုံး” အမည်ဖြင့် ပထမဦးဆုံးသော မွန်နိုင်ငံရေးပါတီကို ဖွဲ့စည်းတည်ထောင်လိုက်ကြသည်။
■ မွန်တို့၏ပွဲဦးထွက်နိုင်ငံရေးတောင်းဆိုချက်-
မွန်တိုင်းရင်းသားအစည်းအရုံးသည်-၁၉၄၆ ခုနှစ်-ဒီဇင်ဘာလ( ၂)ရက်နေ့တွင် ယခင်ကျိုက်ခမီခရိုင်-ယခုသံဖြူဇရပ်မြို့နယ် ပငကျေးရွာတွင် မွန်အမျိုးသားညီလာခံတစ်ရပ်ကျင်းပကာ လာမည့်တိုင်းပြည်ပြု လွှတ်တော်ရွေးကောက်ပွဲမှာ “မွန်လူမျိုးတို့အတွက် သီးခြားမဲဆန္ဒနယ်မြေသတ်မှတ်ပေးရန်နှင့် မွန်လွှတ်တော်ကိုယ်စား လှယ်လောင်းများကိုလည်း ရာထားသတ်မှတ်ပေးရန်” တချိန်တည်းမှာပင် မွန်လွတ်လပ်ရေးအဖွဲ့ (မွန်လူမျိုးရေးရာအဖွဲ့ချုပ်-မလရ) နှင့် မွန်တိုင်းရင်း သားအစည်းအရုံးတို့က “မွန်အမျိုးသားတို့၏ တောင်းဆိုချက်(၇)ချက်ကို ဝန်ကြီးချုပ်ဦးနုနှင့် ဖဆပလခေါင်းဆောင်တို့ကို သွားရောက်တောင်းဆိုဆွေးနွေးခဲ့သည်။
ပင်လုံစာချုပ်ချုပ်ဆိုခဲ့ရာတွင်လည်း မွန်အမျိုးသားကိုယ်စားပြုကိုယ်စားလှယ်ပါ၀င်ခွင့်မပြုသည့်အပြင် မွန်တို့၏ တရားသဖြင့် တောင်းဆိုသော နိုင်ငံရေးတောင်းဆိုချက်များကို လစ်လျူရှုယုံမျှမက မွန်နှင့်ဗမာအတူတူပဲ-မွန်တို့ကို သီးခြားအခွင့်အရေးပေးစရာမလိုဟု မျက်နှာလွှဲခဲပစ်လိုက်သဖွယ် ပြုမူခြင်းကိုခံစားရသော မွန်တို့သည် နိုင်ငံရေးတောင်းဆိုမှုများကို မဆုတ်မနစ်ပဲ ဆထက်တိုးကာ အရှိန်အဟုန်ပြင်းစွာ ဆက်လက်တောင်းဆိုကြသည်။
*ပင်လုံကတိကဝတ်ကို အာဏရအစိုးရက စီမံအကောင်အထည်ဖော်ရာမှာ အားနည်းမှုကြောင့်၄င်း၊
*နိုင်ငံရေးဝါဒလွန်ဆွဲမှု ပြင်းထန်နေခြင်းကြောင့်၄င်း
*ရခိုင်/မွန်/ကရင်လူမျိုးတို့၏ နိုင်ငံရေးရပိုင်ခွင့်များကို ဗမာနှင့်အခြားပြည်နယ်ထူထောင်ခွင့်ရ တိုင်းရင်းသားတို့နှင့် တန်းတူမရရှိခဲ့ခြင်းကြောင့်၄င်း
မြန်မာနိုင်ငံလွတ်လပ်ရေးရပြီး ပထမ (၁၀) စုနှစ် ကာလအတွင်း ပြည်တွင်း၌ ပြင်းထန်သော လက်နက်ကိုင်ပဋိပက္ခများ စတင်ပေါ်ပေါက်လာခဲ့သည်။
နိုင်ငံရေး အကြပ်အတည်းပေါင်းစုံကြား မွန်အမျိုးသားတို့၏ ကိုယ်ပိုင်ပြဌာန်းခွင့်အခွင့်အရေး နိုင်ငံရေးရပိုင်ခွင့်များနှင့် မွန်ပြည်နယ်ရရှိရေး တောင်းဆိုမှုတိုက်ပွဲသည်လည်း မွန်အမျိုးသားတို့ တရားသဖြင့်တောင်းဆိုသော နိုငံရေးရပိုင်ခွင့်အတွက် ၁၉၄၈ ခုနှစ်ကတည်းကပင် လက်နက်ကိုင်လမ်းစဥ်ကိုကျင့်သုံးခဲ့သည့် မွန်ပြည်သူ့တပ်ဦးသည် ၁၉၅၈ ခုနှစ်တွင် နိုင်ငံတော်အစိုးရနှင့် စေ့စပ်ညှိနှိုင်းပြီး လက်နက်နှင့်ဒီမိုကရေစီလဲလှယ်ကာ မြေပေါ်နိုင်ငံရေး ပါတီအဖြစ် ဆက်လက်ရပ်တည်လာကြသည်။
တဆက်တည်းတွင်ပင်လျှင် မွန်အမျိုးသားတို့၏နိုင်ငံရေးရပိုင်ခွင့်အတွက်ပြည်တွင်းရှိ မွန်အမျိုးသားအရေးအင်အားစုများတို့နှင့်လက်တွဲကာ အရှိန်အဟုန်ပြင်းစွာဖြင့် မွန်ပြည်နယ်ဖော်ထုတ်ရေးအလုပ်ညီညွတ်ရေးကော်မတီတရပ်ကိုဖွဲ့စည်းပြီး ဆောင်ရွက်ကြရာ မွန်နိုင်ငံရေးအဖွဲ့အစည်းအသီသီး မွန်နိုင်ငံရေးသမားအသီးသီး မွန်မျိုးချစ်ခေါင်းဆောင် အသီးသီးများမှတဆင့် မွန်ကျောင်းသားလူငယ်များနှင့် မွန်လူထုများထံသို့ စိမ့်၀င်ပြန်နှံ့သွားခဲ့သည်။
မွန်ပြည်သူ့တပ်ဦးသည်လည်း ၁၉၆၀ ခုနှစ်ဖေဖော်ဝါရီလ(၆)ရက်နေ့တွင် ကျင်းပသော မြန်မာနိုင်ငံအထွေထွေရွေးကောက်ပွဲကို မွန်တိုင်းရင်းသားအစည်းအရုံးအပြင် အခြားသောမွန်အမျိုးသားအရေးအင်အားစုများတို့နှင့် ညှိနှိုင်းကာ မွန်အမျိုးသားထုကို ကိုယ်စားပြုပြီး ၀င်ရောက်ယှဥ်ပြိုင်ခဲ့ရာ မွန်လူမျိုးတို့အတွက် မွန်လွှတ်တော်ကိုယ်စားလှယ်စစ်စစ်များ ပေါ်ထွက်လာသည်။
ထို့ကြောင့် ပါလီမန်တွင် မွန်အမျိုးသားကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်များအပြင် အခြားသောနိုင်ငံရေးပါတီများတို့၏ ထီးရိပ်အောက်ရှိ မွန်လူမျိုးလွှတ်တော်ကိုယ်စားလှယ်များတို့နှင့် ပေါင်းစပ်မိကာ “မွန်ပြည်နယ်ချက်ချင်းပေး”ဆိုသည့် တောင်းဆိုမှုသည် မွန်လူမျိုးတို့၏ “လက်ငင်းဘုံရည်မှန်းချက်” အဖြစ်သို့ ပြောင်းလဲသက်ရောက်သွားကြသည်။
ပြည်ထောင်စုမြန်နိုင်ငံတော်ဒေသအလိုက်အုပ်ချုပ်ခွင့်စုံစမ်းရေးကော်မရှင် (၁၉၅၂) ၏ အစီရင်ခံချက်မှာ-“မွန်ဘိုးချိုတို့ လူသိုက်က တောင်းဆိုသည့်အတိုင်း မွန်ပြည်နယ် ပြုလုပ်မည်ဆိုပါက ထိုပြည်နယ်သည် ကျိုက္ခမီခရိုင် ၊ သထုံခရိုင်များနှင့် ထားဝယ် ၊ မြိတ်ခရိုင်များအကြားတွင် တည်ထောင်၍ ထားရပေလိမ့်မည်၊ ဤကဲ့သို့ တည်ထောင်ရခြင်းကြောင့် တနင်္သာရီတိုင်း အုပ်ချုပ်၍ လွယ်ကူခိုင်မြဲမှုကို ထိပါးစေမည် ဖြစ်သည်။ ထိုအတွက်ကြောင့် ဘဏ္ဍာရေးဘက်က ကြည့်လျှင်၄င်း ၊ အုပ်ချုပ်ရေးလွယ်ကူခိုင်မြဲမှုဘက်က ကြည့်လျှင်၄င်း၊ မွန်ပြည်နယ်တည်ထောင်ပါက မွန်ပြည်နယ်သည် ပြည်ထောင်စုအား အကူအညီမပေးနိုင်ရုံမျှမက ပြည်ထောင်စုအင်အားနည်းပါးခြင်းကို ဖြစ်စေလိမ့်မည်” ဟူ၍ အမည်စာရင်းပါရှိသော ဆာ-ဂျေ-အေမောင်ကြီး ဦးချစ်လှိုင် ဦးချစ်သောင်း ဦးထွန်းကျော် ဦးဘိုးကျေးတို့ အချို့မွန်လူကြီးများနှင့်ခေါင်းဆောင်များတို့သည် ကောင်းမွန်စွာနားလည်၍ ကော်မရှင်က စစ်ဆေးမေးမြန်းရာတွင် “မွန်ပြည်နယ်လုပ်ရန်မလိုလားကြ”ဟု ထွက်ဆိုခဲ့ကြသည့်ပုဂ္ဂိုလ်တို့သည်ပင်လျှင် နောက်ပိုင်းတွင် သဘောထားပြောင်းလဲလာကြသည်။
၁၉၆၀ ခုနှစ် မေလ (၁၂) ရက်နေ့တွင် ရန်ကုန်မြို့ အမှတ်(၇၅)မနောဟရီလမ်းရှိ ဦးဘိုးကျေးနေအိမ်၌ မွန်လူကြီးများဖြစ်ကြသော ၁။ ဦးဘိုးကျေး ၂။ ဦးထွန်းသောင်း ၃။ မွန်ဦးဖိုးချို ၄။ ဦးမြသွင် ၅။ ဦးမြတ်ထွန်း(တက္ကသိုလ်သမဝါယမ) ၆။ မွန်ဦးလူဖေ၀င်း ၇။ ဒေါ်စောရှင် ၈။ ဦးမောင်စိန်တို့သည် မွန်ပြည်နယ်အကောင်အထည်ဖော်ရေးအစည်းအဝေးတစ်ရပ်ကို ကျင်းပခဲ့သည်။
ယင်းအစည်းအဝေးတွင် ဦးမောင်စိန်က အစည်းအဝေးအတွင်းရေးမှူးအဖြစ်၄င်း၊ ဦးဘိုးကျေးကို အစည်းအဝေးသဘာပတိအဖြစ် ဆောင်ရွက်စေလျက်-“မွန်ပြည်နယ်ချက်ချက်ပေး”ဆိုသည့် “မွန်လူမျိုးတို့၏ လက်ငင်းဘုံရည်မှန်းချက်”အား အကောင်အထည်ဖော်ရေး တောင်းဆိုသည့် အစည်းအဝေးတရပ် ကျင်းပကြလေသည်။
မွန်ပြည်နယ် အကောင်အထည်ဖော်ရေး ဆွေးနွေးပွဲမှ ဆုံးဖြတ်ချက်များ
(၁) မွန်ပြည်နယ်၏ နယ်နိမိတ်သတ်မှတ်ခြင်း
(၁) ပဲခူးခရိုင်၊ (၂) သထုံခရိုင်၊ (၃) ကျိုက္ခမီခရိုင်၊ (၄) ထားဝယ်ခရိုင်၊ (၅) မြိတ်ခရိုင်၊ ပေါင်း(၅)ခရိုင်ကို မွန်ပြည်နယ်အဖြစ်ဖြင့် တညီတညွတ်တည်းသဘောတူ ဆုံးဖြတ်ကြပါသည်။ ထိုခရိုင် (၅)ခရိုင်အနက် ပဲခူးခရိုင်နှင့် ကျိုက္ခမီခရိုင်တို့ကို မွန်ပြည်နယ်အဖြစ် အမြန်ဆုံးအကောင်အထည် ဖော်၍ သတ်မှတ်ပေးပြီးလျှင် ကျန်သောထားဝယ်ခရိုင်နှင့် မြိတ်ခရိုင်တို့ကို စုံစမ်းရေးကော်မတီဖွဲ့ပြီး ဆက်လက်စုံစမ်း စေရန် အတိုင်ပင်ခံအဖွဲ့အားအကြံပေးတင်ပြရန် အားလုံးသဘောတူဆုံးဖြတ်ကြပါသည်။
(၂) မွန်ပြည်နယ်အကောင်အထည်ဖော်ရာ၌ အဘယ့်ကြောင့် လူထုဆန္ဒမယူသင့်ကြောင်း
မွန်ပြည်နယ် အကောင်အထည်ဖော်ရာတွင် Plebiscite နှင့် Referendum ခေါ်လူထုဆန္ဒကို ရယူရန်လို- မလိုစဉ်းစားကြရာ အောက်ပါအချက်ကြီး (၄) ချက်အရ လူထုဆန္ဒကိုရယူရန် လုံးဝမလိုကြောင်း တညီတညွတ်တည်း ဆုံးဖြတ်ကြပါသည်။
(က) အဆိုပါသထုံခရိုင်နှင့် ကျိုက္ခမီခရိုင်တို့တွင် လွန်ခဲ့သောရွေးကောက်ပွဲ၌ အရွေးခံကြရသော သန့်ရှင်း၊ တည်မြဲ၊ မွန်တပ်ပေါင်းစုအမတ်တို့သည် မွန်ပြည်နယ်ကို ရအောင်ဆောင်ရွက်ပေးမည်ဟူသော ကြွေကြော်သံ ဂတိဖြင့် အနိုင်ရခဲ့ကြသော အမတ်မင်းများသာဖြစ်ကြခြင်း။
(ခ) မြန်မာနိုင်ငံလက်ရှိခြင်းအားဖြင့် ပဋိပက္ခမှုများ၊ လူမျိုးရေးပြဿနာများ၊ အနှောက်အယှက်အမျိုးမျိုးနှင့် တွေ့ကြုံပြီး ငြိမ်ဝပ်ပိပြားရေးကို အထူးထိခိုက်နိုင်ခြင်း။
(ဂ) Plebiscite နှင့် Referendum ခေါ် လူထုဆန္ဒရယူရေးသည် ယခုအခါ၌ ခေတ်မမှီတော့သဖြင့် ကက်ရှမီးယား (Kashmier) နယ်သတ်မှတ်ရေးကိစ္စ၊ ဂျာမနီပြည်အရှေ့နှင့် အနောက်နယ်များကိစ္စ၊ ကိုးရီးယားတောင်ပိုင်းနှင့် မြောက်ပိုင်းနယ်များကိစ္စ၊ ဗီယက်နမ်တောင်ပိုင်းနှင့် မြောက်ပိုင်းနယ်များကိစ္စ အစရှိသော ပြဿနာအရပ်ရပ်တို့ကို အဆိုပါနည်းများဖြင့် ဖြေရှင်းရန်ကြိုးစားခဲ့သော်လည်း သွေးထွက်သံယို ဖြစ်ပေါ်လာနိုင်စရာအကြောင်းကို စိုးရိမ်ရသဖြင့် ကမ္ဘာ့နိုင်ငံကြီးများက အဆိုပါနည်းကို မသုံးနိုင်ဘဲရှိနေသည်မှာ အထင်အရှားရှိခြင်း။
(ဃ) မြန်မာပြည်တွင်းရှိ ပြည်နယ်အားလုံးကို ပေးခဲ့စဉ်အခါ၌လည်း Plebiscite သို့မဟုတ် Referendum နည်းဖြင့် လူထုဆန္ဒကို တခါတရံမျှ ရယူခြင်းမပြုခဲ့ပါ။ ဥပမာအားဖြင့် ကရင်ပြည်နယ်တွင် မွန်ရွာကြီးပေါင်းများစွာနှင့် မွန်လူဦးရေးများစွာ ပါဝင်နေသော်လည်း လူထုဆန္ဒကိုရယူခြင်းမပြုဘဲ ကရင်ပြည်နယ်ထဲသို့ သွတ်သွင်းပေးခဲ့ခြင်း။
ထိုနည်းတူစွာ ၁၉၄ရ-ခုနှစ် Frontier Areas Enquiry Committee ခေါ်နယ်ခြားဒေသစုံစမ်းရေးအဖွဲ့သည် ကချင်လူမျိုးများ မြောက်များစွာမနေသော ထိုင်ဗန်းမော်၊ မြစ်ကြီးနာခရိုင်များတို့ကို ကချင်ပြည်နယ်အထဲသို့ သွတ်သွင်းသတ်မှတ်ပေးရန် ထောက်ခံရာတွင် လူများစု၏ဆန္ဒကိုရယူခြင်းမဟုတ်ဘဲ ထောက်ခံခဲ့ဘူးပါသည်။
၎င်းတို့ထောက်ခံချက်အတိုင်း နိုင်ငံတော်အစိုးရက လက်ခံအတည်ပြုကြပါသည်။ ထို့ကြောင့် အထက်ပါ မွန်ပြည်နယ်ကို သတ်မှတ်ရာတွင် ထပ်မံ၍လူထုဆန္ဒကို ရယူရန်လိုအပ်မည်မထင်ကြောင်း အားလုံးသဘောတူ ဆုံးဖြတ်ကြပါသည်။
(၃) ပဲခူးခရိုင်ကို မွန်ပြည်နယ်အတွင်းသို့ အဘယ်ကြောင့်ထည့်သွင်းသင့်ကြောင်း
(က) ပဲခူးမြို့သည် ရှေးဟောင်းမွန်မြို့တော်ဖြစ်သည့်အပြင် လွန်ခဲ့သော ၂ နှစ်ကစ၍ မွန်ရေးရာညီလာခံကို ပဲခူးမြို့၌ နှစ်နှစ်တိုင်တိုင်ကျင်းပခဲ့ရာ၊ ပဲခူးခရိုင်ရှိ မွန်လူထုများသည် မွန်စိတ်ဓာတ်အလွန်တက်ကြွလာကြသည်ကို တွေ့ရပါသည်။ မွန်စကားမတတ်ကြသော လူဦးရေများပြားသော်လည်း များသောအားဖြင့် မွန်မျိုးနွယ်များသာဖြစ်ကြပြီး ၎င်းတို့ကိုလည်း မွန်လူဦးရေစာရင်း၌ထည့်သွင်းအသိအမှတ်ပြုကြရန် မွန်ရေးရာအဖွဲ့သို့မေတ္တာရပ်ခံချက်များကိုလည်း လက်ခံရရှိခြင်း။
(ခ) သထုံခရိုင်၊ ကျိုက္ခမီခရိုင်များမှ ပြောင်းရွေ့လာကြသော မွန်အမြောက်အများသည်လည်း ယခုအခါပဲခူးမြို့နှင့် ခရိုင်အတွင်းနေရာအနှံ့အပြား၌ နေထိုင်ကြလျက်ရှိပါသည်။
အထူးသဖြင့် ပဲခူးမွန်စံပြရွာသည် မွန်များနေထိုင်ကြသောရွာဖြစ်ပြီး ပဲခူးမြို့တဝိုက်တွင် လယ်လုပ်ခြင်း၊ ကြက်ပေါင်းစေးစိုက်ပျိုးခြင်းအစရှိသော စီးပွားရေးလုပ်ငန်းများကို မွန်များက အတည်တကျလုပ်ကိုင်လျက် ရှိနေသည်ကိုလည်း တွေ့ရခြင်း။
(ဂ) ပဲခူးခရိုင်ကို မွန်ပြည်နယ်အဖြစ်သို့ သွတ်သွင်းခဲ့လျှင် ညောင်လေးပင်အပါအဝင် ပဲခူးဖြစ်လက်တက်နှင့် ရှေးဟောင်းမွန်ပြည်ကြီး၏ နယ်ခြားတလျောက်လုံးသည် သဘာဝနယ်နိမိတ်ပင်ဖြစ်နေသဖြင့် နယ်နိမိတ် သတ်မှတ်ရာ၌လည်း အထူးလွယ်ကူလျက်ရှိခြင်း။ ထို့ကြောင့် ပဲခူးခရိုင်ကိုလည်း မွန်ပြည်နယ်အတွင်းသို့ သွတ်သွင်းသတ်မှတ်ပေးသင့်ပါသည်ဟု တညီတညွတ်တည်း ဆုံးဖြတ်ကြပါသည်။
(၄) ထားဝယ်ခရိုင်နှင့် မြိတ်ခရိုင်ကို မွန်ပြည်နယ်အတွင်းသို့ အဘယ်ကြောင့် ထည့်သွင်းသင့်ကြောင်း
(က) ၁၉၈၄-ခုနှစ်တွင် ဖွဲ့စည်းသော Regional Autonomy Enquiry Commission ခေါ်ဒေသအလိုက် ကိုယ်ပိုင်အုပ်ချုပ်ရေးစုံစမ်းရေးအဖွဲ့က ထားဝယ်နှင့်မြိတ်မြို့သို့ သွားရောက်စုံးစမ်းခဲ့စဉ်အခါက မွန်ပြည်နယ် မလိုလားဟု ကြွေးကြော်ခဲ့ကြသော်လည်း ယခုအခါတွင် စိတ်ဓာတ်အထူးပြောင်းလဲလျက် ရှိနေကြပါသည်။ ထိုခရိုင်များတွင် မွန်လူဦးရေသည် အထူးတိုးတက်လာပြီး ကျိုက္ခမီခရိုင်ဘက်မှ မွန်များတို့သည် ပြောင်းရွှေ့ လာလျက်ပင် ရှိကြပါသည်။ ကော့သောင်း၌ သာသနာပြုမွန်ဆရာတော် ဦးသြဘာသည်လည်း သာသနာ တော်ထွန်းကားရေးအတွက် မွန်၊ ထားဝယ်၊ မြန်မာ၊ ရှမ်းဘာသာစကားများဖြင့် ဟောကြားဆုံးမခြင်းများကြောင့် မွန်လူထုစိတ်ဓာတ်သည် အထူးတက်ကြွလျက်ရှိနေခြင်း။
(ခ) ထားဝယ်ခရိုင်နှင့် မြိတ်ခရိုင်သည် ရာဇာဝင်အရ၎င်း၊ စီးပွားရေအရာ၎င်း၊ ပထဝီအရ၎င်း၊ မွန်ဘုရင်များ အုပ်စိုးခဲ့သည့်ဒေသများထဲတွင် ပါဝင်ခဲ့ခြင်း။
(ဂ) ထားဝယ်၊ မြိတ်ရှိလူများသည် မြန်မာများကို ဂံသား(ပုဂံသား)ဟုခေါ်ဝေါ်ကြပြီး ၎င်းတို့သည် မြန်မာများနှင့် လုံးဝခြားနားကြောင်းကို ယူဆကြပါသည်။ ထားဝယ်စကားနှင့် မွန်စကားများတွင် ဆင်တူရိုးမှားများစွာ တွေ့ရသည့်အပြင် ထားဝယ်စကားကိုတတ်မြောက်ရန်မှာ မွန်စကားတတ်ပါက ပိုမိုလွယ်ကူကြောင်း၊ ပညာရှိ ဆရာကြီးများက ဆိုကြပါသည်။ ၎င်းပြင်လယ်ထွန်သောအခါ မွန်စကား ဇေ- တော့ခေါ်သော ဘယ်၊ ညာနွားမောင်းသံသည် ထားဝယ် စကားနှင့်လည်း ထပ်တူပင်ဖြစ်ပါသည်။ ဤနည်းတူစွာ မွန်နှင့် ထားဝယ်ဆင်တူ စကားများစွာရှိနေခြင်း။
(ဃ) ရန်ကုန်မြို့ရှိ ထားဝယ်၊ မြိတ်မှ လူကြီးများသည်ပင်လျှင် မိမိတို့ဘေး၊ ဘိုးတို့သည် မွန်၏အဆက်အနွယ်ပင် ဖြစ်ကြောင်းဝန်ခံပြီး ဂုဏ်ယူပြောဆိုသည်ကို ယခုထက်တိုင်တွေ့ရှိနိုင်ခြင်းတို့ကြောင့် ထားဝယ်ခရိုင်နှင့် မြိတ်ခရိုင်တို့ကိုလည်း ဒုတိယဆင့်အနေဖြင့် မွန်ပြည်နယ်ထဲသို့ ထည့်သွင်းသင့်ကြောင်း အားလုံးတညီ တညွတ်တည်းဆုံးဖြတ်ကြပါသည်။
(၅) မွန်လူဦးရေနှင့် မွန်ပြည်နယ်ဧရိယာစတုရန်း
၁၉၂၁-ခုနှစ်တွင် သန်းခေါင်စာရင်း၌ မွန်လူဦးရေသည် သထုံတွင် တသိန်းနီးပါမျှရှိပါသည်။ ဒုတိယကြိမ် သန်းခေါင်စာရင်းကောက်ယူသောအခါ၌မူ မွန်လူဦးရေမှာများပြားလာမည့်အစား အလွန့်အလွန်နည်းပါးသွား သည်ကို တွေ့ရပါသည်။ ဤအတိုင်းပင်လျှင် ကျိုက္ခမီခရိုင်နှင့်တကွ အခြားအောက်ဗမာပြည်ရှိခရိုင်များတို့တွင် တွေ့ရှိရပါသည်။ နည်းရခြင်းအကြောင်းရင်းမှာ-
(က) သန်းခေါင်စာရင်းကောက်ယူကြသော စာရေးများသည် ဗုဒ္ဓဘာသာမှန်သမျှဆိုလျှင် မွန်လူမျိုးမြန်မာလူမျိုး ဟူ၍ ခွဲခြားပြီးမပေးတော့ဘဲ မြန်မာလူမျိုးဟူ၍ ထည့်သွင်းလိုက်ကြခြင်း။
(ခ) မွန်လူမျိုးများကိုယ်တိုင်က မွန်ဟူ၍ထုတ်ပြောရမည်မှာ ဝန်လေးသလိုလို၊ ရှက်သလိုလိုဖြစ်ခြင်း၊ အခြား သူများ၏ အထင်သေးခြင်းကို ခံရမည်စိုးခြင်းကြောင့် မွန်ဟူ၍ထည့်ရမည်အစား မြန်မာဟူ၍သာ သန်းခေါင် စာရင်း၌ ထည့်လိုက်ကြခြင်း။
(ဂ) မွန်သွေးမွန်မျိုးနွယ်များပင် ဖြစ်သော်လည်း မွန်စကားမတတ်ကြသဖြင့် မိမိတို့ကိုယ်ကို မိမိတို့က မြန်မာဟု ယူဆခြင်း။ ၎င်းပြင် ၁၉၁၄-ခုနှစ်၊ သန်းခေါင်စာရင်းကောက်ယူသောအခါတွင် မွန်လူမျိုးကဏ္ဍ လုံးဝ ဖော်ပြထားခြင်းမရှိသဖြင့် အလွန်ဝမ်းနည်းကြောင်းမှ တ်တမ်းတင် ဆုံးဖြတ်ကြပါသည်။
မွန်ပြည်နယ်သတ်မှတ်ပေးရာ၌ သထုံခရိုင်၊ ကျိုက္ခမီခရိုင်၊ ပဲခူးခရိုင် သုံးခရိုင်ပေါင်းလျှင် ဧရိယာစတုရန်း မိုင်ပေါင်း-၈ဝဝဝ (ရှစ်ထောင်ကျော်) ရှိပြီး လူဦးရေမှာ ၁,၅ဝဝ,ဝဝဝ (တသန်းငါးသိန်းကျော်) ရှိမည် ဖြစ်ပါသည်။ ထားဝယ်ခရိုင်၊ မြိတ်ခရိုင်များပါ ပူးပေါင်းထည့်သွင်းလိုက်လျှင် ဧရိယာမှာ စတုရန်းမိုင်ပေါင်း- ၂၅ဝဝဝ လောက် ရှိပြီး လူဦးရေအနေနှင့်ဆိုလျှင် ၂,၀၀၀,၀၀၀ (နှစ်သန်း)လောက် ရှိမည်ဖြစ်၍ ပြည်ထောင်စုအတွင်းရှိ အခြားပြည်နယ်များနှင့် ကောင်းမွန်စွာ နှိုင်းယှဉ်နိုင်ပါသည်။
ထို့ကြောင့် ပဲခူးခရိုင်၊ ကျိုက္ခမီခရိုင်ကို အမြန်ဆုံး မွန်ပြည်နယ်အဖြစ်ဖြင့် သတ်မှတ်ပေးပြီးလျှင် ထားဝယ်ခရိုင်နှင့် မြိတ်ခရိုင်တို့ကိုလည်း ဆက်လက်၍ စုံစမ်းရေးကော်မရှင်က လိုအပ်သလိုဆောင်ရွက်ပြီး မွန်ပြည်နယ်အဖြစ်ဖြင့် သတ်မှတ်ပေးရန် တညီတညွတ်တည်းသဘောတူဆုံးဖြတ်ကြပါသည်။
ထို့နောက် အိမ်ရှင်ဦးဘိုးကျေးက အချိုရည်များဖြင့် ဧည့်ခံပြီလျှင် အစည်းအဝေးကို ညနေ(၅)နာရီ အချိန်တွင် ရုပ်သိမ်းလိုက်ပါသည်။
မှတ်တမ်းတင်သူ
(မောင်စိန်၊ ဘီအေ၊ ဘီအယ်(လ်) အစည်းအဝေးအတွင်းရေးမှူး)
ကျေးဇူးတင်ပါသည်။