ဂကောံဗော်သွးမန် အလုံရာမည
All Ramannya Mon Association, Rangoon
✤ ရာမညတိုင်းလုံးဆိုင်ရာ မွန်အဖွဲ့ချုပ် ✤
မွန်အမျိုးသားတို့၏ နောက်ခံသမိုင်းမှ ကောက်နုတ်ဖော်ပြသည်။
အဂႅလိပ်အုပ်ချုပ်မှုအောက်တွင်ရှိခဲ့စဥ်က ဒို့လူမျိုးကို ချစ်ပါ၊ ဒို့စာကို လေးစားပါ၊ ဒို့စကားကို ပြောကြပါဟု ကြွေးကြော်လှုံ့ဆော်ခဲ့သည့် ဒို့ဗမာအစည်းအရုံး၏ အမျိုးသားကြွေးကြော်သံဂယက်သည် မွန်အမျိုးသားတို့၏ နှလုံးသားကိုရိုက်ခတ်လာပြီး မွန်တို့အတွက် အမျိုးဘာသာ၊ သာသနာကို၊ ထိန်းသိမ်းရန် အဖွဲ့အစည်းတရပ်လိုလာသည်ဟု မွန်အမျိုးသားတို့က ယုံကြည်လာခဲ့ကြသည်။
ထိုသို့ ယုံကြည်သည့်အလျှောက် မွန်ရဟန်းတော်များနှင့် ပညာတတ်မွန်အမျိုးသား၊ မျိုးချစ်များ စုပေါင်းပြီး ရာမညတိုင်းလုံးဆိုင်ရာ မွန်အဖွဲ့ချုပ်ကို ၁၉၃၉ – ခုနှစ် ဩဂုတ်လ (၆)ရက်တွင် ရန်ကုန်မြို့ပေါ်ရှိ မွန်သံဃာတော်များ၊ မွန်ပုဂ္ဂိုလ်များအား ပင့်ဖိတ်၍ ဖွဲ့စည်းသည်။
ရာမညတိုင်းလုံးဆိုင်ရာအဖွဲ့ချုပ်ကို ဖွဲ့စည်းခဲးရာတွင် ဥက္ကဌ ဦးကျန်(ပဲခူး) ရိက္ခာတော်ရ၊ ဒု- ဥက္ကဌများဖြစ်ကြသော ဦးဘသော် ရိက္ခာတော်ရ(ပဲခူး)၊ ဦးဘသိန်း(ရေး) ပါလီမန်အမတ်၊ ပါလီမန်အတွင်းဝန်၊ ဘဏ္ဍာရေးနှင့်အခွန်ဌာန ဖြစ်ပြီး၊ အကျိုးဆောင်အတွင်းရေးမှူးအဖြစ် ဦးဒွေး(ပဲခူး)(ကျောင်းဆရာ)၊ ဆရာ – ဦးချစ်သောင်း၊ ငွေထိန်း (ဓါတုဗေဒမင်းကြီး)၊ ဦးမောင်ကလေး (မွန်ခရစ်ယာန်အသင်း)၊ မွန်ဦးဘိုးချို စသောပုဂ္ဂိုလ်များ ပါဝင်ကြပြီး မွန်သံဃာတော်များက အဖွဲ့ချုပ်၏ နာယကဆရာတော်များအဖြစ် ပါဝင်သည်။ ဦးကျန်သည် နာမကျန်းတော့၍ တနှစ်သာ တာဝန်ယူနိုင်ပြီး ၁၉၄၀ – ခုနှစ်တွင် အနားယူသည်၊ ၄င်းနေရာကို ဒု-ဥက္ကဌ ဦးဘသော် ဆက်၍တာဝန်ယူရသည်။
မိမိတို့၏အမျိုးဘာသာစာပေ၊ ယဉ်ကျေးမှုထိန်းသိမ်းရေးလုပ်ငန်းလုပ်ရာတွင် တခြားတိုင်းရင်းသားများနှင့် အထူးသဖြင့် မြန်မာများက သံသယကင်းစေရန်၊ ရာမညအဖွဲ့ချုပ်သည် မည်သည့်ပါတီနိုင်ငံရေးကိုမျှမလုပ်ကြောင်း ကျေငြာထားသည်။ ထိုသို့ ကျေငြာထားသည်မှာ အချို့မြန်မာများက မွန်တို့သည် နယ်ချဲ့သမားသဘောကျ လူမျိုးရေးသွေးကွဲစေရန် မြှောက်ပင့်ပေးသည်ဟု စွပ်စွဲပြောဆိုတတ်သောကြောင့် ဖြစ်သည်။ ရာမညတိုင်းလုံးဆိုင်ရာမွန်အဖွဲ့ချုပ်၏ ဖွဲ့စည်းအုပ်ချုပ်ပုံဥပဒေ ပုဒ်မ ၁၇ တွင်၊ “ဤရာမညအသင်းအမည်ဖြင့် မည်သူမျှနိုင်ငံရေးမလုပ်ရ” ဟု အတိအလင်း ပြဌာန်းထားခဲ့သည်။
ရာမညတိုင်းလုံးဆိုင်ရာမွန်အဖွဲ့ချုပ်၏ မွန်လူမျိုးဟူသော အဓိပ္ပါယ်ဖွင့်ဆိုရှင်းလင်းချက်တွင် မွန်လူမျိုးဆိုသည်မှာ မွန်လူမျိုး ဇာတိသွေးဖြစ်သည့် အမိမှဖြစ်စေ အဘမှဖြစ်စေ မွန်တို့၏မျိုးရိုးဗီဇပါရှိလာပြီး မွန်စကားမပြောတတ်သော်လည်း မွန်လူမျိုးတို့၏အကျိုး သယ်ပိုးဆောင်ရွက်သူကို ဆိုလိုသည်။
ရည်ရွယ်ချက်။ ။ မွန်လူမျိုး၊ မွန်စကား၊ မွန်စာပေ၊ မွန်ယဉ်ကျေးမှု၊ မွန်ဘာသာ၊ သာသနာတို့ကို မတိမ်ကော၊ မပပျောက်စေဘဲ တိုးတက်ကြီးပွားရေးအတွက် ဆောင်ရွက်ရန် အဓိကဖြစ်သည်။
ရာမညတိုင်းလုံးဆိုင်ရာမွန်အဖွဲ့ချုပ်သည် စကား၊ စာပေ ပျောက်လျှင် လူမျိုးပျောက်မည်။ ဥပမာအားဖြင့် မြန်မာနိုင်ငံတွင် ရှေးက ပျူလူမျိုးရှိခဲ့သော်လည်း ပျူစာပေ၊ စကား ပျောက်သွားခဲ့သလို ပျူလူမျိုးသည်လည်း ပျောက်သွားခဲ့သည်။ ထို့ကြောင့် ဒို့ဗမာအစည်းအရုံးကို အတုယူကာ မွန်အဖွဲ့ချုပ်၏ ကြွေးကြော်သံကိုလည်း…………..
မွန်လူမျိုးသည် – ဒို့လူမျိုး
မွန်စာသည် – ဒို့စာ
မွန်စကားသည် – ဒို့စကား
ဒို့လူမျိုးကိုချစ်ပါ၊ ဒို့စာကိုလေးစားပါ၊ ဒို့စကားကိုပြောကြပါ၊ မွန်အမျိုးသားမှန်းသိအောင် မိမိနာမည်ရှေ့တွင် “မွန်”ဟူ၍ တပ်ဆိုခေါ်ကြရန် လှုံ့ဆော်ခဲ့သည်။
မွန်လူမျိုးနာမည်ရှေ့တွင် မွန်ထည့်ရခြင်းအကြောင်းအရင်းမှာ ပဒေသရာဇ်ခေတ်တွင် စစ်ရှုံးခဲ့ပြီး ခေါင်းဆောင်မဲ့သောဘဝ ရောက်ရှိနေသော မွန်လူမျိုးတို့သည် မိမိတို့၏မူလမျိုးရိုးဇာတိကိုပင် မဖော်ပြမဖော်ပြောရဲလောက်အောင် ဖြစ်နေကြသည်။ အစိုးရအမှုထမ်းမွန်တို့သည် မိမိကိုယ်ကို မွန်ဟုပြောလျှင် ရာထူးတိုးတက်ရေးအတွက်၄င်း တခြားလူမျိုးကိစ္စရပ်များတွင်၄င်း အနှိမ်ခံရမည်ကိုကြောက်၍ မွန်ဟု အမည်မခံလိုကြ မခံရဲကြဖြစ်နေသည်ကို နာမည်ခံရဲလာအောင် သွေးသစ်လောင်းပေးခြင်း ဖြစ်သည်။
၁၉၃၀ – ခုနှစ် သန်းခေါင်စာရင်းတွင် မွန်သည် မြန်မာနိုင်ငံတနိုင်ငံလုံးတွင် မွန် (၃၃၆,၇၂၈) ယောက်မျှသာ ပါရှိတော့သည်။ စင်စစ် ထိုလူဦးရေသည် များစွာလျော့နည်းလျှက် ရှိသည်။ သန်းခေါင်စာရင်းကောက်သူများသည် မွန်ကို မြန်မာဟုရေးသားခြင်း၊ တခါတရံ မွန် – မြန်မာအတူတူဖြစ်သည်ဟု ယူဆပြောဆိုခြင်၊ လူမျိုးဆိုသည့်နေရာတွင် မွန်လူမျိုကို ထည့်သွင်းရမှန်း မသိခြင်း၊ တချို့သိသော်လည်း မွန်လူမျိုးဟုပြောရန် ကြောက်ရွံ့နေခြင်းတို့ကြောင့် လျှော့နည်းနေသည်ဟု ယူဆစရာရှိသည်။
ထို့ကြောင့် ရာမညတိုင်းလုံးဆိုင်ရာမွန်အဖွဲ့ချုပ်က အထက်ပါကြွေးကြော်သံများကို အကောင်အထည်ဖေါ် လုပ်ဆောင်လာကြသည်။ မွန်စာပေပြန့်ပွားရေးအတွက် မွန်ဘူလက်တင် (Mon Bulletin) ကို၊ မွန် – မြန်မာနှစ်ဘာသာဖြင့် ၁၉၄၀ ခုနှစ်မှစတင်၍ လစဉ်မှန်မှန် ထုတ်ဝေဖြန့်ချီခဲ့သည်။