ပထစခေတ် မွန်ရေးရာဝန်ကြီးနှင့် မွန်ပြည်နယ်ဥပဒေကြမ်း
ဗညားအောင်
မွန်ပြည်နယ် ဖော်ထုတ်ရေးအတွက် လိုအပ်သောလုပ်ငန်းကိစ္စအဝဝတို့ကို ဆောင်ရွက်ရန်အတွက် ပထစအစိုးရ နိုင်ငံတော်ဝန်ကြီးချုပ် ဦးနုသည် အစိုးရအဖွဲ့တွင် မွန်ရေးရာဝန်ကြီးတစ်ပါး တိုးချဲ့ရန် ဆုံးဖြတ်ခဲ့သည်။
အစိုးရဖွဲ့စည်းပေးခဲ့သည့် ယခင်မွန်ပြည်နယ်ဖော်ထုတ်ရေး အကြံပေးအဖွဲ့၏ မဲပုံးထောင်၍ဆန္ဒခံယူပွဲ ကျင်းပစေသည့်စနစ်ကို ဝန်ကြီးချုပ်က ပစ်ပယ်လိုက်ပြီး လာမည့်သြဂုတ်လမှာ ကျင်းပမည့် ပါလီမန်အစည်းအဝေးတွင် မွန်ရေးရာဝန်ကြီးမှ မွန်ပြည်နယ်ဆိုင်ရာ ဥပဒေကြမ်းကို တင်သွင်းသွားရန် ဖြစ်သည်။
ထို့ကြောင့် မွန်အမျိုးသားတို့မှ ဝန်ကြီးတစ်ပါး ရွေးချယ်ပေးရန် မွန်ပြည်နယ်ဖော်ထုတ်ရေး အလုပ်ညီညွတ်ရေး ကော်မတီ (ဗဟို) အား ဝန်ကြီးချုပ်က တောင်းဆိုလိုက်သည်။
မွန်ရေးရာဝန်ကြီး ခန့်အပ်ရေးအတွက် မော်လမြိုင်မြို့ရှိ မွန်ပြည်သူ့တပ်ဦး ဗဟိုဌာနချုပ်၌ မွန်ပြည်နယ်ဖော်ထုတ်ရေး အလုပ်ညီညွတ်ရေးကော်မတီ (ဗဟို) ဗဟိုကော်မတီ အစည်းအဝေး ခေါ်ယူကျင်းပသည်။ မွန်တိုင်းရင်းသားအစည်းအရုံး ကိုယ်စားလှယ်များက မွန်ဘိုးချိုအား မွန်ရေးရာ ဝန်ကြီးနေရာ လက်ခံပေးရန် အတင်းအကြပ်တောင်းဆိုကြသည်။ သို့သော် မွန်ဘိုးချိုမှ လက်မခံခဲ့ပေ။ ရန်ကုန်တက္ကသိုလ်မှ အဂႅလိပ်စာနည်းပြဆရာ မွန်ဘိုးချိုသည် မွန်မိဘနှစ်ပါးမှ ပေါက်ဖွားလာ မွန်အမျိုးသားစစ်ဖြစ်သော်ငြား မွန်စကား၊ မွန်စာပေ တတ်မြောက်ခြင်းမရှိသဖြင့် မွန်ရေးရာဝန်ကြီး နေရာကို ငြင်းပယ်ခဲ့သည်။
နောက်ဆုံးတွင် ဗဟိုကော်မတီဝင် အများစု၏ဆန္ဒအရ နိုင်အောင်ထွန်းအား ရွေးချယ်လိုက်ပြီး ဝန်ကြီးချုပ်ထံ အသိပေး အကြောင်းကြားလိုက်သည်။ နိုင်အောင်ထွန်းအား သဘောတူကြောင်း ဦးနုက ချက်ချင်းပင် အကြောင်းပြန်ကြားခဲ့သည်။
နိုင်အောင်ထွန်းသည် ၁၉၆၁ ခုနှစ် ဧပြီလ (၂၇) ရက်နေ့တွင် မွန်ရေးရာဝန်ကြီးအဖြစ် ကျမ်းသစ္စာ ကျိမ်ဆို၏။ ဦးနု ပထစအစိုးရသည် ဗိုလ်ချုပ်ကြီးနေဝင်း၏ အိမ်စောင့်အစိုးရပုံစံကို နမူနာယူ၍ ဝန်ကြီးတစ်ဦးက ဝန်ကြီးဌာနတစ်ခုထက် ပို၍တာဝန်ယူစေခဲ့ရာ ဝန်ကြီး ၁၃ ဦးဖြင့်သာ အစိုးရအဖွဲ့ကို ဖွဲ့စည်းခဲ့သည်။ မွန်ရေးရာဝန်ကြီးအပြင် နိုင်အောင်ထွန်းသည် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၊ အမျိုးသားစည်းလုံး ညီညွတ်ရေးဌာနများကိုပါ ပူးတွဲတာဝန်ယူရသည်။ ဝန်ကြီးနိုင်အောင်ထွန်း၏ ကိုယ်ရေးအတွင်းဝန်မှာ အင်ဂျင်နီယာဘွဲ့ရ မွန်မျိုးချစ်ကျောင်းသား မင်းခင်မောင် (ဖဲကသာ) ဖြစ်ပြီး မွန်ရေးရာဝန်ကြီးဌာန၏ ပါလီမန်အတွင်းဝန်မှာ ပထစအမတ် ဗိုလ်ကျော်ဒင် ဖြစ်သည်။
မွန်ရေးရာဝန်ကြီးဌာနရုံးကို ရန်ကုန်မြို့ရှိ အတွင်းဝန်ရုံးဝင်းထဲ၌ ဖွင့်လှစ်ထားသည်။ မွန်ပြည်နယ်ဖေါ်ထုတ်ရေးကို အစိုးရအနေဖြင့် အမှန်တကယ် လုပ်ဆောင်လာနေသည်ကို မွန်လူထုတရပ်လုံးက နှစ်ထောင်းအားရ ရှိနေကြသည်။ မွန်တို့အိပ်မက် မက်ခဲ့ကြသော မွန်ပြည်နယ်၏ ရုပ်သဏ္ဍာန် အမှန်တကယ် အကောင်အထည်ပေါ် ထွက်လာတော့မည်ကို မွန်လူထုများက ဝမ်းမြောက်ဝမ်းသာ ကြိုဆိုနေကြသည်။
ဝန်ကြီး နိုင်အောင်ထွန်းသည် မွန်ပြည်နယ် ဥပဒေကြမ်းကို နောင်နှစ် သြဂုတ်လပါလီမန်တွင် အချိန်မှီ တင်သွင်းနိုင်ရန် မွန်ပြည်သူ့တပ်ဦး ဗဟိုကော်မတီများ၊ မွန်ပြည်နယ်ဖော်ထုတ်ရေး အလုပ်ညီညွတ်ရေး ကော်မတီ ဗဟိုကော်မတီများနှင့် မကြာခဏ တွေ့ဆုံဆွေးနွေး ညှိနှိုင်းခဲ့သည်။
ထိုသို့ ဆွေးနွေးညှိနှိုင်းကြပြီးနောက် မွန်ပြည်နယ်ဆိုင်ရာ ဥပဒေကြမ်း ရေးဆွဲရေးကော်မတီကို ဖွဲ့စည်းခဲ့သည်။ မွန်ပြည်နယ်ဥပဒေကြမ်းရေးဆွဲရာတွင် ပြည်နယ်၏အရွယ်အစား၊ အုပ်ချုပ်ရေးဌာနများ၏ ဖွဲ့စည်းတည်ဆောက်မှု၊ စီးပွားရေးကဏ္ဍများ၊ အစိုးရဌာနများတွင် လိုအပ်မည့် မွန်အမျိုးသားဝန်ထမ်းများ အရေအတွက်၊ အခြား တိုင်းနှင့်ပြည်နယ်ကို ရောက်ရှိနေကြသော မွန်အမျိုးသားအစိုးရဝန်ထမ်းများ မွန်ပြည်နယ်သို့ တာဝန်ပြန်လည်ထမ်းဆောင်နိုင်ရေး စသည့်အချက်အလက်များ ပါဝင်လာစေရန် ပြင်ဆင်ကြသည်။ အခြားသော အစိုးရဝန်ကြီးဌာနများ၏ အချက်အလက်များကို တောင်းခံယူရ၏။ အခြားအစိုးရဝန်ကြီးဌာနများအတွင်း မွန်အမျိုးသားဝန်ထမ်းအရေ အတွက်မည်မျှ ရှိနေကြသည်ကို ဆွေးနွေးမေးမြန်းကာ လိုအပ်သောစာရင်းဇယားများကို တောင်းဆိုခဲ့ရသည်။
ဝန်ကြီးနိုင်အောင်ထွန်းသည် မွန်ပြည်နယ်ဖော်ထုတ်ရေးနှင့် ပတ်သက်၍ အမြင်သဘောထားနှင့် အကြံပြုချက်များ ရယူနိုင်ရန် သထုံနှင့် ကျိုက္ခမီခရိုင်ရှိ လွှတ်တော်အမတ်အားလုံး အပါအဝင် မွန်ပြည်နယ်ဖော်ထုတ်ရေး အလုပ်ညီညွတ်ရေး ကော်မတီ၊ ပထစ ၊ ပမညတ ၊ ဖဆပလမှ ကိုယ်စားလှယ်များကို ဖိတ်ကြားခဲ့သည်။
မေလ ၂၈ ရက်နေ့တွင် မော်လမြိုင်မြို့ ဗိုလ်တဲ၌ တွေ့ဆုံဆွေးနွေးကြပြီး ဝန်ကြီးနိုင်အောင်ထွန်းက ပထမဦးဆုံးသော သတင်းစာရှင်းလင်းပွဲကို ကျင်းပသည်။ ထိုသတင်းစာရှင်းလင်းပွဲသို့ မွန်ပြည်နယ်ဖော်ထုတ်ရေး အလုပ်ညီညွတ်ရေးကော်မတီမှ နိုင်သိမ်းမောင်၊ ပမညတကိုယ်စားလှယ် ရဲဘော်ညိုလွင်၊ ပထစအမတ် ဦးစံအုန်း၊ ဒေါ်နှင်းလှ၊ ဗိုလ်ကျော်ဒင်၊ သထုံခရိုင်မှ တသီးပုဂ္ဂလအမတ် ဦးဘသွင်၊ ပအို့ကိုယ်စားလှယ်များနှင့် မွန်အမတ်အားလုံး တက်ရောက်ကြသည်။
ပမညတ ကိုယ်စားလှယ် ရဲဘော်ညိုလွင်က မွန်ပြည်နယ် ဖွဲ့စည်းရာတွင် သထုံခရိုင်၌ ပေါင်မြို့နယ်မှ လွဲ၍ မည်သည့်မြို့နယ်မှ မထည့်ရန် အဆိုတင်သွင်းသည်။ ဦးစံအုန်း၊ ဗိုလ်ကျော်ဒင်တို့က မော်လမြိုင်မြို့နယ်ကို ထည့်သွင်းရန် တင်ပြကြသည်။ ပထစဝန်ကြီး ဦးသွင်(ကျိုက်မရော)သည် မွန် ပြည်နယ်ဖွဲ့စည်းရေးကို တိုက်ရိုက်မကန့်ကွက်သော်လည်း မွန်ပြည်နယ် သတ်မှတ်သည့်အခါ “မော်လမြိုင်မြို့နယ်” ကို ထည့်သွင်းခြင်းမပြုဘဲ ချန်လှပ်ထားရန် ကြိုးစားခဲ့၏၊ မော်လမြိုင်မြို့ကို မွန်ပြည်နယ်ထဲ မထည့်သွင်းရေး ဆန္ဒပြပွဲများကိုလည်း အလျှဉ်းသင့်သလို ပြုလုပ်လာခဲ့သည်။
၁၉၆၂ ခုနှစ် ဖေဖေါ်ဝါရီလ (၂၂) ရက်နေ့တွင် မော်လမြိုင်မြို့လယ်ရှိ မြူနီ စပယ်ဥယျာဥ်၌ မွန်ပြည်နယ် ထောက်ခံပွဲနှင့် မော်လမြိုင်ကို မွန်ပြည်နယ်ထဲ ထည့်ပေးရေး ဆန္ဒပြပွဲကိုကျင်းပရာ မွန်သံဃာတော်များ၊ မော်လမြိုင် မြို့နယ်ရှိ မွန်ပြည်နယ်ဖော်ထုတ်ရေး အလုပ်ညီညွတ်ရေး ကော်မတီဝင် များ၊ ပထစအမတ် ဒေါ်နှင်းလှ၊ ပမညတ၊ ပြည်သူ့ရဲဘော်တို့ပါဝင်သော အဖွဲ့ပေါင်းစုံတို့အပြင် ကရင်၊ ပအိုဝ်းတိုင်းရင်းသား များ၊ မော်လမြိုင်မြို့ခံ တရုတ်နွယ်ဖွားနှင့် အိန္ဒိယနွယ်ဖွားများ အပါအဝင် လူဦးရေ သောင်းကျော် ရှိပြီး ဥယျာဥ်ပြင် တစ်ခုလုံးအပြည့် တက်ရောက်ခဲ့ကြသည်။
ထိုထောက်ခံပွဲသို့ ပထစအမတ် ဒေါ်နှင်းလှက သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပြီး ပြည်သူ့ရဲဘော်အဖွဲ့မှ ရဲဘော်အောင်ထူးက အခမ်းအနားမှုးအဖြစ် ဆောင်ရွက်သည်။ မွန်ပြည်နယ်ဖေါ်ထုတ်ရေးနှင့် ပတ်သက်၍ ဝန်ကြီး နိုင်အောင်ထွန်းမှ မိန့်ခွန်းမိန့်ကြားခဲ့ပြီး သထုံခရိုင်နှင့် မော်လမြိုင်မြို့နယ်အပါဝင် လက်ရှိကျိုက်ခမီခရိုင်တို့ကို မွန်ပြည်နယ်အဖြစ်သတ်မှတ်ပေးရေးအဆိုကိုတင်သွင်း၍ ကန့်ကွက်သူမရှိ အတည်ပြုကြောင်း ဆုံးဖြတ်ကြသည်။
ကျေးသီးစော်ဘွား ဦးစဝ်ရွှေမှုံနှင့် ရခိုင်အမျိုးသား ဦးမောင်ဦးကျော်တို့သည် ပြည်နယ်များညီညွတ်ရေးအဖွဲ့ ကိုယ်စားလှယ်အဖြစ် မွန်ပြည်နယ်ဖော်ထုတ်ရေးဆန္ဒပြပွဲသို့ တက်ရောက်ကြပြီး မွန်လူထုဆန္ဒအရ တောင်းခံထားသည့်အတိုင်း မွန်ပြည်နယ်ကို ဖွဲ့စည်းပေးရန် မိန့်ခွန်းများ အသီးသီး ပြောကြားခဲ့ကြသည်။
သထုံခရိုင်နှင့် မော်လမြိုင်ခရိုင်ကို မွန်ပြည်နယ်အဖြစ် ဖွဲ့စည်းရန်အများစုက သဘောတူညီကြ၍ မွန်ပြည်နယ် ဥပဒေကြမ်းကို ရေးဆွဲခဲ့ပြီး သြဂုတ်လ၌ ပြုလုပ်မည့် ပါလီမန်အစည်းအဝေးတွင် အချိန်မီတင်သွင်းသွားရန် ဝန်ကြီးနိုင်အောင်ထွန်းက အပြီးသတ်ပြင်ဆင်ခဲ့လေ၏။
မွန်ပြည်နယ်ဖော်ထုတ်ရေးကို ထိုသို့အားသွန်ခွန်စိုက် ဆောင်ရွက်နေစဥ် ၁၉၆၂ ခုနှစ် မတ်လ (၂) ရက်နေ့တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးနေဝင်းက အာဏာသိမ်းလိုက်သည်။ ထိုအချိန်မှစ၍ ပထစခေတ် မွန်ပြည်နယ်ဖော်ထုတ်ရေးလုပ်ငန်းသည်လည်း အဆုံးသတ်သွားလေ၏။
အာဏာသိမ်းစဥ်က အစိုးရဝန်ကြီးအားလုံးကို ဖမ်းဆီးခဲ့ရာတွင် မွန်ရေးရာဝန်ကြီး နိုင်အောင်ထွန်းလည်း ထောင်ကျခံလိုက်ရသည်။ ထောင် ၆ နှစ်ကျပြီး လွတ်မြောက်လာသော်လည်း
ရန်ကုန်မြို့ပေါ်မှာသာ ဆက်လက်နေထိုင်သွားရန် ဗိုလ်ချုပ်ကြီးနေဝင်းက နိုင်အောင်ထွန်းကို အကျယ်ချုပ် ချထားလိုက်ပြန်သည်။ အကျယ်ချုပ်ဘဝနှင့်ပင် နိုင်အောင်ထွန်း အသက် (၅၇) နှစ်သည် ၁၉၇၀ ခုနှစ် ဧပြီလ (၂၉) ရက်တွင် မော်လမြိုင်မြို့၌ ကွယ်လွန်ခဲ့သည်။
ကိုးကားချက်များ
-မွန်အမျိုးသားတို့၏ နောက်ခံသမိုင်း (နိုင်ထွန်းသိန်း)
-တိုင်းရင်းသားလူမျိုးများအကြောင်း သမိုင်းကောက်နုတ်ချက်၊ ဆောင်းပါး၊ စာတန်းပေါင်းချုပ် (မွန်ပြည်နယ်လွှတ်တော်၊ တိုင်းရင်းသားရေးရာကော်မတီ)
-တွေ့ဆုံမေးမြန်းချက်များ။