မွန်ပြည်နယ်ဖွဲ့စည်းရေးနှင့် ဦးနုအစိုးရ(ပထစ)၏ မူဝါဒ
ဗညားအောင်
လက်နက်ချလျှင် မွန်ပြည်နယ်ပေးမည်ဆိုခဲ့သည့် ဝန်ကြီးချုပ် ဦးနု၏ ဂတိ စကားဖြင့် ဥက္ကဌ နိုင်အောင်ထွန်း ခေါင်းဆောင်သော မွန်ပြည်သူ့တပ်ဦး တပ်ဖွဲ့ဝင်အင်အား (၁၁၁၁) ဦးတို့သည် ၁၉၅၈ ခု ဇူလိုင်လတွင် အာဏာရ သန့်ရှင်း ဖဆပလ အစိုးရထံ အကြွင်းမဲ့လက်နက်စွန့်ကာ မော်လမြိုင်မြို့၌ လက်နက်နှင့် ငြိမ်းချမ်းရေး လဲလှယ်ခဲ့ကြသည်။
သို့ရာတွင် ကိုယ်ပိုင်ပြဌာန်းခွင့်ရှိသော မွန်ပြည်နယ်ရရှိရေးအတွက် မဟာဗျူဟာပြောင်းလဲခြင်းမရှိဘဲ ပါလီမန်အတွင်း ဒီမိုကရေစီနည်းအရ ဆက်လက်တိုက်ပွဲဝင်သွားရန် နည်းဗျူဟာပြောင်းလဲလိုက်ခြင်းသာဖြစ်သည်ဟု မွန်ပြည်သူ့တပ်ဦး ခေါင်းဆောင်များက ပြောဆိုလေ့ရှိသည်။
ယင်းနောက် အောက်တိုဘာလ ၂၈ ရက်တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေး၌ ဝန်ကြီးချုပ်ဦးနုအပါအဝင် အစိုးရအဖွဲ့တစ်ခုလုံး ရာထူးမှ နှုတ်ထွက်ခဲ့ကြပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး နေဝင်းကို အိမ်စောင့်အစိုးရ ဝန်ကြီးချုပ်အဖြစ် တင်မြှောက်လိုက်ရာ မွန်ပြည်နယ်ပေးမည်ဆိုသည့် ဦးနုစကားမှာလည်း အလိုအလို သဲထဲရေသွန် ဖြစ်သွားခဲ့ရသည်ကို “မွန်ပြည်သူ့တပ်ဦး အလိမ်ခံလိုက်ရပြီ”ဟု နောင် လာနောက်သားများအတွက် မှတ်သားလောက်စရာ စကားရပ်အဖြစ် မွန်တို့၏ သမိုင်းစာမျက်နှာများတွင် ကမ္ဗည်းတွင်ရစ်သွားလေတော့သည်။
အိမ်စောင့်အစိုးရက ၁၉၆၀ ရွေးကောက်ပွဲကျင်းပပေးသောအခါ သန့်ရှင်း ဖဆပလ အာဏာပြန်ရသဖြင့် ဦးနု ဝန်ကြီးချုပ် ပြန်ဖြစ်လာသည်။ ထိုကာလမှစတင်၍ သန့်ရှင်းဖဆဖလအဖွဲ့အစား ပြည်ထောင်စုအဖွဲ့-ပထစအဖွဲ့ဟု ခေါ်တွင်လာကြသည်။
၁၉၆၀ ပြည့်နှစ် မတ်လ ၁၉ ရက်တွင် သန့်ရှင်းမွန်အမျိုးသားအဖွဲ့ချုပ်မှ သတင်းစာရှင်းလင်းပွဲ ပြုလုပ်၍ မွန်ပြည်နယ်ရရှိရေးကို တောင်းဆိုခဲ့သည်။ သန့်ရှင်းမွန်အမျိုးသားအဖွဲ့ချုပ် ဥက္ကဌ ဦးဖေသန်း၊ အတွင်းရေးမှူး ဦးငွေစိုးတို့က သတင်းစာဆရာများအား ပြောကြားရာတွင် ရွေးကောက်ပွဲ မတိုင်မီက မော်လမြိုင်မြို့၌ ကျင်းပသော မွန်ရေးရာညီလာခံတွင် သန့်ရှင်း ဖဆပလ ဥက္ကဌကြီး ဦးနုက မွန်ပြည်နယ်ကို အများစုက လိုလားပါက ဆောင်ရွက်ပေးမည်ဟု ကတိပေးခဲ့ရာ ထိုကတိအရ ဦးနုခေါင်းဆောင် သော သန့်ရှင်းအစိုးရက မွန်ပြည်နယ်ပြဿနာကို ဆောင်ရွက်ပေးလိမ့်မည်ဟု ယုံကြည်မျှော်လင့်ကြောင်း၊ ယခုကဲ့သို့ မွန်ပြည်နယ်တောင်းဆိုရခြင်းမှာ မွန်ယဥ်ကျေးမှုနှင့်စာပေများ ပျောက်ကွယ်သွားမည်ကို စိုးရိမ်၍ တောင်းဆိုရခြင်းဖြစ်ကြောင်း သန့်ရှင်းမွန်အမျိုးသားအဖွဲ့ချုပ်မှ ရှင်းလင်း ပြောကြားသည်။
ပထမဦးစွာ မွန်ရေးရာကောင်စီကို ဖွဲ့စည်းပေးရန်နှင့် မွန်ပြည်နယ်ကိစ္စတွင် မိမိတို့ သန့်ရှင်းမွန်အမျိုးသားအဖွဲ့ချုပ်ကို ဦးစားပေးတိုင်ပင်ရန်၊ မွန်အမျိုးသားများ အကွဲကွဲအပြားပြားရှိနေသည်မှာ မှန်သော်လည်း မွန်လူထုအနေဖြင့် မွန်ပြည်နယ်ရရှိရေးသဘောထားမှာ တစ်ခုတည်း ဖြစ်ကြောင်း သတင်းထောက်များကို ပြောကြားသည်။
ဝန်ကြီးချုပ်ဦးနုသည် မွန်ပြည်နယ်နှင့် ရခိုင် ပြည်နယ် အကောင် အထည်ဖော်ရေးနှင့်ပတ်သက်၍ နိုင်ငံတော်အစိုးရအားအကြံပေးရန် နိုင်ငံတော်သမ္မတဟောင်း ဦးဘဦးခေါင်းဆောင်သော နိုင်ငံတော်အစိုးရအတိုင်ပင်ခံ အကြံပေးငါးဦးအဖွဲ့အား ၁၉၆၀ ပြည့်နှစ် ဧပြီ ၂၉ ရက်နေ့တွင် တာဝန်ပေးအပ်ခဲ့သည်။
မွန်ပြည်နယ်အကောင်အထည်ဖော်ရေးနှင့် ပတ်သက်၍ အစိုးရအတိုင်ပင်ခံ အကြံပေးအဖွဲ့သည် မေလ ၁၄ ရက်မှစ၍ ခေါင်းဆောင်များကိုခေါ်ယူတွေ့ဆုံပြီး ၄င်းတို့၏သဘောထားကို စုံစမ်းမေးမြန်းခဲ့သည်။ မွန်ဖိုးချိုအား အတိုင်ပင်ခံအကြံပေးအဖွဲ့က စုံစမ်းမေးမြန်းရာတွင် မွန်ဖိုးချိုက ဒီမိုကရေစီအခွင့်အရေး ဆုံးရှုံးမှုများတွင် အနစ်နာဆုံးသော ဆုံးရှုံးမှုသည် လူမျိုးတိမ်ကော ပပျောက်မှုပင်ဖြစ်ကြောင်း၊ မွန်လူမျိုးများသည် ပုသိမ် ၃၂ မြို့၊ ဟံသာဝတီ ၃၂ မြို့၊ မုတ္တမ ၃၂ မြို့ဟူ၍ ရှိခဲ့ရာမှ ယခုအခါ စကားရော စာပါ တိမ်ကောပပျောက်နေပြီဖြစ်ကြောင်း၊ မုတ္တမဘက်၌သာ မွန်စာ မွန်စကား ကျန်ရှိတော့ရာ ယခုအတိုင်း ဆက်လက်ထားရှိမည်ဆိုလျှင် ပျူလူမျိုးပပျောက်သကဲ့သို့ မွန်လူမျိုးပါ ပပျောက်နိုင်ကြောင်း မွန်ဖိုးချိုက တင်ပြသည်။
မော်လမြိုင်မြို့ရှိ မွန်အဖွဲ့ပေါင်းစုံဖြစ်သော မွန်ပြည်သူ့တပ်ဦး၊ မွန်တိုင်းရင်းသားအစည်းအရုံး၊ သန့်ရှင်းဖဆပလမွန်အဖွဲ့ချုပ်၊ တည်မြဲဖဆပလ မွန်အဖွဲ့၊ ရာမညတိုင်းလုံးဆိုင်ရာ မွန်အဖွဲ့တို့က နိုင်ငံတော်အတိုင်ပင်ခံ အကြံပေးအဖွဲ့ စုံစမ်းရေးကော်မရှင်အား မိမိတို့သဘောထားကို အချိန်မီထုတ်ပြန်နိုင်ရန် ဇူလိုင်လ ၁၆ ရက်နေ့တွင် မွန်ပြည်သူ့တပ်ဦးဌာနချုပ်ရုံး၌ တွေ့ဆုံညှိနှိုင်းပွဲတရပ် ကျင်းပသည်။
မွန်ပြည်နယ်ပြဿနာစုံစမ်းရေးအတွက် အကြံပေးအဖွဲ့ဝင်များ ဖြစ်ကြသော ဦးတင်၊ ဦးချစ်သောင်းနှင့် ဦးအုန်းဖေတို့ ခေါင်းဆောင်သည့် အဖွဲ့သည် ဇူလိုင်လ ၂၀ ရက်နေ့တွင် မော်လမြိုင်မြို့သို့ ရောက်ရှိလာသည်။ အကြံပေးအဖွဲ့သည် မွန်ပါတီအသီးသီးမှ ခေါင်းဆောင်များ၊ ပထစ ခေါင်းဆောင်များကို တစ်ဦးချင်းခေါ်ယူတွေ့ဆုံ မေးမြန်းခဲ့သည်။
အကြံပေးအဖွဲ့က နိုင်အောင်ထွန်းအား မေးမြန်းရာတွင် မွန်ပြည်နယ်ကို ဆန္ဒမဲဖြင့်မပြုလုပ်သင့်ကြောင်း၊ မွန်လူထုသည် ၁၀ နှစ် ၁၀ မိုး ပြည်နယ်လိုလားကြောင်း ဆန္ဒပြခဲ့ဘူးပြီဖြစ်ကြောင်း၊ ကရင်ပြည်နယ်ထဲ တွင်ပါဝင်နေသော မွန်ကျေးရွာ ၅၈ ရွာကိုလည်း မွန်ပြည်နယ်သတ်မှတ်ရာတွင် ပြန်လည်ထည့်သွင်းပေးသင့်ကြောင်း၊ ကရင်ပြည်နယ်သတ်မှတ်စဥ်က မိမိတို့ မကန့်ကွက်ခြင်းမှာ တောတွင်းလက်နက်ကိုင်ဘဝနှင့် ရောက်နေရခြင်းဖြစ်ကြောင်း၊ မိမိတို့လက်နက်စွန့်ခဲ့သည်မှာလည်း မွန်ပြည်နယ်ပေးမည် ဟူသော ဝန်ကြီးချုပ်ဦးနု၏ ဂတိကိုယုံကြည်၍ ဖြစ်ကြောင်း စသည်ဖြင့် နိုင်အောင်ထွန်းက တင်ပြသည်။
မော်လမြိုင်မှ မွန်အဖွဲ့အစည်းပေါင်းစုံ မွန်ခေါင်းဆောင်တို့သည် ပြည်နယ်တောင်းဆိုရာ၌ ကရင်ပြည်နယ်တွင် ပါဝင်နေသော မွန်ကျေးရွာ ၅၈ ရွာကို မွန်ပြည်နယ်သတ်မှတ်ပေးရာတွင် ထည့်သွင်းပေးရန်ဟူသော အချက်တစ်ချက်လည်း ပါဝင်ခဲ့သည်။ နိုင်ငံတော်အကြံပေးအဖွဲ့ဝင်များ ပြည်နယ်စုံစမ်းရေးအတွက် လာရောက်စဥ်ကလည်း ထိုမွန်ကျေးရွာ ၅၈ ရွာကို မွန်ပြည်နယ်သတ်မှတ်ပေးရာတွင် ထည့်သွင်းပေးရန်တင်ပြကြသည်။
ဤကဲ့သို့ ကရင်ပြည်နယ်အတွင်း ဝင်ရောက်နေသော မွန်ကျေးရွာများကို မွန်ပြည်နယ်သတ်မှတ်ရာတွင်ထည့်သွင်းပေးရန် မွန်တို့က တောင်းဆိုခြင်းမှာ ကရင်ပြည်နယ်အစိုးရက ၄င်းမွန်ကျေးရွာ ၅၈ ရွာကို မွန်ပြည်နယ်အတွင်းသို့ ပါဝင်လိုက ပါဝင်ခွင့်ပြုမည်ဟူသော ကတိကိုရရှိထားသောခြင်းကြောင့် ဖြစ်သည်ဟု ဆိုသည်။ မွန်ကျေးရွာ ၅၈ ရွာရှိ မွန်လူထုကလည်း မွန်ပြည်နယ်တွင်သာပါဝင်လိုသည့်ဆန္ဒရှိသည်ဟု သိရသည်။
မွန်ပြည်နယ်အကောင်အထည်ဖော်ရာ၌ လူထုဆန္ဒမယူသင့်ကြောင်း ဟိတဂဝေသီ မွန်သံဃာအဖွဲ့ချုပ်မှ ဥက္ကဌ ဦးဣန္ဒသာရနှင့် အတွင်းရေးမှူး ဥူးပါလိတတို့က သြဂုတ်လ ၁၅ ရက်နေ့တွင် သတင်းစာရှင်းလင်းပွဲပြုလုပ်၍ ကျေညာချက်ထုတ်ပြန်သည်။ သတင်းထောက်များကို ပြောကြားရာတွင် မွန်ပြည်နယ်အကောင်အထည်ဖော်ရေးအတွက် နိုင်ငံတော်အစိုးရနှင့် အကြံပေးအဖွဲ့တို့က လူထုဆန္ဒကိုခံယူမည်ဆိုပါက လူမျိုးရေးပြဿနာများ ပဋိပက္ခများပေါ်ပေါက်လာပြီး ငြိမ်ဝပ်ပိပြားရေးကိုထိခိုက်နိုင်ကြောင်း၊ အခြားပြည်နယ်များ ပေးခဲ့စဥ်က လူထုဆန္ဒကိုတစ်ကြိမ်မျှ မခံယူခဲ့ဘူးကြောင်း၊ ယခုမှလူထုဆန္ဒကိုခံယူမည်ဆိုပါက အစဥ်အလာကိုဆန့်ကျင်ရာ ရောက်မည်ဖြစ်ကြောင်း၊ လာမည့်သြဂုတ်လ ပါလီမန်တွင် မွန်ပြည်နယ် ဥပဒေကြမ်းတရပ်ကို တင်သွင်းသတ်မှတ်ပေးရန် တောင်းဆိုကြောင်းတို့ကို ထည့်သွင်းပြောကြားခဲ့သည်။
( ၁၉၆၀ ) ခုနှစ် ၊ သြဂုတ်လ ( ၂၂ ) ရက်နေ့ တတိယအကြိမ်မြောက် ဒုတိယအကြိမ် ပါလီမန်အစည်းအဝေးတွင် နိုင်ငံတော်ဝန်ကြီးချုပ်ဦးနုက မွန်ပြည်နယ် ၊ ရခိုင်ပြည်နယ် ကိစ္စကို အောက်ပါအတိုင်း ထပ်လောင်း တင်ပြခဲ့သည်။ (မူရင်းစကားပြောဆိုဟန်အတိုင်း ဖော်ပြလိုသည်)
ဝန်ကြီးချုပ် ဦးနုက “မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ်ကိစ္စနဲ့ပတ်သက်ပြီး အထင်လွဲမှုတွေ မရှိရအောင် အစိုးရသဘောထားကို အောက်ပါအတိုင်း တင်ပြပါရစေ။
( ၁ ) သက်ဆိုင်ရာဒေသရှိ လူထုကပြည်နယ်လိုချင်တယ်ဆိုရင် မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ်ကို ပေးပါမည်။
(၂) သက်ဆိုင်ရာဒေသ၏လူ ထုရဲ့ဆန္ဒကို အကောင်းဆုံးဘယ်နည်းနဲ့ ယူရမယ်ဆိုတာ သက်ဆိုင်ရာ ပုဂ္ဂိုလ်များနှင့်တိုင်ပင်ပြီး အစိုးရ အတိုင်ပင် ခံအဖွဲ့က အစိုးရကို အကြံပေးရမည်။ အတိုင်ပင်ခံအဖွဲ့ပေးတဲ့ အကြံရလျှင် သက်ဆိုင်ရာဒေသရှိ လူထုရဲ့ဆန္ဒကို အစိုးရယူပေးမည်။ ဒီနေရာမှာ ထပ်ပြီးရှင်းပြပါရစေ၊ အစိုးရအတိုင်ပင်ခံအဖွဲ့က မွန်နှင့် ရခိုင်ပြည်နယ် ပေးသင့်၊ မပေးသင့်ကိစ္စအတွက် အစိုးရကို အကြံပေးရန်မဟုတ်။ သက်ဆိုင်ရာဒေသရှိ လူထုရဲ့ဆန္ဒကို အကောင်းဆုံးဘယ်နည်းနဲ့ ယူရမယ်ဆိုတာကို အကြံပေးရန်သာ ဖြစ်သည် ။ ဒီအကြံကို စောနိုင်သမျှစောပေးရန် အစိုးရက တိုက်တွန်းပေးမယ်။
( ၃ ) မွန်နှင့်ရခိုင်ပြည်နယ် ကိစ္စနဲ့ပတ်သက်ပြီး အတိုင်ပင်ခံအဖွဲ့နဲ့ သွားရောက်ဆွေးနွေးကြတဲ့ ပြည်ထောင်စုအဖွဲ့ ( ပထစ ) ဝင်မဟုတ်တဲ့ ပုဂ္ဂိုလ်တွေဟာ သက်ဆိုင်ဒေသရှိ လူထုဆန္ဒကို အကောင်းဆုံး ဘယ်နည်းနဲ့ယူနိုင်မလည်း ဆိုတာကိုလည်း ပြောနိုင်တယ် ။ မွန်နဲ့ရခိုင်ပြည်နယ် ပေးသင့်၊ မပေးသင့် ဆိုတာကိုလည်း လွတ်လွတ်လပ်လပ် ပြောဆိုနိုင်တယ်။
( ၄ ) သို့ရာတွင် ပြည်ထောင်စုအဖွဲ့ ( ပထစ ) ဝင်ဖြစ်ကြတဲ့ သက်ဆိုင် ဒေသရှိ အမျိုးသားများမူကား အတိုင်ပင်ခံအဖွဲ့နှင့် ဆွေးနွေးသောအခါ သက်ဆိုင်ရာဒေသရှိလူထုဆန္ဒကို အကောင်းဆုံးဘယ်နည်းနဲ့ ယူသင့်တယ် အချက်ကိုသာ ဆွေးနွေးပြီး မွန်နဲ့ရခိုင်ပြည်နယ် ပေးသင့်၊ မပေးသင့် ဆိုတဲ့ကိစ္စကို အတိုင်ပင်ခံအဖွဲ့နဲ့ မဆွေးနွေးအောင် တားမြစ်ပေးရမည်။
( ၅ ) ပြည်ထောင်စုအဖွဲ့ဝင်များဖြစ်ကြတဲ့ သက်ဆိုင်ရာဒေသရှိ အမျိုးသားတွေဟာ မွန်နဲ့ရခိုင်ပြည်နယ် ပေးသင့်၊ မပေးသင့်ကိစ္စကို သက်ဆိုင်ရာဒေသရှိလူထုနှင့် လွတ်လွတ်လပ်လပ် ဆွေးနွေးနိုင်တယ်။ လွတ်လွတ်လပ်လပ် ဟောပြောနိုင်တယ် ။
( ၆ ) အကယ်၍သက်ဆိုင်ရာဒေသရှိ လူထုက ပြည်နယ်လိုချင်တယ်လို့ ဆုံးဖြတ်တဲ့အတွက် မွန်နဲ့ရခိုင် ပြည်နယ်ပေးရန်ကိစ္စ လွှတ်တော်ထဲ ဆွေးနွေးရင် ပြည်ထောင်စုအဖွဲ့ဝင်များဖြစ်ကြတဲ့ သက်ဆိုင်ရာ ဒေသက အမတ်တွေဟာ မိမိကြိုက်သလို လွတ်လွတ်လပ်လပ်ဆွေးနွေးနိုင်တယ်။ မဲပေးရန်ကိစ္စ ပေါ်လာလျှင်လည်း မိမိတို့ရဲ့မဲကို လွတ်လွတ်လပ်လပ် မဲပေးနိုင်တယ်။
(၇) အကယ်၍သက်ဆိုင်ရာဒေသရှိ လူထုကပြည်နယ်လိုချင်တယ်လို့ ဆုံးဖြတ်တဲ့အတွက် မွန်နဲ့ရခိုင် ပြည်နယ်ပေးရန်ကိစ္စ လွှတ်တော်ထဲမှာပေါ်လာရင် ပြည်ထောင်စုအဖွဲ့ရဲ့ သက်ဆိုင်ရာဒေသမှ အမတ်တွေကလွဲပြီး အခြားအမတ်တွေအားလုံးဟာ မွန်နဲ့ရခိုင်ပြည်နယ် ပေးရေးကိစ္စကို ထောက်ခံကြရမည်” ဟု ဆိုခဲ့သည်။
နိုင်ငံတော်အစိုးရအကြံပေးအဖွဲ့သည် မေလ ၁၄ ရက်နေ့မှစ၍ ရန်ကုန်မြို့တွင် နေထိုင်လျက်ရှိကြသည့် မွန်ခေါင်းဆောင်များ၊ သက်ဆိုင်ရာအသင်းအဖွဲ့များမှ ကိုယ်စားလှယ်များနှင့်တွေ့ဆုံမေးမြန်းခြင်း၊ မော်လမြိုင်မြို့သို့ နှစ်ကြိမ်တိုင်သွားရောက်၍ ကျိုက်ခမီခရိုင်နှင့် သထုံခရိုင်တို့မှ မွန်ခေါင်းဆောင်များ၊ ကျောင်းသားများနှင့် တွေ့ဆုံမေးမြန်းခြင်းတို့ကို ပြုလုပ်ပြီးနောက် ၁၉၆၁ ခုနှစ် ဇန်နဝါရီလ ၃ ရက်နေ့တွင် အဖွဲ့၏အစီရင်ခံ စာကို နိုင်ငံတော်ဝန်ကြီးချုပ်ထံ တင်သွင်းခဲ့သည်။
အကြံပေးအဖွဲ့အစီရင်ခံစာတွင် မွန်စကားပြောတတ်သော မွန်လူမျိုးစစ်စစ်တို့နှင့် မိမိတို့ကိုယ်ကို မိမိတို့မွန်သွေးပါသည်ဟု ယုံကြည်သောလူတစ် စုတို့သည် မွန်ပြည်နယ်ဖွဲ့စည်းတည်ထောင်ရန် လိုလားချက်ရှိသည်မှာ ယုံမှားသံသယရှိရန် မလိုကြောင်း၊ ပြည်နယ်လိုလားသူတို့ ပြည်နယ်လို လားရသည့် အကြောင်းရင်းမှာ မွန်စာပေနှင့် ယဥ်ကျေးမှုကို ထိန်းသိမ်း စောင့်ရှောက်လိုသောကြောင့် ဖြစ်သည်ဟု ယုံကြည်မှုရှိနေသည်ကို တွေ့ ရှိရကြောင်း၊ ၄င်းယုံကြည်မှုမှာလည်း သဘာဝကျသည်ဟု အကြံပေးအဖွဲ့ က ယူဆပါကြောင်း တင်ပြထားသည်။
အကြံပေးအဖွဲ့အစီရင်ခံစာတွင်ပင် မွန်ပြည်နယ်ကို မည်သို့ဖန်တီးပေးရမည်၊ ပြည်နယ်တွင်မည်သည့်ဒေသများ ပါဝင်သင့်သည်ဆိုသော ပြဿနာ ရှိခဲ့ကြောင်း၊ မွန်ခေါင်းဆောင်တို့က အစောပိုင်းတွင် ပဲခူးခရိုင်၊ သထုံခရိုင် နှင့် ကျိုက်ခမီခရိုင်တို့ကို ပေါင်းစပ်ပြီး မွန်ပြည်နယ်တည်ထောင်ပေးရန် အကြံပေးခဲ့ကြောင်း၊ သို့ရာတွင် နောက်ပိုင်း၌ ပဲခူးခရိုင်တွင် မွန်လူမျိုးစစ်စစ်နည်းပါးခြင်းကြောင့် ပဲခူးခရိုင်ကို ချန်လှပ်၍ သထုံခရိုင်နှင့် ကျိုက်ခမီ ခရိုင် နှစ်ခရိုင်ကို ပူးပေါင်းပြီးလျင် မွန်ပြည်နယ်ဖွဲ့စည်းပေးရန် တောင်းဆိုခဲ့ ကြောင်း ဖော်ပြထားသည်။
ကိုးကားချက်များ
-တိုင်းရင်းသားမွန်လူမျိုးများအကြောင်း သမိုင်းကောက်နုတ်ချက်၊ ဆောင်းပါး၊ စာတန်းပေါင်းချုပ်-မွန်ပြည်နယ်လွှတ်တော်၊ တိုင်းရင်းသားရေးရာကော်မတီ။
-မွန်အမျိုးသားတို့၏ နောက်ခံသမိုင်း(နိုင်ထွန်းသိန်း )
-နိုင်ငံတော်အကြံပေးအဖွဲ့၏ အစီရင်ခံစာ- (၁၉၆၁)