ယမန့်နေ့ မတ်လ (၈) ရက် ညပိုင်းက စစ်ကောင်စီတပ်ဘက်မှ လေယာဉ်ဖြင့် ဗုံးကြဲခြင်းနှင့် လက်နက်ကြီးဖြင့်ပစ်ခတ်ခြင်းများကြောင့် သင်္ကန်းညီနောင်နှင့် ရွာသစ်ကျေးရွာအတွင်း နေအိမ်များ မီးလောင်ပျက်စီးခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။
အဆိုပါ သင်္ကန်းညီနောင်ကျေးရွာ နှင့် ရွာသစ်ကျေးရွာအတွင်းသို့ ယမန်နေ့ ည (၁၁) နာရီအချိန်ခန့်က စစ်ကောင်စီတပ်မှ လေယာဉ်နှင့် ဗုံးကြဲခြင်း၊ အတွဲလိုက်ဒုံးများ၊ လက်နက်ကြီးများနှင့် ပစ်ခတ်ခဲ့ကြောင်း နှင့် လက်နက်ကြီးများ ကျရောက်ပေါက်ကွဲမှုကြောင့် နေအိမ်များ မီးလောင်ပျက်ဆီးခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။
“သင်္ကန်းညီနောင်ကရော ရွာသစ်အပိုင်းဘက်ကနေရာဆိုရင် နေအိမ်အနည်းဆုံး အလုံး (၅၀) ထက်မနည်း မီးလောင်ပျက်ဆီးသွားတယ်။ တိုက်ပွဲတွေဖြစ်နေတော့ ဘယ်သူမှလည်း မီးသွားမငြှိမ်းရဲကြတော့ အိမ်တွေကူးစက်လောင်ကျွမ်းကုန်တာပါ” ဟု ၎င်းဒေသခံက ဆက်လက်ပြောကြားသည်။
ထို့အပြင် ယမန်နေ့ နံနက် (၁၁) နာရီဝန်းကျင်အချိန်ခန့်ကလည်း သင်္ကန်းညီနောင်ကျေးရွာအနီးရှိ ရွာသစ်သဘာဝတရားရိပ်သာအား စစ်ကောင်စီတပ်မှ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် အဘိုး (၂) ဦးသေဆုံးခဲ့ပြီး၊ အဘိုးအဘွား (၈) ဦးထက်မနည်း ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း နှင့် ထိုရွာသစ်သဘာဝတရားရိပ်သာတွင်နေထိုင်နေကြသည့် အဘိုးအဘွားများကိုလည်း မြဝတီမြို့ဘက်သို့ အရေးပေါ်ရွေ့ပြောင်းပေးထားရကြောင်း ကယ်ဆယ်ရေးအဖွဲ့များထံမှ သိရသည်။
မြဝတီမြို့နယ် သင်္ကန်းညီနောင်ကျေးရွာအနီးရှိ စစ်ကောင်စီတပ်၏ ခမရ – ၃၅၅ နှင့် စစ်ဗျူဟာကုန်းအား ပြီးခဲ့သည့် မတ်လ (၇) ရက်မနက်ပိုင်းမှစတင်ကာ KNU/KNLA နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှ တိုက်ပွဲများစတင်ဖြစ်ပွားခဲ့ကြောင်း နှင့် မြဝတီကုန်သွယ်ရေးဇုန် မှ သင်္ကန်းညီနောင်ကျေးရွာအထိ တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားခဲ့သည်။