ရေးမြို့နယ် စံပြကျေးရွာအနီး သံဖြူဇရပ် – ရေးကားလမ်းတွင် Mytel ကုမ္ပဏီ မှ အလုပ်သမား (၅) ဦးအား လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့မှ ဖမ်းဆီးသွားကြောင်း ဒေသခံများထံမှ သိရသည်။
ယမန်နေ့ မတ်လ (၇) ရက်နေ့ ၊ မွန်းလွဲ (၁) နာရီအချိန်ခန့်က အဆိုပါ ရေးမြို့နယ် စံပြကျေးရွာ ကြိုးတံတားအနီးတွင် Mytel ကေဘယ်လ်ကြိုးများတပ်ဆင်နေသည့် အလုပ်သမား (၅) ဦးအား လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု ဒေသခံတစ်ဦးက ပြောကြားသည်။
“Mytel ကုမ္ပဏီက အလုပ်သမားတွေကို ဘယ်အဖွဲ့က ဖမ်းခေါ်သွားလဲဆိုတာကိုတော့ မသိရဘူး။ ကြိုးတံတားအနီးက တာဝါတိုင်းမှာ ကေဘယ်လ်ကြိုးတွေတပ်နေတဲ့အချိန်မှာ ဖမ်းခံထိသွားကြတာလို့ သိရတယ်” ဟု ၎င်းဒေသခံက ဆက်လက်ပြောကြားသည်။
စစ်ကောင်စီမှ အာဏာသိမ်းပြီးနောက်ပိုင်း မွန်ပြည်နယ်အတွင်းရှိ Mytel ရုံးများ၊ Mytel ဖုန်းတာဝါတိုင်များ မကြာခဏ မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခံခဲ့ရသည့် ဖြစ်စဉ်များ ဖြစ်ပွားခဲ့သည့် လူသေဆုံး၊ ထိခိုက်ဒဏ်ရာရမှုများရှိခဲ့သည်။