ဘီးလင်းမြို့နယ်တွင် ယမန်နေ့ မတ်လ (၇) ရက် နေ့လယ်ပိုင်းက ဆိုင်ကယ်မောင်းနနင်လာသော အမျိုးသမီးတစ်ဦး ရထားကြိတ်ခံရပြီး သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများ နှင့် လူမှုကူညီကယ်ဆယ်ရေးအဖွဲ့များထံမှ သိရသည်။
ယမန်နေ့ မွန်းတည့်အချိန်ခန့်က ဘီးလင်းမြို့နယ် တောင်ကလေးကျေးရွာ နှင့် သဘက်ဆွဲကျေးရွာကြားရှိ ရထားလမ်းဘေးတွင် ဆိုင်ကယ်မောင်းနှင်လာသည့် အမျိုးသမီးနှင့် မော်လမြိုင် မှ ရန်ကုန်ဘက်သို့ ထွက်ခွာလာသော လူစီးအမြန်ရထားတဲ့ တိုက်မိခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။
“ဆိုင်ကယ်မောင်းလာတဲ့ အမျိုးသမီးက ရထားလမ်းဘေးက တာတာဘောင်မှာ သွားနေရင်းနဲ့ ရထားနဲ့ မလွတ်ဘဲ ပွတ်တိုက်မိသွားတာလို့ သိရတယ်။ ဆိုင်ကယ်ကတော့ လွင့်ထွက်သွားပေမယ့် အဲ့ဒီဆိုင်ကယ်မောင်းလာတဲ့ အမျိုးသမီးက ရထားအောက်ထဲရောက်သွားပြီး အပိုင်းပိုင်းပြတ်ပြီး သေဆုံးသွားခဲ့တာပါ” ဟု ၎င်းဒေသခံက ဆက်လက်ပြောကြားသည်။
အဆိုပါ ဆိုင်ကယ်မောင်းနှင်လာသည့် အမျိုးသမီးမှာ ဘီးလင်းမြို့၊ အမှတ် (၈) ရပ်ကွက်နေ မအိသဲမွန် ဆိုသူဖြစ်သည်ဟု ကြောင်း ဘီးလင်းဒေသခံ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
“ရထားလာနေတဲ့အချိန်မှာ ရထားဘေးကနေ ဆိုင်ကယ်မောင်းနေရင်းနဲ့ ရထားသွားတဲ့ အရှိန်နဲ့ ရထားအောက်ရောက်သွားတဲ့ သဘောမျိုးလို့ ယူဆရပါတယ်။ ဒါလို အဖြစ်မျိုးက မကြုံဖူးသေးပါဘူး” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
ရထားကြိတ်ခံရပြီး သေဆုံးခဲ့သည့် အမျိုးသမီး၏ ရုပ်အလောင်းအား ဒေသတွင်း လူမှုကူညီကယ်ဆယ်ရေးအဖွဲ့များက ဘီးလင်းမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် (၂၀၂၃) ခုနှစ် ဒီဇင်ဘာလ (၂၅) ရက်နေ့ကလည်း သထုံမြို့နယ် တောင်စွန်းကျေးရွာအနီး ရန်ကုန် – မော်လမြိုင်ရထားလမ်းပိုင်းတွင် ကျောက်တင်ကုန်ရထားနှင့် ထော်လာဂျီယာဉ်တို့ တိုက်မိဖြစ်ပွားခဲ့သေးကြောင်း သိရသည်။