ဝန်ကြီးချုပ် ဦးနု၏ပါလီမာန်ဒီမိုကရေစီလက်ထက်၌ မွန်ပြည်နယ်ဖော်ထုတ်ရေး အလုပ်ညီညွတ်ရေးကော်မတီ (ဗဟို) ဦးစီးပြီး ၁၉၆၁ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့တွင် ကျရောက်သည့် ၁၄ ကြိမ်မြောက် မွန်အမျိုးသားနေ့ကို ရန်ကုန်၊ ပဲခူး၊ သထုံ၊ မော်လမြိုင်နှင့် ကရင်ပြည်နယ်ရှိ မွန်ကျေးရွာ ၅၃ ရွာများမှာ စုစည်းညီညွတ်စွာဖြင့် ပထမဦးဆုံးအကြိမ် ကျင်းပခဲ့သည်။
၁၄ ကြိမ်မြောက် မွန်အမျိုးသားနေ့အခမ်းအနားကို ပဲခူးမြို့ ဟင်္သာကုန်းတွင်လည်းကောင်း၊ ရန်ကုန်မြို့ ဂန္ဒီခန်းမဆောင်၌လည်းကောင်း လူထုအစည်းဝေးပွဲနှင့် ထည်ဝါခန့်ညားစွာ ပထမဆုံးအကြိမ် ကျင်းပခဲ့ခြင်း ဖြစ်သည်။
ယင်းအခန်းအနားများတွင် တမျိုးတည်းသော သဘာပတိမိန့်ခွန်းများနှင့်အတူ တခုတည်းသော “မွန်ပြည်နယ်ဖော်ထုတ်ပေးရေး” အဆိုကို မွန်အမျိုးသားနေ့ကျင်းပရာ ဒေသ၊ မြို့၊ ကျေးရွာ၊ ရပ်ကွက်များမှာ တမျိုးတစားတည်း ဟောပြောတင်ပြ၍ ဆုံးဖြတ်တောင်းဆိုခဲ့ကြသည်။
မိမိကိုယ်မိမိ မွန်အမျိုးအနွယ်တစ်ဦးဟု ကိုယ်တိုင်ပြောဆိုခဲ့သော ဖဆပလဝန်ကြီးချုပ် ဦးနုသည် မွန်ပြည်နယ်သတ်မှတ်ပေးမည်ဟု မွန်တို့အား ကတိအကြိမ်ကြိမ်ပေးခဲ့သော်လည်း အကြောင်းအရာခေါင်းစဥ်အမျိုးမျိုး လှည့်ပတ်ကာ အချိန်ဆွဲခဲ့သည်ကို သမိုင်းမှတ်တမ်းများက သက်သေပြနေသည်။ သထုံခရိုင်လက်အောက်ခံ ဘားအံမြို့နယ်၊ ကျိုက်ခမီခရိုင် ကော့ကရိတ်နှင့် ကြာအင်းဆိပ်ကြီးမြို့နယ်တို့မှ မွန်ရွာ (၅၈) ရွာကို ကရင်ပြည်နယ်သတ်မှတ်ခဲ့စဥ်က ဆွဲထည့်ပေးခဲ့သူလည်း ဖြစ်သည်။
အဂႅလိပ်အစိုးရလက်ထက်က ၁၉၄၆ ခုနှစ် ဒီဇင်ဘာ (၂) ရက်နေ့တွင် ကျိုက်ခမီမြို့နယ် ပငကျေးရွာ ဘလောက်ဘုန်းတော်ကြီးကျောင်း၌ ပထမအကြိမ်ကျင်းပခဲ့သော မွန်အမျိုးသားညီလာခံမှ ဟံသာဝတီနေပြည်တော်စတင်ပန္နက်ချသော တပို့တွဲလပြည့်ကျော်(၁) ရက်နေ့ကို မွန်အမျိုးသားနေ့အဖြစ် စတင်သတ်မှတ်၍ နှစ်စဥ်ကျင်းပသွားရန် ဆုံးဖြတ်ခဲ့ကြသည်။
အဂႅလိပ်နယ်ချဲ့တို့သည် ဟံသာဝတီ(ဗဂိုး) ဒေသအပါအဝင် အောက်မြန်မာပြည်ကို ၁၈၅၃ တွင်လည်းကောင်း၊ မုတ္တမဒေသ ၃၂ မြို့ဟု ခေါ်ဆိုသည့် တနသႅာရီတိုင်းကို ၁၈၂၆ ခုနှစ်တွင် လည်းကောင်း မြန်မာဘုရင်လက်အောက်မှ တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။
မွန်တို့သည် ၁၇၅၇ ခုနှစ်တွင် ပဒေသရာဇ်မြန်မာဘုရင်တို့၏ တိုက်ခိုက်သိမ်းပိုက်ခြင်းကို ခံလိုက်ရအပြီး ၆၉ နှစ်ခန့်အကြာတွင် အဂႅလိပ်လက်အောက်သို့ တဖန်ပြန်လည်ရောက်ရှိခဲ့လေ၏။
*ကိုးကားချက်
-မွန်အမျိုးသားတို့၏ နောက်ခံသမိုင်း
-လက်ငင်း မွန်ပြည်နယ်ပြဿနာ