ထိုင်းနိုင်ငံအတွင်းရှိ မြန်မာစစ်ကောင်စီကို ဆန့်ကျင်သည့် လှုပ်ရှားမှုများကို အနီးကပ်စောင့်ကြည့်နေကြောင်း တာ့ခ်(Tak)ခရိုင်၊ မဲဆောက် (MaeSot) နယ်စပ်မြို့ရှိ စစ်စခန်းတစ်ခုသို့ သွားရောက်သည့် ခရီးစဉ်အတွင်း ထိုင်းကာကွယ်ရေးဝန်ကြီး စူထင် ကလန်ဆန် (Sutin Klungsang) က ပြောကြားခဲ့သည်။
ထိုင်းနိုင်ငံ၏ မြေပေါ်တွင် မြန်မာစစ်ကောင်စီကို ဆန့်ကျင်သည့် တိုက်ခိုက်မှုများအတွက် ရန်ပုံငွေများ စုဆောင်းနေသည့် အဖွဲ့များကို ထိုင်းအစိုးရနှင့် လုံခြုံရေးအာဏာပိုင်များက အနီးကပ် စောင့်ကြည့်နေကြောင်း၊ လက်ရှိတွင် ထိုအဖွဲ့များ၏ လှုပ်ရှားမှုများသည် ကြီးမားသည့် ခြိမ်းခြောက်မှုတစ်ခုကဲ့သို့ ကောက်ချက် မချနိုင်သေးကြောင်း ၎င်းက ပြောကြားခဲ့သည်။
လတ်တလောတွင် အခြေအနေများကို ထိန်းချုပ်ထားနိုင်ကြောင်း၊ ထိုင်းရောက် မြန်မာရွှေ့ပြောင်း လုပ်သားတိုင်း ကို မြန်မာစစ်ကောင်စီကို ဆန့်ကျင်သူများအဖြစ် မယူဆသင့်ကြောင်းလည်း စူထင်က ပြောကြားခဲ့သည်။
ထိုင်းနိုင်ငံတွင် ယခင်ကတည်းက ကာလကြာရှည် နေထိုင်ခဲ့သူများသာ နိုင်ငံအတွင်း ဆက်လက် နေထိုင်လိမ့်မည် ဖြစ်ကြောင်း၊ မကြာသေးမီက မြန်မာနိုင်ငံတွင် စစ်မှုမထမ်းမနေရဥပဒေ ပြဋ္ဌာန်းကြောင်း ကြေညာခဲ့သော်လည်း ထိုင်းသို့ မြန်မာနိုင်ငံသားများ အများအပြား ဝင်ရောက်လာသည့် လက္ခဏာကို မတွေ့ရကြောင်းလည်း ၎င်းကဆိုထားသည်။
ထိုလှုပ်ရှားမှုများကို လုပ်ဆောင်နေသူများအား အခြားမြန်မာရွှေ့ပြောင်း နေထိုင်သူများအပေါ် ထားသော ဆက်ဆံရေးနှင့်မတူဘဲ ဆက်ဆံသင့်ကြောင်းလည်း ထိုင်းကာကွယ်ရေးဝန်ကြီး စူထင် ကလန်ဆန် (Sutin Klungsang) က ပြောကြားခဲ့သည်ဟု ဘန်ကောက်ပို့စ် သတင်းစာက ဖော်ပြသည်။
လက်ရှိအချိန်၌ စိုးရိမ်စရာ မရှိသေးကြောင်း၊ ထိုင်းနိုင်ငံအတွင်းသို့ ထွက်ပြေးဝင်ရောက်လာသည့် မြန်မာနိုင်ငံသူ၊ နိုင်ငံသား၏ အရေအတွက်မှာလည်း အရမ်းများပြားခြင်း မရှိသေးကြောင်း၊ ၎င်းတို့သည် မကြာမီ အချိန်အတွင်း နေရပ်သို့ ပြန်လိမ့်မည်ဟု မျှော်လင့်ရကြောင်း စူထင်က ပြောကြားထားသည်။
ထိုခရီးစဉ်အတွင်း စူထင်က နယ်စပ်ဒေသများတွင် တာဝန်ထမ်းဆောင်နေသည့် နယ်စပ်ရဲအရာရှိများ၊ အရန် တပ်ဖွဲ့ဝင်များနှင့် စစ်သားများကို ကိုယ်ချင်းစာကြောင်းနှင့် ၎င်းတို့ကို ထောက်ပံ့ကြေးများ ပိုပေးသွားမည် ဖြစ်ကြောင်း ကတိပြုပြောကြားခဲ့သည်။
အဆိုပါ ရဲအရာရှိများ၊ စစ်သားများသည် နယ်စပ်လုံခြုံရေးအတွက် သာမက မူးယစ်ဆေးဝါး မှောင်ခိုကူးမှုကဲ့သို့ နယ်စပ်ဒေသ ရာဇဝတ်မှုပေါင်းစုံကို တိုက်ဖျက်နေရကြောင်း စူထင်က ပြောကြားခဲ့သည်။
ထို့ပြင် ထိုင်းနိုင်ငံအတွင်းရှိ မြန်မာစစ်ကောင်စီအား ဆန့်ကျင်သည့် အဖွဲ့များကို ကိုင်တွယ်ဖြေရှင်းရန် နည်းလမ်း များလည်း ရှာဖွေထားသည်ဟုလည်း ထိုင်းကာကွယ်ရေးဝန်ကြီးက ပြောကြားခဲ့သည်။
မြန်မာစစ်ကောင်စီမှ ပြည်သူ့စစ်မှုထမ်းဥပဒေအား ပြီးခဲ့သည့် ဖေဖေါ်ဝါရီလ (၁၀) ရက်က အတည်ပြုကြေညာခဲ့ပြီးနောက်ပိုင်း မြန်မာနိုင်ငံအတွင်းမှ လူငယ်အများအပြားသည် ထိုင်းနယ်စပ်သို့ ရောက်ရှိလာကြီးပြီး၊ ထိုင်းနိုင်ငံအတွင်းသို့ နည်းလမ်းပေါင်းစုံနှင့် ဝင်ရောက်နိုင်ရန် ကြိုးစားလျက်ရှိနေကြကြောင်း သိရသည်။