(၃၁) ကြိမ်မြောက် မွန်အမျိုးသားနေ့ (သံဖြူဇရပ်မြို့)
မင်းချမ်းထိုက်
“ရွှေဟင်္သာသို့ အလွမ်းများစွာဖြင့် ၂” (ဂျပန်ရေတွင်း – ဘုရားသုံးဆူမှ ရန်ကုန်သို့)
ပညာရေးထူးချွန်ပြီး လူရည်ချွန်ဆုရသူ ရဲအောင်မြင့်သည် မွန်ပြည်နယ် ကမာဝက်ထောင်ကေးရွာ သား မွန်မျိုးချစ်ဖြစ်သည်။ သူ့ကို မျိုးချစ်စိတ်ဓါတ်နှင့် လူ မှုရေးထူးချွန်စေရန် ပုံသွင်းခဲ့သူ လက်ဦးဆရာမှာ သူ့ မွေးစားမိခင် မိစောသင် (ခေါ်) ဖွားငယ်ကြောင့်ဖြစ်သည်။
ဘီးလူးကျွန်းကမာမိုဇာတိသူ မိစောသင်သည် ထက်မြက်ထူးချွန်သူ ဖြစ်ပြီး မဟာဝိဇ္ဇာဘွဲ့ကို လန်ဒန်တွင်ရခဲ့သူ၊ မော်လမြိုင်မြို့ ကမ်းနားလမ်းရှိ “ဘုရင့်ရုံ”(ရုပ်ရှင်ရုံ)နှင့် မြန်မာပြည်တစ်လွှားရှိ ဘုရင့်ရုံများ ပိုင် ရှင်အမျိုးသမီးတစ်ဦးဖြစ်သည်။ မိစောသင်၏ အစ်မအရင်း “မိနှင်းလှသည် ဖဆ ပလခေတ်တွင် လူမျိုးစုလွှတ်တော်အမတ်ဖြစ်ပြီး ဝန်ကြီးချုပ်ဦးနုနှင့် ခင်မင်ရင်း နှီးသူ၊ ထင်ပေါ်သူ အမျိုးသမီးတစ်ဦးဖြစ်သည်။
ရည်ရွယ်ချက်ကြီးမားသည့် ရဲအောင်မြင့်က ဥပဒေဘောင်အတွင်းတွင် ရာထူးကြီးရအောင် ကြိုးစားပြီး အမျိုးဂုဏ်မြှင့်လိုသည်။ သူနှင့် မိမိစတွေ့ချိန်တွင် ရဲအောင်မြင့်သည် သံဖြူဇရပ်မြို့နယ် ဥပဒေအရာရှိဖြစ်နေပြီး နာမည်ကြီးရေပန်းစားသည့် တက်သစ်စ ပညာတတ် လူငယ်တစ်ဦးဖြစ်သည်။ မြို့နယ်ကောင်စီဝင် တစ်ဦးလည်းဖြစ်၊ လူမှုရေးလုပ်ငန်း တို့တွင် တက်ကြွစွာ ကူညီလုပ်ကိုင်ပေးသူလည်းဖြစ်၍ သူ့ကို ချစ်ခင်လေးစားသူများသည်။ အမှန်တ ရား အတွက် ရပ်တည်ရဲ၊ ရှေ့ဆောင်ရဲသည့်အတွက် ဒေသခံအောက်ခြေ လူတန်းစားနှင့် အစိုးရရုံးကနားနှင့် စိမ်းသော မွန်များက သူ့ကို အားကိုးကြ၊ အကူအညီ တောင်း ကြသည်။
သံဖြူဇရပ် အောင်ချမ်းသာရပ်ကွက်နေ ရဲအောင်မြင့်နှင့် အောင်မင်္ဂလာ ရပ်ကွက်နေ မင်းငွေသိန်းတို့ တွဲမိကြ သည်။ မင်းငွေသိန်းသည် (ပီနန်လှေ) ပင်လယ်ရပ်ခြားစီးပွားရေးလုပ်ကာ ဘဝကိုကြိုးစားရုန်းကန်နေသူ လူပျို လေးဖြစ် သည်။ သူတို့နှစ်ဦးနှင့်စိတ်ဓါတ်ချင်းတူသည့် သံဖြူဇရပ်လူငယ်တစုတို့သည် နာ ရေး အသင်းတစ်ခုကို တည်ထောင်ပြီး ပရဟိတနှင့် လူမှုရေးအလုပ်လုပ်ကြသည်။ ဆင်းရဲသားပိုင်ရှင်မဲ့ အသုဘကို နာရေးအဖွဲ့မှ ငွေစုပြီး ကူညီပို့ဆောင် ပေးသည်။
လူငယ်အဖွဲ့ခေါင်းဆောင် မင်းငွေသိန်းနှင့် ရဲအောင်မြင့် ဦးဆောင်ပြီး “ရာ မညမွန်လူငယ်အဖွဲ့” (ဂကောံရးမည သၟတ်ဝုတ်ဗၠာဲ) ကို ၁၉၇၅ ခုနှစ်တွင် ရပ်ကွက် ကျေးရွာအဆင့်ထိ ဖွဲ့စည်းခဲ့ကြသည်။ ရာမညမွန်လူငယ် အဖွဲ့က ဘုရား စေတီတော် သန့်ရှင်းရေးလုပ်ကြသည်။ ဘုရားစေတီတော်များကို ဆေးသုပ်ပြီး ဘုရားပုရ ဝုဏ် သန့်ရှင်းရေးလုပ်ကာ ကုသိုလ်ယူကြသည်။ သူတို့၏ကုသိုလ်ရေး လူမှုရေး လုပ်ငန်းသည် စိတ်ဓါတ်ချင်းတူ၊ စေတနာတူသူလူငယ်များ စုဆုံရာ အဖွဲ့ဖြစ်လာပြီး ပရဟိတစေတနာရှင်များ စုရုံးလာကြသည်။
တက်ကြွနိုးကြားလာသည့် ရာမညမွန်လူငယ်အဖွဲ့သည် တစတစကြီးထွားလာပြီး အင်အား ၁၅၀ ကျော်သွားသည်။ မွန်ပြည်နယ်ပေါ်ထွန်းစတွင် ရန်ကုန်လူထုက မွန်အမျိုးသားနေ့ကို ကြီးကျယ်ခန်းနားစွာ ကျင်းပလာကြသည်။ သံဖြူဇရပ်တွင်လည်း မွန်အမျိုးသားနေ့ကို စည်ကားသိုက်မြိုက်စွာ ကျင်းပရန် မွန်လူငယ်များ စိတ်အားထက်သန် တက်ကြွ နေကြသည်။ (၃၁) ကြိမ်မြောက် မွန်အမျိုးသားနေ့ကို သံဖြူဇရပ်မြို့နယ်တွင် စည်ကား သိုက်မြိုက်စွာကျင်းပရန် ဥပဒေပညာရှင် ရဲအောင်မြင့်က ပါတီနှင့် ကောင်စီတို့ကို တင်ပြထားခဲ့သော်လည်း အကြောင်းပြန်ကြားချက် မရသေး။ မွန်လူငယ်များနှင့်ဒေသခံတို့ကလည်း ပွဲစည်ရန်ပြင်ဆင်ထားပြီး အသင့်ဖြစ်နေ ကြသည်။
တပို့တွဲလပြည့်ကျော်တစ်ရက် မွန်အမျိုးသားနေ့အခမ်းအနားကို မွန်လူငယ်များက စစ်ကြောင်း (၄)ကြောင်း ဖြန့်ကာ ချီတက်လာကြသည်။ အားမာန် အပြည့်ဖြင့် လျှောက်လှမ်းလာသည့် စစ်ကြောင်းကို မော်တော်ဆိုင်ကယ်စီးမွန် လူငယ်များ ဝန်းရံလာကြသည်။ အမျိုးသားအလံတော်ကို အလေးပြုကြသည့် နေ့ခင်း အခမ်းအနားအပြင် ဇာတ်ပွဲ၊ ပျော်ပွဲရွှင်ပွဲစုံသည့် မွန်အမျိုးသားနေ့သည် စည်ကားလွန်းနေသည်။
လူငယ်အဖွဲ့နှင့်ပြည်သူတို့၏ ပူးပေါင်းပါဝင်မှုကြောင့် မွန်အမျိုးသားနေ့ ပွဲတော်ကို အောင်မြင်စွာ ကျင်းပ နိုင်သည်မှာ ဒေသခံမွန်တို့အတွက် စိတ်ဓါတ် တက်ကြွဖွယ်၊ ဝမ်းမြောက်ဂုဏ်ယူဖွယ် သမိုင်းသစ် တစ်ခုပင်။
မော်တော်ဆိုင်ကယ်၊ မော်တော်ကားရှားပါးသည့် ဆိုရှယ်လစ်ခေတ်တွင် စီးပွားရေးတောင့်တင်းသည့် မွန်လူထု၏ အားပေးဝန်းရံနိုင်မှုမှာ သံဖြူဇရပ် အာဏာပိုင်များကို စိန်ခေါ်သလို ဖြစ်သည်။ စိတ်အားထက်သန်စွာ လာရောက်ကြသည့် ပြည်သူတို့၏စုစည်းညီညွှတ်မှုကလည်း အာဏာဖြင့် အတင်းဆင့်ခေါ်ရသည့် ထောက်ခံပွဲများ ထက် ပွဲစည်သဖြင့် အစိုးရကို အရှက်ရစေသည်။
စစ်အစိုးရ၏ တုံ့ပြန်မှုကလည်း မြန်ဆန်သည်။ မွန်ပြည်နယ်ရဲမင်းကြီးနှင့် ထောက်လှမ်းရေးအဖွဲ့တို့ ပူးပေါင်း ပြီး မွန်အမျိုးသားနေ့ အခမ်းအနားဦးဆောင် ကျင်းပသူ မွန်လူငယ်အဖွဲ့ဥက္ကဌ မင်းငွေသိန်း၊ ရဲအောင်မြင့်နှင့် အပေါင်းပါ (၂၃) ဦးကို ဖမ်းဆီးပြီး အချုပ်ခန်းထဲ ပို့ခဲ့ကြသည်။ ဖမ်းဆီးခံရသူများတွင် မင်းသောင်းကျော် (နောင် တလမွန်ကုမ္ပဏီ မန်းနေဂျင်းဒါရိုက်တာ)၊ မင်းကျော်ဝင်း (နောင် မွန်ညီညွတ်ရေးပါတီ)၊ စိန်မြမောင်၊ မင်းထိန်ဝင်းနှင့် သံဖြူဇရပ် အောင်ဇေယျ ရပ်ကွက်မှ အမျိုးသမီးခေါင်းဆောင် မိခင်လေးလည်း ပါဝင်ကြသည်။ ပါဝင်လှုပ် ရှားကြသည့် ကျေးရွာ လူငယ်အဖွဲ့ဝင်များကိုလည်း အလွတ်မပေး၊ လိုက်လံဖမ်း ဆီးသဖြင့် ပငလူငယ် အဖွဲ့ ခေါင်းဆောင် မင်းမြင့်ဆွေလည်း လွတ်မြောက်ရာ ရှောင်တိမ်းခဲ့ရသည်။
အာဏာရူးတို့၏ ပုံကြီးချဲ့စွဲချက်က တင်းမာသည်။ “အမှုမှာ နိုင်ရဲအောင် မြင့်နှင့် မင်းငွေသိန်းတို့သည် မွန် ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် ၁၉၇၅ ခုနှစ် မှစ၍ ရာမညမွန်လူငယ်အဖွဲ့ကို အလုပ် အမှု ဆောင် အဖွဲ့များ၊ ရပ်ကွက်ကျေးရွာအဆင့်များအလိုက် ဖွဲ့စည်းပြီး နိုင်ငံတော်၏ အာဏာ ကို သော်လည်း ကောင်း၊ ဒေသန္တရအာဏာကို သော်လည်းကောင်း ရယူရန်၊ အများ ပြည်သူလုံခြုံရေးကို ထိပါးစေရန် မွန်လူငယ်အင်အား (၁၅၀) ခန့်ကို ဦးဆောင် စည်းရုံး ဆောင်ရွက်ခဲ့ကြသဖြင့် ဦးဆောင်စည်းရုံးသူမွန်လူငယ် (၂၅) ဦးကို မွန် ပြည်နယ် ရဲမင်းကြီး ကိုယ်တိုင် ဖမ်းဆီးခဲ့ပြီး ခေါင်းဆောင် နိုင်ရဲအောင်မြင့်နှင့် မင်းငွေသိန်းတို့ (၂)ဦးအား ၁၉၆၄ ခုနှစ် အမျိုးသားစည်းလုံးညီညွတ်ရေးကို ကာကွယ် သည့် ဥပဒေပုဒ်မ ၆ အရ မွန်ပြည်နယ်ရဲတပ်ဖွဲ့မှ တရားလိုပြုလုပ်၍ မော်လ မြိုင်မြို့နယ် အထူးတရား ရုံးတော်သို့ တရားစွဲဆို တင်ပို့ခဲ့သည်။”ဟု တရားဝင်အ မိန့်စာချခဲ့သည်။ ငြိမ်းချမ်းစွာ စည်းကမ်းတကျ ကျင်းပခဲ့သည့် သံဖြူဇရပ်မြို့ မွန် အမျိုးသားနေ့အခမ်းအနားကို နိုင်ငံတော်၏ အာဏာကို ရယူရန်ဟု အကြောင်းပြ ကာ ဦးဆောင်သူမွန်လူငယ်တို့ကို မဆလအစိုးရက ဖမ်းဆီးချုပ်နှောင်ခဲ့သည်။
မွန်အမျိုးသားနေ့အခမ်းအနား ကျင်းပခဲ့ခြင်းကြောင့် မွန်လူငယ် (၂၅) ဦး ကို သံဖြူဇရပ်အချုပ် စခန်းတွင် တစ်လတာခန့် ချုပ်နှောင်ခဲ့ပြီး အဓိကဦးဆောင် သူ မင်းငွေသိန်းနှင့် နိုင်ရဲအောင်မြင့်တို့ (၂) ဦးကို ထောင်ချခဲ့သည်။
“ရွှေဟင်္သာသို့ အလွမ်းများစွာဖြင့် ၂” (ဂျပန်ရေတွင်း – ဘုရားသုံးဆူမှ ရန်ကုန်သို့) မင်းချမ်းထိုက်