ကရင်ပြည်နယ်သို့ ပို့ဆောင်မည့် ငွေကျပ် ၃ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၅ သိန်းကို မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ မရမ်းချောင်စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ဖေဖော်ဝါရီလ ၁၅ ရက်နေ့ နံနက် ၁၀ နာရီခွဲအချိန်က သိမ်းဆည်းရမိခဲ့သော ၄င်းစိတ်ကြွရူးသွပ်ဆေးပြားများကို ရှမ်းပြည်နယ်မှ ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်သို့ သယ်ဆောင်ပြီး ၎င်းမှ တစ်ဆင့် ကရင်ပြည်နယ်သို့ ဆက်လက်သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် စစ်ဆေးရေးဆောင်ရွက်နေစဉ် ဒိုက်ဦးမှ ဘားအံသို့ ခိုင်ဇော်ထွန်း မောင်းနှင်ပြီး နိုင်ဇော်နှင့် နန္ဒထွန်းတို့လိုက်ပါလာသည့် HYUNDAI MINI BUS မော်တော်ယာဉ်ကို သတင်းအရရှာဖွေခဲ့သည်။
ထို့သို့ ရှာဖွေစစ်ဆေးရာတွင် ယာဉ်ပေါ်မှ ဒေသကာလတန်ဖိုးငွေကျပ် ၃ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၅ သိန်း သိမ်းဆည်းရမိခဲ့သည်။
စစ်ဆေးချက်အရ ဖေဖော်ဝါရီလ ၁၆ ရက်နေ့ နံနက် ၄ နာရီအချိန် စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်ခိုင်းသူ ဇော်မျိုးနိုင်(ခ)ဒညင်းအား ဒိုက်ဦးမြို့နယ်၊ ကတုတ်ဘုရားကြီးကျေးရွာရှိ ၎င်း၏နေအိမ်တွင် HYUNDAI GRACE မော်တော်ယာဉ်တစ်စီးနှင့် အတူ ဆက်လက်ဖမ်းဆီးရမိခဲ့သည်။
ယင်းဖြစ်စဉ် နှင့် ပတ်သတ်ပြီး ၎င်းတို့ကို ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း CCDAC MYANMAR ၏ ဖော်ပြချက်အရ သိရသည်။
Photo Credit – CCDAC MYANMAR