မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP (AD) အဖွဲ့သို့ ဝင်ရောက်ကြရန် စစ်သားသစ်စည်းမျဥ်းများကို ထုတ်ပြန်၍ မွန်မျိုးချစ်လူငယ်များနှင့် ပြည်သူများအား ယနေ့ရက်စွဲဖြင့် နှိုးဆော်ဖိတ်ခေါ်နေကြောင်း တွေ့ရသည်။
အဆိုပါ NMSP (AD) ၏ စစ်သားသစ်စုဆောင်းရေး စည်းမျဥ်းတွင် ၁။ မွန်အမျိုးသားအကျိုးလိုလား သူများဖြစ်ပြီး အသက် ၁၈ မှ ၄၅ နှစ်ကြား ရူးသွပ်သူမပါ၊လူမျိုးဘာသာမရွေး၊ ကျားမ မရွေး၊ (အတတ်ပညာရှင်ဖြစ်ပါက အသက်ကန့်သပ်ချက်မရှိ)။ ၂။ ကိုယ်လက်အဂႅါ ကျန်းမာသန်စွမ်းသူဖြစ်ရမည်။
၃။ ကူးစက်ရောဂါ၊ အကြီးစားရောဂါများနှင့် နာတာရှည်ရောဂါဝေဒနာများကင်းစင်၍ ကျန်းမာရေးကောင်းမွန်သူဖြစ်ရမည်။ ၄။ တက်ကြွလှုပ်ရှားသည့် မျိုးချစ်စိတ်ဓါတ်ရှိသူဖြစ်ပြီး တော်လှန်ရေးသမားဘဝကို ယုံကြည်လက်ခံနိုင်သူဖြစ်ရမည်။ (၅) အမှုအခင်းမရှိ၊ ပြစ်ဒဏ်ကင်းစင်သူ ဖြစ်ရမည်ဟု စည်းကမ်းချက်များ သတ်မှတ်ထားသည်။
မွန်လူမျိုးတို့၏ အမျိုးသားဆိုင်ရာအခွင့်အရေးများ ပြန်လည်ရရှိဖို့အတွက် ရန်သူအား လက်နက်ကိုင်နည်းလမ်းဖြင့် ပြတ်သားစွာတိုက်ပွဲဝင်ပါမှ အောင်ပွဲရရှိနိုင်မည်ဟု ယုံကြည်ကြောင်း၊ မွန်အမျိုးသားလွတ်မြောက်ရေးအတွက် ယနေ့တော်လှန်တိုက်ပွဲဝင်ရာတွင် ပြည်သူများနှင့် နိုင်ငံတကာရောက်မွန်လူမျိုးတို့က အဓိကကျောရိုးဖြစ်သည်ဟု မိမိတို့ခံယူထားကြောင်း၊ သံဃာတော်များ၊ မျိုးချစ်ပညာရှင်များ၊ စီးပွားရေးလုပ်ငန်းရှင်၊ တိုးတက်သော မျိုချစ်လုပ်ငန်းရှင်များနှင့် ပြည်တွင်းပြည်ပရှိ အသင်းအဖွဲ့များအနေဖြင့် မိမိတို့ မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) နှင့်အတူ ဝန်းရံလက်တွဲကြပါဟု တိုက်တွန်းနှိုးဆောင်ထားသည်။
ထို့ကြောင့် မျိုးချစ်လူငယ်များအနေဖြင့် NMSP (AD) ၏ စစ်သားသစ်စုဆောင်းရေး စည်းမျဥ်းကို လက်ခံကျင့်သုံး၍ နီးစပ်ရာ ပုဂ္ဂိုလ်၊ အသိမိတ်ဆွေများမှလည်းကောင်း၊ NMSP (AD) စစ်သားသစ်လက်ခံရေး တယ်လီဂရမ် https://t.me/+959676387233, https://t.me/+959786087291, https://t.me/+959794528341 များသို့
ဆက်သွယ်စာရင်းပေးသွားကြရန် တိုက်တွန်းနှိုးဆော်ထားသည်ကို တွေ့ရသည်။
မွန်ပြည်သစ်ပါတီ အထွေထွေအတွင်းရေးမှူးနှင့် ဒုစစ်ဦးစီးချုပ်အပါအဝင် ယုံကြည်ချက်၊ ရပ်တည်ချက်တူညီသော ပါတီခေါင်းဆောင်များ၊ ပါတီဝင်များ၊ တပ် ဗိုလ်၊တပ်မှူး၊အကြပ်တပ်သားရဲဘော်များ၊ မျိုးချစ်ပုဂ္ဂိုလ်များတို့သည် အာဏာသိမ်းစစ်တပ်၏ အကြမ်းဖက်မှုကို ကာကွယ်ရန်၊ တိုင်းရင်းသားလူမျိုးများ လိုလားတောင့်တသည့် အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင် ပြဌာန်းပိုင်ခွင့် အပြည့်အဝရှိသော ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရန်အတွက် စစ်ကောင်စီအား ဆန့်ကျင်တိုက်ပွဲဝင်နေသော တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ၊ နွေဦးတော်လှန်ရေး အင်အားစု များနှင့် ပူးပေါင်းလက်တွဲပြီး အာဏာသိမ်းစစ်တပ်အား တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၁၄ ရက်နေ့က ကြေငြာချက်ထုတ်ပြန်ခဲ့၍ မွန်ပြည်သစ်ပါတီမှ ခွဲထွက်လာခဲ့သည်။