မွန်ပြည်နယ် ချောင်းဆုံမြို့နယ်၊ မုဒွန်းကျေးရွာတွင် ယနေ့ မွန်းလွဲ (၃) နာရီအချိန်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ရာမှ နေအိမ် (၁၅) လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
အဆိုပါ မုဒွန်းကျေးရွာ၊ ရပ်ကွက် (၁၂) နေ ဒေါ်အေးဝင်း ဆိုသူ၏ နေအိမ်မှ စတင်လောင်ကျွမ်းခဲ့သည်ဟု သိရကြောင်း ဒေသခံတစ်ဦးကပြောကြားသည်။
“ဒေါ်အေးဝင်း အိမ်မှာ ဆိုလာနဲ့ ဘက္ထရီအားသွင်းထားတာက အပူလွန်ပြီးစလောင်တာလို့ မီးသတ်ကတာဝန်ရှိသူတွေပြောကြတယ်” ဟု ၎င်းဒေသခံက ဆက်လက်ပြောကြားသည်။
မီးလောင်မှုကြောင့် ဒေါ်အေးဝင်း ၏ နေအိမ်အပါအဝင် နေအိမ် (၁၅) လုံးမီးလောင်ဆုံးရှုံးခဲ့ကြောင်း နှင့် မီးလောင်မှုကြောင့် လူထိခိုက်မှုမရှိကြောင်း ၎င်းဒေသခံက ဆိုသည်။
မီးလောင်မှုအား မော်လမြိုင်ခရိုင် နှင့် မြို့နယ်၊ ချောင်းဆုံမြို့နယ် နှင့် ချောင်းဆုံမြို့နယ်အတွင်းရှိ မီးသတ်စခန်းများမှ မီးငြှိမ်းသတ်ယာဉ်များ၊ မီးသတ်ရေသယ်ယာဉ်များ၊ မော်လမြိုင် နှင့် ချောင်းဆုံမြို့နယ်အတွင်းရှိ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့များ နှင့် ဒေသခံပြည်သူများ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ (၃) နာရီ (၃၀) မိနစ်အချိန်ခန့်တွင် မီးငြိမ်းနိုင်ခဲ့ကြောင်း သိရသည်။
ချောင်းဆုံမြို့နယ် မုဒွန်းကျေးရွာတွင် ဖြစ်ပွားခဲ့သည့် မီးလောင်မှုကြောင့် နေအိမ်မျာဆုံးရှုံးခဲ့ရသည့် မီးဘေးသင့် ပြည်သူများအတွက် ကျေးရွာရှိ ဘုန်းတော်ကြီးကျောင်း ယာယီကယ်ဆယ်ရေးစခန်းဖွင့်လှစ်ပေးထားကြောင်း ဒေသခံများထံမှ သိရသည်။