ဘုရားသုံးဆူနယ်စပ်မြို့သို့ ပြင်ပခရီးသွားများဝင် ရောက်လိုပါက မြို့ဝင်ခွင့်လက်မှတ်ရရှိမှသာ ဝင်ရောက်ခွင့်ရမည်ဟု အစည်းအဝေးတွင် ပြောဆိုဆုံးဖြတ်ထားကြောင်း ဘုရားသုံးဆူအခြေစိုက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတစ်ခုထံမှ သိရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၇) ရက် နံနက်ပိုင်းက ဘုရားသုံးဆူမြို့၊ ထောမဲပါရပ်ကွက်ရှိ အုပ်ချုပ်ရေးမှူးရုံးတွင် ဘုရားသုံးဆူဒေသရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဖြစ်ကြသည့် KNU ၊ မွန်ပြည်သစ်ပါတီ၊ DKBA၊ KNU/KNLA(PC) နှင့် BGF တို့အစည်းအဝေးပြုလုပ်ကာယင်းကဲ့သို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တာဝန်ရှိသူတစ်ဦးက “ချောင်းဆုံဂိတ်မှာအဖွဲ့စုံနဲ့စစ်မယ်။ စစ်ဆေးလို့အဆင်ပြေရင် မြို့ဝင်ခွင့်လက်မှတ်ထုတ်ပေးမယ်။ အဆင်မပြေရင်တော့ ပြန်လှည့်ခိုင်းမယ်။ မြို့ထဲမပေးဝင်ဘူး” ဆက်လက်ပြောကြားသည်။
ဘုရားသုံးဆူမြို့သို့ လာရောက်ကြမည့်သူများအားဘုရားသုံမြို့အနီး၊ ချောင်းဆုံတံတားရှိ KNU ဂိတ်တွင် လက်နက်ကိုင်အဖွဲ့ပေါင်းစုံမှ စစ်ဆေးမှုများပြုလုပ်သွားမည်ဟု ဘုရားသုံးဆူအခြေစိုက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ခုမှ တာဝန်ရှိသူတစ်ဥိးက ပြောကြားချက်အရ သိရသည်။
စစ်ကောင်စီမှ ပြည်သူစစ်မှုထမ်းဥပဒေ အာဏာတည်သည့်ရက်ကြေညာပြီးနောက် စစ်မှုမထမ်းလိုသူများ ဘုရားသုံးဆူမြို့သို့ရောက်ရှိလာသဖြင့်ယခုကဲ့သို့ စစ်ဆေးမှုများပြုလုပ်ရခြင်းဖြစ်သည်ဟု ၎င်းကဆိုသည်။
ပြည်တွင်းမှ စစ်မှုမထမ်းလိုသူများသည် ထိုင်းနိုင်ငံဘက်သို့ထွက်ခွာရန်နှင့် လက်နက်ကိုင်အဖွဲ့များသို့ဝင်ရောက်ရန်ဟုဆိုကာဘုရားသုံးဆူဒေသသို့ နေ့စဉ်ဝင်ရောက်လာသူများရှိနေကြောင်း သိရသည်။
ပြည်သူစစ်ဥပဒေ အာဏာတည်ကြောင်း စစ်ကောင်စီ မှထုတ်ပြန်ပြီးနောက်တွင် စစ်ကောင်စီလက်အောက်တွင် စစ်မှုမထမ်းလို့သူများသည် ထိုင်နိုင်ငံသို့တရာမဝင်နည်းလမ်းများဖြစ်ထွက်ခွာလျှက်ရှိပြီး၊ တစ်ချို့မှာ PDF အဖွဲ့များထံသို့ဝင်ရောက်လျှက်ရှိသည်။