ကရင်ဇာတ်အဖွဲ့တစ်ဖွဲ့သည် ဘားအံမြို့ရှောင်လမ်းသစ်တွင် ယနေ့ ဖေဖေါ်ဝါရီလ (၁၉) ရက်၊ နံနက် (၁၀) နာရီခွဲအချိန်ခန့်က မော်တော်ယာဉ်တိမ်းမှောက်မှုဖြစ်ပွားခဲ့ရာ အမျိုးသမီးတစ်ဦးသေဆုံးခဲ့ပြီး၊ (၁၁) ဦး ထိခိုက်ဒဏ်ရာရရှိထားကြောင်း လူမှုကူညီကယ်ဆယ်ရေးအဖွဲ့များထံမှ သိရသည်။
အဆိုပါ ကရင်ဇာတ်အဖွဲ့မှာ မူးကဝါကျေးရွာဘက်မှဇာတ်ကပြီး ခလောက်နို့ကျေးရွာဘက်သို့ပြန်လာစဉ် ဘားအံမြို့ရှောင်လမ်းသစ် ကြာအင်းတောင်ကြားလမ်း (ရဲသာ) ကုန်းဆင်းတွင် လမ်းဘေးချောင်းအတွင်းသို့ တိမ်းမှောက်သွားခြင်းဖြစ်ကြောင်း ကယ်ဆယ်ရေးသမားတစ်ဦးက ပြောသည်။
“ယာဉ်တိမ်းမှောက်မှုဖြစ်စဉ်အတွင်းမှာ အနီရောင်အဆင့်လူနာ (၆)ဦး၊ အဝါရောင်အဆင့် လူနာ (၄) ဦး၊ အစိမ်းရောင်အဆင့်လူနာ (၁) ဦးရှိခဲ့တယ်။ အမျိုးသမီးတစ်ဦးကတော့ သေဆုံးသွားပါတယ်” ဟု ၎င်းကယ်ဆယ်ရေးသမားက ဆက်ပြောသည်။
ထိခိုက် ဒဏ်ရာရရှိသူများအား လူမှုကူညီကယ်ဆယ်ရေးအဖွဲ့များက မြေပြင် ကုသမှုများ ဆောင်ရွက်ပေးပြီးနောက် ဘားအံ ပြည်သူ့ဆေးရုံကြီးသို့ လူနာတင်ယာဉ်များနှင့် ကူညီပို့ဆောင်ခဲ့ကြောင်း ၎င်းကဆိုသည်။
ကရင်ဇာတ်အဖွဲ့မော်တော်ယာဉ် တိမ်းမှောက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြသူများအား မြန်မာနိုင်ငံလူမူကယ်ဆယ်ရေးအဖွဲ့(ဘားအံ) ၊ မြန်မာနိုင်ငံလူမူကယ်ဆယ်ရေးအဖွဲ့ (နောင်လုံ) ၊ မြန်မာနိုင်ငံလူမူကယ်ဆယ်ရေးအဖွဲ့ (ကမော့ကစင်) ၊ မြန်မာနိုင်ငံလူမူကယ်ဆယ်ရေးအဖွဲ့ (အုန်းတပင်)၊ မြန်မာနိုင်ငံလူမူကယ်ဆယ်ရေးအဖွဲ့ KCO တို့မှ ဘားအံမြို့ရှိ ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့ကြကြောင်း သိရသည်။
Photo Credit – မြန်မာနိုင်ငံလူမူကယ်ဆယ်ရေးအဖွဲ့
(ဘားအံ)၊ မိုးမြင့်ထက်