လက်နက်ချလျှင် မွန်ပြည်နယ်ပေးမည်ဆိုခဲ့သည့် ဝန်ကြီးချုပ် ဦးနု၏ဂတိစကားဖြင့် ဥက္ကဌ နိုင်အောင်ထွန်း ခေါင်းဆောင်သော မွန်ပြည်သူ့တပ်ဦး Mon People’s Front တပ်ဖွဲ့ဝင်အင်အား (၁၁၁၁) ဦးတို့သည် ၁၉၅၈ ခု ဇူလိုင်လတွင် အာဏာရ သန့်ရှင်း ဖဆပလ အစိုးရထံ အကြွင်းမဲ့လက်နက်စွန့်ကာ မော်လမြိုင်မြို့၌ လက်နက်နှင့် ငြိမ်းချမ်းရေး လဲလှယ်ခဲ့ကြသည်။
သို့ရာတွင် ကိုယ်ပိုင်ပြဌာန်းခွင့်ရှိသော မွန်ပြည်နယ်ရရှိရေး မဟာဗျူဟာ ပြောင်းလဲခြင်းမရှိဘဲ ပါလီမန်အတွင်း ဒီမိုကရေစီနည်းအရ ဆက်လက်တိုက်ပွဲဝင်သွားရန် နည်းဗျူဟာပြောင်းလဲလိုက်ခြင်းသာဖြစ်သည်ဟု မွန်ပြည်သူ့တပ်ဦး ခေါင်းဆောင်များက ယူဆပြောဆိုလေ့ရှိသည်။
ယင်းနောက် အောက်တိုဘာလ ၂၈ ရက်တွင် ကျင်းပသည့် ပြည်သူ့လွှတ် တော်အစည်းအဝေး၌ ဝန်ကြီးချုပ်ဦးနုအပါအဝင် အစိုးရအဖွဲ့တစ်ခုလုံး ရာထူးမှ နှုတ်ထွက်ခဲ့ကြပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် ကြီး နေဝင်းကို အိမ်စောင့်အစိုးရ ဝန်ကြီးချုပ်အဖြစ် တင်မြှောက်လိုက်ရာ မွန်ပြည်နယ်ပေးမည်ဆိုခဲ့သည့် ဦးနုစကားမှာလည်း အလိုအလို သဲထဲရေသွန် ဖြစ်သွားခဲ့ရသည်ကို “မွန်ပြည်သူ့တပ်ဦး အလိမ်ခံလိုက်ရပြီ”ဟု နောင် လာနောက်သားများအတွက် မှတ်သားလောက်စရာ စကားရပ်အဖြစ် မွန်တို့၏ သမိုင်းစာမျက်နှာများတွင် ကမ္ဗည်းတွင်ရစ်သွားလေတော့သည်။
အိမ်စောင့်အစိုးရက ၁၉၆၀ ရွေးကောက်ပွဲကျင်းပပေးသောအခါ သန့်ရှင်း ဖဆပလ အာဏာပြန်ရသဖြင့် ဦးနု ဝန်ကြီးချုပ် ဖြစ်လာပြန်သည်။ ထိုကာလမှစတင်၍ သန့်ရှင်းဖဆဖလအဖွဲ့အစား ပြည်ထောင်စုအဖွဲ့-ပထစအဖွဲ့ဟု ခေါ်တွင်လာကြသည်။
( ၁၉၆၀ ) ခုနှစ် ၊ သြဂုတ်လ ( ၂၂ ) ရက်နေ့ တတိယအကြိမ်မြောက် ဒုတိယအကြိမ် ပါလီမန်အစည်းအဝေးတွင် နိုင်ငံတော်ဝန်ကြီးချုပ်ဦးနုက မွန်ပြည်နယ် ၊ ရခိုင်ပြည်နယ် ကိစ္စကို အောက်ပါအတိုင်း ထပ်လောင်း တင်ပြခဲ့သည်။ (မူရင်းစကားပြောဆိုဟန်အတိုင်း ဖော်ပြလိုသည်)
ဝန်ကြီးချုပ် ဦးနုက “မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ်ကိစ္စနဲ့ပတ်သက်ပြီး အထင်လွဲမှုတွေ မရှိရအောင် အစိုးရသဘောထားကို အောက်ပါအတိုင်း တင်ပြပါရစေ။
( ၁ ) သက်ဆိုင်ရာဒေသရှိ လူထုကပြည်နယ်လိုချင်တယ်ဆိုရင် မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ်ကို ပေးပါမည်။
(၂) သက်ဆိုင်ရာဒေသ၏လူ ထုရဲ့ဆန္ဒကို အကောင်းဆုံးဘယ်နည်းနဲ့ ယူရမယ်ဆိုတာ သက်ဆိုင်ရာ ပုဂ္ဂိုလ်များနှင့်တိုင်ပင်ပြီး အစိုးရ အတိုင်ပင် ခံအဖွဲ့က အစိုးရကို အကြံပေးရမည်။ အတိုင်ပင်ခံအဖွဲ့ပေးတဲ့ အကြံရလျှင် သက်ဆိုင်ရာဒေသရှိ လူထုရဲ့ဆန္ဒကို အစိုးရယူပေးမည်။ ဒီနေရာမှာ ထပ်ပြီးရှင်းပြပါရစေ၊ အစိုးရအတိုင်ပင်ခံအဖွဲ့က မွန်နှင့် ရခိုင်ပြည်နယ် ပေးသင့်၊ မပေးသင့်ကိစ္စအတွက် အစိုးရကို အကြံပေးရန်မဟုတ်။ သက်ဆိုင်ရာဒေသရှိ လူထုရဲ့ဆန္ဒကို အကောင်းဆုံးဘယ်နည်းနဲ့ ယူရမယ်ဆိုတာကို အကြံပေးရန်သာ ဖြစ်သည် ။ ဒီအကြံကို စောနိုင်သမျှစောပေးရန် အစိုးရက တိုက်တွန်းပေးမယ်။
( ၃ ) မွန်နှင့်ရခိုင်ပြည်နယ် ကိစ္စနဲ့ပတ်သက်ပြီး အတိုင်ပင်ခံအဖွဲ့နဲ့ သွားရောက်ဆွေးနွေးကြတဲ့ ပြည်ထောင်စုအဖွဲ့ ( ပထစ ) ဝင်မဟုတ်တဲ့ပုဂ္ဂိုလ်တွေဟာ သက်ဆိုင်ဒေသရှိ လူထုဆန္ဒကို အကောင်းဆုံး ဘယ်နည်းနဲ့ယူနိုင်မလည်း ဆိုတာကိုလည်း ပြောနိုင်တယ် ။ မွန်နဲ့ရခိုင်ပြည်နယ် ပေးသင့်၊ မပေးသင့် ဆိုတာကိုလည်း လွတ်လွတ်လပ်လပ် ပြောဆိုနိုင်တယ်။
( ၄ ) သို့ရာတွင် ပြည်ထောင်စုအဖွဲ့ ( ပထစ ) ဝင်ဖြစ်ကြတဲ့ သက်ဆိုင် ဒေသရှိ အမျိုးသားများမူကား အတိုင်ပင်ခံအဖွဲ့နှင့် ဆွေးနွေးသောအခါ သက်ဆိုင်ရာဒေသရှိလူထုဆန္ဒကို အကောင်းဆုံးဘယ်နည်းနဲ့ ယူသင့်တယ် အချက်ကိုသာ ဆွေးနွေးပြီး မွန်နဲ့ရခိုင်ပြည်နယ် ပေးသင့်၊ မပေးသင့် ဆိုတဲ့ကိစ္စကို အတိုင်ပင်ခံအဖွဲ့နဲ့ မဆွေးနွေးအောင် တားမြစ်ပေးရမည်။
( ၅ ) ပြည်ထောင်စုအဖွဲ့ဝင်များဖြစ်ကြတဲ့ သက်ဆိုင်ရာဒေသရှိ အမျိုးသားတွေဟာ မွန်နဲ့ရခိုင်ပြည်နယ် ပေးသင့်၊ မပေးသင့်ကိစ္စကို သက်ဆိုင်ရာဒေသရှိလူထုနှင့် လွတ်လွတ်လပ်လပ် ဆွေးနွေးနိုင်တယ်။ လွတ်လွတ်လပ်လပ် ဟောပြောနိုင်တယ် ။
( ၆ ) အကယ်၍သက်ဆိုင်ရာဒေသရှိ လူထုက ပြည်နယ်လိုချင်တယ်လို့ ဆုံးဖြတ်တဲ့အတွက် မွန်နဲ့ရခိုင် ပြည်နယ်ပေးရန်ကိစ္စ လွှတ်တော်ထဲ ဆွေးနွေးရင် ပြည်ထောင်စုအဖွဲ့ဝင်များဖြစ်ကြတဲ့ သက်ဆိုင်ရာ ဒေသက အမတ်တွေဟာ မိမိကြိုက်သလို လွတ်လွတ်လပ်လပ်ဆွေးနွေးနိုင်တယ်။ မဲပေးရန်ကိစ္စ ပေါ်လာလျှင်လည်း မိမိတို့ရဲ့မဲကို လွတ်လွတ်လပ်လပ် မဲပေးနိုင်တယ်။
(၇) အကယ်၍သက်ဆိုင်ရာဒေသရှိ လူထုကပြည်နယ်လိုချင်တယ်လို့ ဆုံးဖြတ်တဲ့အတွက် မွန်နဲ့ရခိုင် ပြည်နယ်ပေးရန်ကိစ္စ လွှတ်တော်ထဲမှာပေါ်လာရင် ပြည်ထောင်စုအဖွဲ့ရဲ့ သက်ဆိုင်ရာဒေသမှ အမတ်တွေကလွဲပြီး အခြားအမတ်တွေအားလုံးဟာ မွန်နဲ့ရခိုင်ပြည်နယ် ပေးရေးကိစ္စကို ထောက်ခံကြရမည်” ဟု ဆိုခဲ့သည်။