တညလတပ်ပေါင်းစု ပျောက်ကွယ်လုနေဝင်ချိန်တွင် “လွတ်ငြိမ်းချမ်းသာ ခွင့်” မိုးတိမ်ထပ်ဆင့်ဖုံးကွယ် လိုက်ပြန်သဖြင့် မွန်ပြည်သစ်တော်လှန်ရေးသည် လည်း အရှိန် လျော့ကျကာ အင်အားချိနဲ့ သွားခဲ့သည်။
လွတ်ငြိမ်းချမ်းသာခွင့်ဖြစ်စဉ်မှာ တစ်ပါတီစနစ်ကို ကျောရိုး ပြုထားသည့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေကို စစ်အစိုးရက ၁၉၇၄ ခုနှစ် ဇန်နဝါရီလ (၃) ရက်နေ့တွင် အတည်ပြုခဲ့ပြီး တစ်ဆက်တည်းတွင် တော်လှန် ရေး လက်နက် ကိုင်အင်အားစုအပေါ် လွတ်ငြိမ်းချမ်းသာ ခွင့်ကြေညာခဲ့ရာ တော်လှန်ရေးလှိုင်းအတက်တွင် မျောပါကူးခပ်လာကြသည့် ပါလီမန်ဒီမိုကရေစီပါတီနှင့် ပြည်ချစ် တပ်မတော် အဖွဲ့ဝင်အများအပြား နေရပ်ပြန် သွားကြ၊ အနားယူသွား ကြသည်။ နှစ်ချင်းပေါက် တစ်ပွဲထိုးအောင်ပွဲ စိတ်ကူးဖြင့် တော်လှန်ရေးနယ်ပယ်သို့ ဝင်လာသည့် မွန်ပြည်သစ်ပါတီမှ လူသစ်များစွာလည်း ပါတီကိုပစ်ကာ နေရပ် ပြန်သူပြန်ကြသည်။ တစ်ချို့ ရေကြည်မြက်နုရာရှာပြီး အလုပ်သွားလုပ်ကြသည်။
“လွတ်ငြိမ်းချမ်းသာခွင့်ကာလမှာ ဘုရားပွဲတော်တစ်ခုပြီးလို့ ပွဲခင်းထဲက လူတွေ ပြန်သွားကြသလိုဘဲ။ အရင်က ရဲဘော်တွေနဲ့ စည်ကားခဲ့တဲ့ စခန်းက လူနည်းလို့ ခြောက်ကပ်သွားတယ်။ ကိုယ်က အထီးကျန်ပြီး နေခဲ့ရ ပေမဲ့ စိတ် ဓါတ် တင်းထားရတယ်”
ထိုစဉ်က ဗဟိုစခန်းတွင် ကြိုးမဲ့ကြေးနန်းဆက်သွယ်ရေး (က/န) တာဝန်ယူနေသည့် ဇေယျ(ယနေ့- မွန်ပြည်သစ်ပါတီဗဟိုအတွင်းရေးမှူး)၏ မြင်ကွင်းတွင် ခြောက်သွေ့သော ရွက်ကြွေတော နွေပန်းချီကားချပ် ပေါ် လာသည်။
၁၉၇၁ တွင် ကမာဝက်အထက်တန်းကျောင်း၌ ပညာသင်ရင်း သူငယ်ချင်း များနှင့်အတူ မွန်ပြည် သစ်ပါတီသို့ ဝင်ရောက်လာသည့် ဇေယျက အဖေါ်ကောင်း၍ တောခိုခဲ့သည်ဟုဆိုပါသည်။ သူတို့အဖွဲ့ကို ဦးဆောင်သူမှာ ဆယ် တန်းအောင် ကျောင်းသား တိုက်ဟိန်းဖြစ်ပြီး သူတို့ (၂၀) ဦးတွင် ဆရာအတတ်သင် သိပံ္ပတက်ဆဲ ဗညားမွန် (ယနေ့ ဗဟိုရုံး)နှင့် ကျော်ရှိန်(နိုင်အိန်ဒိန်) တို့ပါကြသည်။ ဇေယျအပါအဝင် နိုင်လှုံရွာ သား (၄) ဦးမှလွဲလျှင် ကျန် (၁၆) ဦး စလုံးမှာ ကမာဝက်မှ ဖြစ်ကြသည်။
တောတွင်းဘဝခက်ခဲကြမ်းတမ်းမှုကို နားလည်လက်ခံသည့် ဇေယျသည် တော်လှန်ရေးသို့ ရောက်ခါစ တွင် ဝါးခုတ်သင်ရသည်။ စခန်းဆောက်ရသည်။ သူက စစ်သင်တန်းနှင့် ဝိုင်ယာလက်သင်တန်းတက်ပြီး ကြိုးမဲ့ ကြေးနန်း တပ်ဖွဲ့တွင် တာဝန်ကျသည်။ သူနှင့်အတူ တောခိုလာသည့် သူငယ်ချင်းများလည်း ဆိုင်ရာဌာနအလိုက် တာဝန် ထမ်းဆောင်ကြသည်။
မုဒုံမြို့နယ် ရှေ့တန်းတွင်တာဝန်ကျသည့် တိုက်ဟိန်းသည် ၁၉၇၄ ခုနှစ်၊ ဒီဇင်ဘာလ ဖြတ်လေးဖြတ် စစ် ဆင်ရေးတွင် ကျန်စိန် (ပိုင်ကမာ)၊ ထွန်းအောင်တို့ နှင့်အတူ တိုက်ပွဲတွင် ကျဆုံးခဲ့ရသည်။ သူနှင့်အတူ တောခိုလာ သည့် ကမာဝက်သား ကြင်သက် (ကြေင်သက်)လည်း မွန်တော်လှန်ရေးတွင် ကျဆုံးသွားသည့် အာဇာနည်တစ်ဦး ဖြစ်သည်။
၁၉၇၄ လွတ်ငြိမ်းချမ်းသာခွင့်ကာလတွင် နေရပ်မပြန်ဘဲ မွန်ဗဟိုစခန်း၌ အထီးကျန်ခဲ့သည့် ဇေယျသည် တော်လှန်ရေးပျော်ပွဲစားလာသူတို့ တောစခန်းမှ စွန့်ခွာကြသည်ကို ကြုံခဲ့ရသည်။ ရေရှည်တော်လှန်ရေးခရီးတွင် အသက်ပေး ကျဆုံး သွားသူ၊ အနားယူသွားသူ၊ စွန့်ခွာပြေးသူများစွာ ရှိကြသည်။
“ဒါပေမဲ့ တော်လှန်ရေးဟာ ရထားတစ်စီးလိုဘဲ။ နောက်ဆုံးဘူတာအထိ အရှိန်မပျက် ပုံမှန်ခုတ်မောင်း နေ မယ်။ ဘူတာတစ်ခုကို ရောက်ရင် ဆင်းသူဆင်း၊ တက်သူတက်ကြတယ်။ တော်လှန်ရေးရထားကတော့ ခရီးဆုံးအထိ လူပြည့်နေမှာ”
“ဂျပန်ရေတွင်း-ဘုရားသုံးဆူမှ ရန်ကုန်သို့” (ရွှေဟင်္သာ သို့ အလွမ်းများစွာဖြင့် ၂)
မင်းချမ်းထိုက်