ဖဆပလအစိုးရသည် နောက်ထပ်ပြည်နယ်သစ်များမပေးဟူသော သဘောထားနှင့်အညီ ၁၉၅၈ ခု ဖဆပလ နှစ်ခြမ်း မကွဲမီအထိ ခိုင်မာစွာရပ်တည်ခဲ့သည်။ ၁၉၅၈ ခုနှစ် ဧပြီလ ၇ ရက်နေ့မှ ၉ ရက်နေ့အထိ မော်လမြိုင်မြို့ မိုင်ဒါကွင်း အတွင်း ကျင်းပသည့်ပဥ္စမအကြိမ်မြောက် မွန်ရေးရာညီလာခံသဘင်သို့ ဝန်ကြီးချုပ် ဦးနုကိုယ်တိုင်တက်ရောက်ပြီး မွန်ပြည်နယ်ကိစ္စနှင့်ပတ်သက်၍ မိမိ၏သဘောထားကို ပြောကြားခဲ့သည်။
ဦးနု မိန့်ခွန်းပြောကြားရာတွင် ပြည်နယ်ဆိုသည်မှာ မကောင်းကြောင်း၊ အိမ်ကြီးတစ်လုံးကို ပိုင်ဆိုင်ခွင့်ရထားပါလျက်နှင့် နောက်ဖေးမီးဖိုချောင်ကိုမှ ခွဲခြားပြီး တောင်းသည်နှင့်တူနေကြောင်း၊ မိမိစိတ်ထဲရှိသမျှပြောရလျင် မြန်မာ နိုင်ငံကဲ့သို့ နိုင်ငံငယ်လေးတစ်ခုတွင် ပြည်နယ်များ ဟိုတစ်စု၊ သည်တစ်စု မဖြစ်စေလိုကြောင်း ဦးနုက မိန့်ခွန်းပြော ကြားခဲ့သည်။
တစ်ဆက်တည်းမှာပင် ဦးနုက ကရင်၊ ကယား၊ ကချင်၊ ရှမ်းတို့ကို အဘယ်ကြောင့် ပြည်နယ်ပေးသင့်သနည်းဟု မေး စရာရှိကြောင်း၊ ဤသို့မေးရခြင်းမှာ မြန်မာနိုင်ငံ လွတ်လပ်ရေးရလုဆဲဆဲအချိန်တွင် နယ်ချဲ့တို့က ခြေထိုးထားခြင်း ကြောင့် ပြည်နယ်ခေါင်းဆောင်အချို့က ပြည်နယ်မပေးလျင် အဂႅလိပ်လက်အောက်မှာပင် နေမည်။ ပြည်မနှင့် မပေါင်းဟု အကျပ်ကိုင်ခဲ့ခြင်းကြောင့်သာ ပေးလိုက်ရခြင်းဖြစ်ကြောင်း၊ ပြည်နယ်ဆိုသည်မှာ လုံးဝအဓိပ္ပါယ်မရှိ ကြောင်း၊ ပြည်ထောင်စုမြန်မာနိုင်ငံသားဟူသမျှ ရှမ်း၊ ချင်း၊ ကချင်၊ ကယား၊ မွန်စသည်ဖြင့် မည်သူမဆို အစိုးရအဖွဲ့ ခေါင်းဆောင် ဖြစ်နိုင်ကြောင်း၊ တစ်ပြည်လုံး၏ ခေါင်းဆောင်ဖြစ်နိုင်အောင်ကြိုးစားပြီး တိုင်းပြည်၏အထွတ်အထိပ် နေရာကို ရယူနိုင်ကြောင်း၊ မိမိကိုယ်တိုင် မွန်အမျိုးသားတစ်ဦး ဖြစ်ကြောင်း၊ ကျန်မွန်ခေါင်းဆောင်များကလည်း ဝန်ကြီးချုပ် သမ္မတဖြစ်အောင် ကြိုးစားခွင့်ရှိပါကြောင်း၊ ဦးနုက ပြောကြားသည်။
ဝန်ကြီးချုပ် ဦးနုကပင် မိမိ၏ပြောကြားချက်ကြောင့် ပြည်နယ်တောင်းဆိုခွင့်မရှိဟု မယူဆစေလိုကြောင်း၊ မွန်ပြည် နယ်ပေးပါဟု ဒီမိုကရေစီဘောင်အတွင်းမှ တောင်းဆိုခြင်းကို မည်သူမျှမချုပ်ချယ်နိုင်ကြောင်း၊ ယခုကျင်းပနေသည့် မွန်ရေးရာညီလာခံမှာ မွန်ယဥ်ကျေးမှုနှင့် စီးပွားရေး၊ ပညာရေးတို့ကို အေးအေးဆေးဆေး ဘောင်အတွင်းမှ ပြုလုပ် နေသော ညီလာခံဖြစ်ကြောင်း၊ အချို့က မွန်ရေးရာအဖွဲ့သည် အာဏာမရှိဟု စွပ်စွဲလိုကြောင်း၊ အာဏာရှိသည် မရှိ သည်ကို ပြီးခဲ့သည့် ညီလာခံအစီရင်ခံချက်များအရ ထင်ရှားပါကြောင်း၊ မွန်တို့၏ ပညာရေး၊ စီးပွားရေး၊ ယဥ်ကျေးမှု တို့ကို အကောင်အထည်ဖြင့် ပြသနိုင်သည်အထိ ဆောင်ရွက်ခဲ့ကြသည်မှာ ဤမွန်ရေးရာအဖွဲ့သာ ဖြစ်ပါကြောင်း ဝန်ကြီးချုပ်ဦးနုက မိန့်ကြားသွားသည်။
- (၁၉၅၈-၆၂ မြန်မာ့နိုင်ငံရေးတတိယတွဲ၊ ရန်ကုန်တက္ကသိုလ်များပုံနှိပ်တိုက်၊ ၁၉၉၁၊ စာ ၂၅၈-၃၃၂)