မွန်ပြည်နယ် ရေးမြို့နယ် မော့ကနင်ကျေးရွာအုပ်ချုပ်ရေးမှူးအား တော်လှန်ရေးအဖွဲ့တစ်ဖွဲ့မှ ယနေ့ ဖေဖေါ်ဝါရီလ (၁၃) ရက်နေ့ မနက် (၆) နာရီအချိန်ခန့်က ဝင်ရောက်ဖမ်းဆီးမှုဖြစ်ပွားခဲ့သော်လည်း အုပ်ချုပ်ရေးမှူးဖြစ်သူ လွတ်မြောက်သွားကြောင်း ဒေသခံများထံမှ သိရသည်။
အဆိုပါ မော့ကနင်ကျေးရွာနေ ကျေးရွာအုပ်ချုပ်ရေးမှူးဖြစ်သူ ဦးထိန်ဝင်း ၏ နေအိမ်အား တော်လှန်ရေးအဖွဲ့တစ်ဖွဲ့မှ မော်တော်ယာဉ် (၂) စီးနှင့် လူအင်အား (၃၀) ခန့်ဖြင့်လာဝိုင်းခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။
“အဲ့ဒီအချိန်မှာ ဦးထိန်ဝင်းက ရွာကဈေးထဲကိုရောက်နေတော့ လွတ်သွားတယ်။ ဦးထိန်ဝင်းက ဘာကြောင့်လာဖမ်းကြသလဲတော့ မသိရသေးဘူး။ အိမ်ကိုဝိုင်းပြီးတော့ ကနင်ကမော့ဘက်ကို ပြန်ထွက်သွားကြတယ်” ဟု ၎င်းဒေသခံက ဆက်လက်ပြောကြားသည်။
လက်နက်ကိုင်အဖွဲ့ကျေးရွာအတွင်းသို့ ဝင်ရောက်လာကြသည့်အတွက် ဒေသခံပြည်သူများအနေဖြင့် ထိတ်လန့်မှုများဖြစ်ခဲ့ရပြီး၊ တိုက်ပွဲများ ဖြစ်မည်ကိုလည်း စိုးရိမ်နေကြကြောင်း ၎င်းဒေသခံက ဆိုသည်။
လက်ရှိ မော့ကနင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးထိန်ဝင်း မှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း အုပ်ချုပ်ရေးမှူးတာဝန်ထမ်းဆောင်ခဲ့ကြောင်း နှင့် ကျေးရွာအုပ်ချုပ်ရေးအပိုင်းနှင့် ပတ်သက်ပြီး စစ်ကောင်စီနှင့် ပူးပေါင်းလုပ်ဆောင်လျှက်ရှိသူဖြစ်ကြောင်းလည်း ဒေသခံများက ဆိုကြသည်။
အလားတူ သံဖြူဇရပ်မြို့နယ် ကရုပ္ပိကျေးရွာမှ ပြည်သူ့စစ်ခေါင်းဆောင်လည်းဖြစ်၍ ပြည်ခိုင်ဖြိုးပါတီခေါင်းဆောင်လည်းဖြစ်သော နိုင်ကာတွန်း(ခ) ဦမောင်စိန်နှင့်တပည့်တစ်ဦးကို လက်နက်များနှင့်အတူ တောင်ညိုစစ်ကြောင်းမှ ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် တစ်ပတ်ခန့်အကြာတွင် ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။
ရေးမြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ အုပ်ချုပ်ရေးမှူးများ၊ ဒေသခံပြည်သူများ မကြာခဏ သတ်ဖြတ်ခံနေရသည့်အပြင် စီးပွားရေးလုပ်ငန်းရှင်များ နှင့် သာမန်အရပ်သားပြည်သူများလည်း ဖမ်းဆီးခံရမှု မကြာခဏဖြစ်ပွားလျှက်ရှိကြောင်း သိရသည်။
မွန်ပြည်နယ် ရေးမြို့နယ်အတွင်း ဌာနဆိုင်ရာရုံးအဆောက်အဦးများ၊ စစ်ကောင်စီတပ်နှင့် လုံခြုံရေးဂိတ်များ မကြာခဏတိုက်ခိုက်ခံနေရသည့်အတွက် စစ်ကောင်စီမှ (၂၀၂၃) ခုနှစ် ဖေဖေါ်ဝါရီလ (၂) ရက်မှစတင်ကာ စစ်အုပ်ချုပ်ရေး (Martial Law) အမိန့်အမှတ် (၄/၂၀၂၃) ဖြင့် ထုတ်ပြန်ကြေညာထားသော်လည်း တော်လှန်ရေးပူးပေါင်းအဖွဲ့များက မော်လမြိုင် – မုဒုံ – သံဖြူဇရပ် – ရေး – ထားဝယ် ပြည်ထောင်စုလမ်းမကြီးအား ထိန်းချုပ်ထားကြောင်း သိရသည်။