ဖယ်ဒရယ်ဖော်ဆောင်ရေးပြည်သူ့ကိုယ်စားလှယ်မျးကော်မတီ (PRCF) မှ ရေးဆွဲသည့် ဖယ်ဒရယ်ပြည်ထောင်စုဖွဲ့စည်းပုံ အခြေခံဥပဒေ မူကြမ်းအား ယမန်နေ့က ကျရောက်ခဲ့သည့် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့က ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဖယ်ဒရယ်ပြည်ထောင်စုဖွဲ့စည်းပုံ အခြေခံဥပဒေ မူကြမ်းသည် ပြည်ထောင်စုကို စုပေါင်းတည်ထောင်ခဲ့သည့် နိုင်ငံ့ခေါင်းဆောင်များ သဘောတူလက်မှတ်ရေးထိုးခဲ့သော ပင်လုံစာချုပ်၊ ပင်လုံကတိကဝတ် နှင့် ပင်လုံမူများအပေါ်တွင် အခြေခံထားသလို၊ (၁၉၆၁) ခုနှစ်တွင်ပြုလုပ်ခဲ့သည့် ပြည်နယ်ပေါင်းစုံ ညီလာခံမှ ချမှတ်အတည်ပြုခဲ့သော ပြည်ထောင်စုစစ်စစ်မူကို အခြေခံထားကြောင်း နိဒါန်းတွင် ဖေါ်ပြထားသည်။
ထိုဖယ်ဒရယ်ပြည်ထောင်စုဖွဲ့စည်းပုံ အခြေခံဥပဒေ မူကြမ်းတွင် အခန်းပေါင်း (၁၆) နှင့် ပုဒ်မပေါင်း (၂၆၅) ခုပါဝင်ပြီး၊ လွတ်လပ်သော အချုပ်အခြာအာဏာပိုင် ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စုအဖြစ် တန်းတူရေး နှင့် ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝရှိသော ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်များဖြစ်သည့် ကချင်၊ ကရင်နီ၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်းအပြင် ဗမာပြည်နယ်ကိုလည်း ဖွဲ့စည်းထားကာ ကွက်လပ်အဖြစ်ချန်ထားသော ပြည်နယ်တစ်ခုလည်း ပါဝင်ကြောင်း သိရသည်။
ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စုသည် ဘာသာရေးကို အခြေမခံသော ပါတီစုံ ဒီမိုကရေစီစနစ် ကျင့်သုံးပြီး၊ နိုင်ငံသားအဖြစ် ခံယူထားသည့် နိုင်ငံသားတိုင်း၊ နိုင်ငံသားတစ်ဦးရရှိမည့် အခြေခံအခွင့်အရေးများ အပြည့်အဝ ခံစားခွင့်ရရှိမည်ဟု ဆိုထားသည်။
လုံခြုံရေးနှင့် ကာကွယ်ရေးဆိုင်ရာအခြေခံမူများအနေဖြင့် ဖယ်ဒရယ်ပြည်ထောင်စုလုံခြုံရေးနှင့် ကာကွယ်ရေးဆိုင်ရာတပ်ဖွဲ့ဝင်အားလုံးသည် ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသော အရပ်သားအစိုးရ၏ ကွပ်ကဲမှုနှင့် စီမံအုပ်ချုပ်မှုအောက်တွင် ရှိရမည်ဟု ဥပဒေတွင် ဖေါ်ပြထားသည်။
ဖယ်ဒရယ်ပြည်ထောင်စု လုံခြုံရေးစနစ်တွင် လူမျိုးပေါင်းစုံ၊ ဘက်ပေါင်းစုံ လွှမ်းခြုံပူးပေါင်းပါဝင်သည့် စနစ်တစ်ရပ်တည်ဆောက်ရမှာဖြစ်ပြီး၊ ဖဒရယ်တပ်မတော်၏ အဓိက တာဝန်သည် ပြည်ပရန်ကို ကာကွယ်ရန်ဖြစ်သည့်အတွက် အရွယ်ရောက်ပြီးသည့် နိုင်ငံသားတိုင်း ဥပဒေအရ စစ်မှုထမ်းရမည်ဖြစ်ကြောင်း ပါရှိသည်။
ထို့အပြင် ပြည်ထောင်စုဥပဒေပြုရေးကဏ္ဍတွင် ဖယ်ဒရယ်လွှတ်တော်ကို အထက်လွှတ်တော်နှင့် အောက်လွှတ်တော်အဖြစ် ဖွဲ့စည်းပြီး၊ အုပ်ချုပ်ရေးကဏ္ဍတွင် ဝန်ကြီးချုပ်ဦးဆောင်သည့် စနစ်ကို ကျင့်သုံးကာ ပြည်ထောင်စု သမ္မတထားရှိသည့်စနစ်ကို ကျင့်သုံးသွားမည်ဖြစ်ကြောင်း သိရသည်။
အဖွဲ့ဝင်ပြည်နယ်များအနေနှင့်လည်း ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲပြဌာန်းခွင့်ရှိပြီး ပြည်ထောင်စုရဲတပ်ဖွဲ့နှင့် ပြည်နယ်ရဲတပ်ဖွဲ့ကို သီးခြားစီဖွဲ့စည်းရမည်ဖြစ်သလို၊ ပြည်နယ်လုံခြုံရေးတပ်ဖွဲ့စည်းခွင့်ရှိကြောင်း ဥပဒေတွင် ဖေါ်ပြထားသည်။
ထို ပြည်နယ်ရဲတပ်ဖွဲ့ နှင့် ပြည်နယ်လုံခြုံရေးတပ်များသည် သက်ဆိုင်ရာပြည်နယ်အစိုးရ၏ အုပ်ချုပ်ရေးအောက်တွင်ရှိပြီး၊ ပြည်နယ်အကြီးအကဲများသည် ပြည်ထောင်စုအင်္ဂါစဉ်အရ ပြည်ထောင်စုဝန်ကြီးများ၏ အထက်တွင်ရှိရမည်ဟု ဆိုထားသည်။
ပညာရေးကဏ္ဍတွင်လည်း လွတ်လပ်စွာပညာသင်ကြားခွင့်ရှိပြီး၊ မိခင်ဘာသာစကားအခြေပြုသင်ကြားရေးနှင့် ဘာသာစုံစကားပါဝင်သည့် အခြေခံပညာရေးကို မသင်မနေရ အခမဲ့သင်ကြားခွင့်ရရှိစေရမည်ဖြစ် ဖေါ်ပြပါရှိသည်။
ရုံးသုံးဘာသာစကားအဖြစ် ဗမာ နှင့် အင်္ဂလိပ်စကားကို သတ်မှတ်ပြီး ပြည်နယ်အသီးသီးတွင် ၎င်းဘာသာစကားအပြင် နေထိုင်သည့် တိုင်းရင်းသားလူမျိုးများ၏ ဘာသာစကားများကိုလည်း ရုံးသုံးဘာသာစကားများအဖြစ် သတ်မှတ်နိုင်ကြောင်းလည်း ဥပဒေက ဖေါ်ပြထားသည်။
ဖယ်ဒရယ်ဖော်ဆောင်ရေးပြည်သူ့ကိုယ်စားလှယ်မျးကော်မတီ (RCCF) မှာ ဗမာမဟုတ်သော တိုင်းရင်းသားလူမျိုးစု နိုင်ငံရေးပါတီများနှင့် ဖွဲ့စည်းထားပြီး၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ (SNLD) ၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) ၊ ကရင်အမျိုးသားပါတီ (KNP) ၊ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ် (ZCD) နှင့် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (DPNS) တို့ပါဝင်ကြောင်း သိရသည်။
ထို့အတူ ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ (UNDP) ၊ ဓနုတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ (DNDP) ၊ ဒိုင်းနက်လူမျိုးများတိုးတက်ရေးပါတီ၊ မြိုအမျိုးသားဒီမိုကရေစီပါတီ (MNDP) ၊ ရှမ်းပြည်ကိုးကန့်ဒီမိုကရေတစ်ပါတီ (SSKDP) နှင့် မွန်ရေးရာအဖွဲ့ (MAA) တို့လည်း ပါဝင်ကြောင်း သိရသည်။
ဖယ်ဒရယ်ပြည်ထောင်စုဖွဲ့စည်းပုံ အခြေခံဥပဒေ {PRCF}