ရေးမြို့၊ သီရိမာလာရပ်ကွက်ရှိ ရေးခရိုင်ထွေ/အုပ်ရုံး မှာ ယမန်နေ့ညပိုင်းက ဒရုန်း နှင့် ဗုံးချတိုက်ခိုက်ခံခဲ့ရကြောင်း ရေးမြို့ခံများထံမှ သိရသည်။
“မနေ့ညနေပိုင်းက ရေးခရိုင်ထွေ/အုပ်ရုံးဘက်ကနေ ပေါက်ကွဲသံ (၃) ကြိမ်ကြားလိုက်ရတယ်။ ခရိုင်ရုံးကို ဒရုန်းနဲ့ ဗုံးလာကြဲတာလို့ သိရတယ်” ဟု ရေးမြို့ခံတစ်ဦးက ပြောကြားသည်။
ထိုသို့ ဒရုန်းနှင့် တိုက်ခိုက်ခံရမှုအတွင်း ရေးခရိုင် ဒုအုပ်ချုရေးမှူးရုံးခန်းအပေါ် ခေါင်မိုးပေါ်သို့ ဒရုန်းဗုံး (၁)လုံး၊ ခရိုင်အုပ်ချုပ်ရေးမှူးရုံးခန်းမှ (၁၅) ပေခန့်အကွာ မြေကွက်လပ်သို့ ဒရုန်းဗုံး (၁) လုံး နှင့် ဌာနခွဲရုံးခန်းမှ (၂၅) ပေခန့်အကွာသို့ ဒရုန်းဗုံး (၁) လုံး ကျရောက်ပေါက်ကွဲခဲ့ကြောင်း ရေးခရိုင်ထွေ/အုပ်ရုံးမှ ဝန်ထမ်းတစ်ဦးက ပြောကြားသည်။
“လူထိခိုက်မှုတော့ မရှိဘူး။ အဆောက်အဦး အမိုးတွေ အနည်းငယ်တော့ ပျက်စီးသွားတယ်” ဟု ၎င်းကဆက်လက်ပြောကြားသည်။
ထို ရေးခရိုင်ထွေ/အုပ်ရုံး အား တိုက်ခိုက်မှုနှင့် ပတ်သက်ပြီး မည်သည့်အဖွဲ့က လုပ်ဆောင်ခဲ့သည်ကို မသိရသေးပေ။
ရေးခရိုင်၊ ရေးမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးအဆောက်အဦးများ၊ စစ်ကောင်စီတပ် နှင့် လုံခြုံရေးဂိတ်များ မကြာခတိုက်ခိုက်ခံနေရသည့်အတွက် စစ်ကောင်စီမှ (၂၀၂၃) ခုနှစ် ဖေဖေါ်ဝါရီလ (၂) ရက်နေ့မှ စတင်ကာ စစ်အုပ်ချုပ်ရေး (Martial Law) အမိန့်အမှတ် (၄/၂၀၂၃) ဖြင့် ထုတ်ပြန်ကြေညာထားကြောင်း သိရသည်။