ဒုတိယကမ္ဘာစစ်ကြီးတွင် စစ်ရှုံးဂျပန်တို့ လက်နက်ချပြီးနောက် ဗြိတိသျှအစိုးရ၏ မြန်မာနိုင်ငံဘုရင်ခံ ဆာဒေါ်မန်စမစ်သည် စက္ကူဖြူစာတမ်းကို ပိုက်၍ မြန်မာနိုင်ငံသို့ ပြန်ရောက်လာခဲ့သည်။ အဆိုပါ စက္ကူ ဖြူစာတမ်း စီမံကိန်းသည် ဘုရင်ခံက တိုက်ရိုက်အုပ်ချုပ်မည့် ကြားကာလတစ်ခု ရှိနေသည့်အတွက် မြန်မာ့လွတ်လပ်ရေးကို နှောင့်နှေးစေသည်ဟုဆိုကာ ဖဆပလအဖွဲ့ချုပ်က ဦးဆောင်၍ အပြင်းအထန် ကန့်ကွက်ကြသည်။
ဒုတိယကမ္ဘာစစ်အတွင်းက မြန်မာနိုင်ငံကို သိမ်းပိုက်ထားသည့် ဖက်ဆစ် ဂျပန်တို့၏ ဖိနှိပ်ရက် စက်မှုများကို တွန်းလှန်တိုက်ခိုက်ရန် ရည်ရွယ်ကာ ဥက္ကဌ ဗိုလ်ချုပ်အောင်ဆန်း ၊ အတွင်းရေးမှူး သခင်သန်းထွန်းတို့အား တင်မြှောက်၍ ၁၉၄၄ ခုနှစ် ဩဂုတ်လတွင် ဖက်ဆစ်ဆန့်ကျင်ရေး ပြည်သူ့လွတ်လပ်ရေး အဖွဲ့ချုပ် (ခေါ်) ဖဆပလအဖွဲ့ချုပ်ကြီး AFO ကို လျှို့ဝှက်စွာ ဖွဲ့စည်းထားခဲ့ကြပြီး ဖြစ်သည်။
ပထမတွင် ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့လွတ်လပ်ရေးအဖွဲ့ချုပ်ဟု ခေါ်တွင်ခဲ့၏။ အတိုကောက် အားဖြင့် “ဖတပလ” ဖြစ်၏။ စစ်ပြီးနောက်တွင်မှ တိုက်ဖျက်ရေးလုပ်ငန်း ကုန်ဆုံး၍ ဆန့်ကျင်ရေး လုပ်ငန်းကိုသာ ရှေးရှုလုပ် ကိုင်ရန် ဆုံးဖြတ်ကာ ဖက်ဆစ်ဆန့်ကျင်ရေး ပြည်သူ့လွတ်လပ်ရေးအဖွဲ့ ချုပ် (ဝါ) ဖဆပလ အဖွဲ့ချုပ်ဟု ပြောင်းလဲမှည့်ခေါ်လာခြင်း ဖြစ်သည်။
ဗိုလ်ချုပ်အောင်ဆန်း ပီပီပြင်ပြင် ဦးဆောင်မှု ရလာခဲ့သော စစ်ပြီးခေတ် ဖဆပလအဖွဲ့ကြီးမှာ ဂျီစီဘီအေနှင့် ဒို့ဗမာအစည်းအရုံးတို့၏ အစဉ်အလာအတိုင်း “အမျိုး၊ ဘာသာ၊ သာသနာ” ကြွေးကြော် သံကို ဆက်မသုံးတော့ဘဲ “တိုင်းရင်းသား စည်းလုံးညီညွတ်ရေး” အသံဖြင့် “လွတ်လပ်ရေး” အရ ယူဖို့ ကြိုးပမ်းအားထုတ်လာကြသည်။
ထိုအချိန်လောက်မှစ၍ပင် တိုင်းရင်းသားတို့၏ ဦးနှောက်နှင့် နှလုံးသားတို့ကို စုစည်းအားပြုနိုင်လောက်သည့် “ဖက်ဒရယ်” အယူအဆ အတွေးအမြင်များမှာ ဆိုဗီယက်ယူနီယံ၏ ၁၉၁၇ ခု မဟာအောက်တိုဘာ တော်လှန်ရေးမှ စတင်အခြေခံလာခဲ့သည်ဟု ဆိုနိုင်၏။
ဖဆပလအဖွဲ့ချုပ်သည် ဗိုလ်ချုပ်အောင်ဆန်း၏ ဗမာပြည်ကွန်မြူ နစ်ပါတီ (ဗကပ)၊ ပြည်သူ့ရဲဘော် တပ်ဖွဲ့အပြင် ပြည်သူ့အရေးတော်ပုံပါတီ (ဆိုရှယ် လစ်ပါတီ) တို့ကို ကျောရိုးမဏ္ဍိုင်ပြုထားခဲ့သည်။
ဗမာနိုင်ငံရေးခေါင်းဆောင်အများစုမှာ မူလက မာက်(ခ)ဝါဒကို သူ့အတိုင်း အတာနှင့်သူ သက်ဝင်ယုံ ကြည်ကြသူများ ဖြစ်ကြသည့်တိုင် စစ်ပြီးခေတ် ရောက်သောအခါမူ မြန်မာ့နိုင်ငံရေးလောကမှ ပါတီများ၏ နိုင်ငံရေးအယူအဆများသည်လည်း တဖြည်းဖြည်းသိသာစွာ ကွဲပြားသွားကြသည်။ ဗကပမှာ ဆိုဗီယက်ပုံစံ ကွန်မြူနစ်ပါတီ ဖြစ်လာပြီး “ပြည်သူ့အရေးတော်ပုံပါတီ” (နောင်- ဆို ရှယ်လစ်ပါတီ)မှာ ဥရောပ ဆိုရှယ်ဒီမိုကရက်တစ်ပါတီ ပုံစံမျိုးဖြစ်လာသည်။
၁၉၄၆ ခုနှစ် ဇန်နဝါရီ ရွှေတိဂုံ အလယ်ပစ္စယံ၌ ကျင်းပခဲ့သော ဖဆပလ အဖွဲ့ချုပ်၏ ပထမအကြိမ် နိုင်ငံလုံးဆိုင်ရာ ညီလာခံကြီးနောက်တွင် လူမျိုးစုအဖွဲ့အစည်းများပါ ပေါင်းစပ်ပါဝင်လာကြသည်။ ကရင်ဗဟိုအဖွဲ့ချုပ် (KCO) ကရင်လူငယ်များ အစည်းအရုံး (KYO)၊ ရခိုင်အမျိုးသားကွန်ရက်၊ မွန်တိုင်း ရင်းသားအစည်းအရုံးတို့ ဖြစ်သည်။ အဆိုပါ လူမျိုးစုအဖွဲ့များ အပါအဝင် ပါတီပေါင်း ၁၅ ခုမှ ကိုယ်စား လှယ်များသာမက ရှမ်း၊ ကချင်၊ ချင်း တိုင်းရင်းသားအချို့လည်း ပါဝင်ခဲ့ကြရာ တစ်မျိုးသားလုံး ကိုယ်စားပြုသော တပ်ပေါင်းစုအသွင် ဖြစ်လာခဲ့ပါသည်။
မြန်မာ့နိုင်ငံရေးလှုပ်ရှားမှု အစဦးပိုင်းတွင် ဖဆပလသည် တိုင်းရင်းသား ပေါင်းစုံစုစည်းရာ၊ ညီညွတ်သော တပ်ပေါင်းစုကြီးတစ်ခု ဖြစ်လာခဲ့ပါသည်။ တိုင်းရင်းသားများနှင့် လူတန်းစားအဖွဲ့အစည်း အသီးသီးတို့သည် နိုင်ငံရေးအရ မည်သို့ပင် အယူအဆ၊ အသွေးအရောင် အမျိုးမျိုး ကွဲပြားနေကြ သော်လည်း လွတ်လပ်ရေးအတွက် စုစည်းညီညွတ်သောအားဖြင့် ဖဆပလ၏အလံတော်အောက်တွင် စုစည်းလာခဲ့ကြခြင်း ဖြစ်သည်။
၁၉၄၆ ခုနှစ် ဇန်နဝါရီ ၁၇ ရက်မှ ၂၃ ရက်အထိ ရွှေတိဂုံစေတီ အလယ်ပစ္စယံတွင် ဖဆပလအဖွဲ့ကြီး၏ ပထမအကြိမ် နိုင်ငံလုံးဆိုင်ရာညီလာခံကြီးကို ကျင်းပသည်။
ဤညီလာခံကြီးတွင် အဆိုပေါင်း ၁၈ ခု တင်သွင်း ဆုံးဖြတ်ခဲ့ကြရာ အဆို အမှတ် ၆ နှင့် ၇ တို့မှာ တိုင်းရင်းသားအရေးနှင့် ပတ်သက်ပါသည်။ အဆို အမှတ် ၆ မှာ “တိုင်းရင်းသား လူနည်းစု အရေး” အဆိုဖြစ်သည်။ အဆိုကို ဒီးဒုတ် ဦးဘချိုက တင်သွင်း၍ ပုသိမ်မှ ဦးမြစိန်၊ ဖျာပုံမှ ဦးဘဆွေနှင့် မွန် ဖိုးချိုတို့က ထောက်ခံခဲ့ကြသည်။
အဆိုအပြည့်အစုံမှာ “တိုင်းရင်းသား လူနည်းစုများနှင့် ဗမာအမျိုးသား အ များစုတို့ကို တကယ်ပင် ရင်းနှီးရေးအတွက် အောက်ပါအချက်တို့ကို ကွန်ဂရက်ကြီးက အသိမှတ်ပြုပါကြောင်း…
(၁) ဘာသာတရားကို လွတ်လပ်စွာ ကိုးကွယ်ခွင့် ပြုရမည်၊
(၂) ယဉ်ကျေးမူတွင် လွတ်လပ်မှု ရှိရမည်၊
(၃) စီးပွားရေးတွင် အခွင့်အရေး တန်းတူရမည်၊ (ညီတူညီမျှ ဖြစ်လာ အောင်လည်း ကြိုးစားရမည်)
(၄) “ဗမာနိုင်ငံအသင်း” တည်ထောင်ရာ၌ တိုင်းပြည်အတွင်းရှိ လူမျိုး တိုင်းက အားလုံးသဘောတူ လွတ်လပ်စွာ တည်ထောင်ရမည်။ ဤသို့ တည်ထောင်ရာ၌လည်း မိမိတို့ကံကြမ္မာ မိမိဘာသာ ဖန်တီး နိုင်ခွင့်ကိုလည်း လူမျိုးတိုင်း အားပေးရမည်။ (ဗမာနိုင်ငံအသင်း- ဆိုသည်မှာ “ပြည်ထောင်စု မြန်မာ နိုင်ငံ”ကို ဆိုလိုသည်)
အဆိုကို ရှင်းလင်းတင်ပြရင်းမှပင် ဒီးဒုတ်ဦးဘချိုက “ကိုယ့်ကြမ္မာ ကိုယ် ဖန်တီးခွင့်” နှင့် ပတ်သက်၍ လည်း ယခုလို ထုတ်ဖော်ပြောဆိုခဲ့သည်။
“လွတ်လပ်သော ဗမာပြည်သစ်ကို တည်ထောင်ရာမှာ တိုင်းရင်းသား လူနည်းစု၊ လူများစုအားလုံး သဘောတူတဲ့ နည်းနဲ့ လွတ်လပ်စွာ တည်ထောင်ရန် ကျွန်တော်တို့က သဘောတူကြောင်း ကတိပေးပါသည်။ မည်သည့် တိုင်းရင်းသား လူနည်းစုမဆို မိမိတို့ကြမ္မာကို မိမိတို့ဘာသာ ဖန်တီးခွင့်ပေး ပါမည်။ ကျွန်တော်တို့နှင့် ခွဲလိုတဲ့အခါမှာ ခွဲခွင့်ရှိကြောင်း ကတိပြုထားပါ သည်…။”
အဆိုအမှတ် ၇ မှာ “နယ်ခြားဒေသများအား မြန်မာပြည်မနှင့် ပေါင်းစည်း ရေး” ဖြစ်သည်။ ဤအဆိုကို ဦးဖေခင်က တင်သွင်းပြီး သခင်ဗသိန်း (မန္တလေး)၊ သခင်ကိုလေး (မြစ်ကြီးနား)၊ ဦးထွန်းလှ (ဗန်းမော်) နှင့် ဦးဝမ်းသူမောင် (ချင်း) တို့က ထောက်ခံကြသည်။
အဆိုအပြည့်အစုံမှာ “(၁) စက္ကူဖြူ စာတမ်းအရ ရှမ်းပြည်၊ ချင်းတောင် နှင့် ကချင်တောင်တန်း စသော နယ်များကို မြန်မာနိုင်ငံမှ ခွဲထုတ်ထားခြင်းကို ဤညီလာခံမှ ကန့်ကွက်ကြောင်း၊
(၂) ၎င်းဒေသမှ နယ်သူနယ်သားများသည် ၎င်းတို့၏ဆန္ဒကို ထုတ်ဖော် နိုင်ရန် လွတ်လပ်စွာ ရေးသားခွင့်နှင့် ဟောပြောစည်းရုံးခွင့် ပေးရန်၊
(၃) ချုပ်ချယ်ထားသော ဥပဒေများကို ပယ်ဖျက်၍ မြန်မာတို့နှင့် လွတ်လပ်စွာ ကူးလူးဆက်ဆံခွင့် ပေးရန်၊
(၄) မြန်မာတို့နှင့် ခွဲရေး-တွဲရေးကို ဗြိတိသျှတို့က မဆုံးဖြတ်ဘဲ မြန်မာ ကိုယ်စားလှယ်များနှင့် တိုင်းရင်းသား ကိုယ်စားလှယ် အချင်းချင်းသာ လွတ်လပ်စွာ ဆွေးနွေးဆုံးဖြတ်ရန်” တို့ ဖြစ်ပါသည်။
၁၉၄၆ ခုနှစ် စက်တင်ဘာလဆန်းတွင် ပုလိပ်သပိတ်မှ အစပြု၍ မီးရထား အမှုထမ်းပေါင်းစုံ၊ ရန်ကုန် ဆိပ်ကမ်း အုပ်ချုပ်ရေးအဖွဲ့၊ စာတိုက်ကြေးနန်း နှင့် ဆက်သွယ်ရေးဌာန၊ အစိုးရပုံနှိပ်တိုက်၊ ရန်ကုန် စည်ပင်သာယာရေးအဖွဲ့ စသော အဖွဲ့ပေါင်းစုံ သပိတ်ကြီး ပေါ်ပေါက်လာသဖြင့် ဗြိတိသျှ၏ ဗြူရို ကရေစီယန္တယားသည် ထိန်းမနိုင်သိမ်းမရ ဖြစ်ကာ မြန်မာပြည်ဘုရင်ခံ ဆာဟူးဘရန့်က ဗိုလ်ချုပ် အောင်ဆန်းအား ဖိတ်ခေါ်ပြီး ကြားဖြတ်အစိုးရ ဖွဲ့ခိုင်းရသည်အထိ ဖြစ်လာသည်။
အဆိုပါ ကြားဖြတ်အစိုးရသည် ဘုရင်ခံ၏ အတိုင်ပင်ခံအစိုးရဖြစ်ပြီး ဗိုလ်ချုပ်အောင်ဆန်းက ဘုရင်ခံ အတိုင်ပင်ခံကောင်စီ ဒုတိယသဘာပတိ၊ ဝန်ကြီးချုပ်၊ နိုင်ငံခြားနှင့် ကာကွယ်ရေးဝန်ကြီးအဖြစ် ဆောင်ရွက်၍ ဖဆပလ ခေါင်းဆောင်များနှင့် အဖွဲ့ဝင်တို့ကို ဝန်ကြီးနေရာများအား ခန့်အပ်ပေး ထားကြသည်။ ၁၉၄၆ ခုနှစ် အောက်တိုဘာတွင် ဗကပမှာ ဖဆပလအဖွဲ့ကြီးမှ အထုတ်ခံလိုက်ရသည်။
တဖက်မှာလည် အင်္ဂလန်နိုင်ငံတွင် ၁၉၄၅ ခုနှစ် ဇူလိုင်လက ရွေးကောက်ခံရသော လေဘာပါတီသည် နယ်ချဲ့စနစ်ကို အစဉ်တစိုက် ဆန့်ကျင်ကြသူများ ဖြစ်သည်။ ထို့အပြင် အိန္ဒိယနိုင်ငံနှင့် ပါလက်စတိုင်း တို့တွင် ဖြစ်ပေါ် နေသော ပဋိပက္ခများကိုလည်း ဗြိတိသျှအစိုးရ ထိန်းမနိုင်သိမ်းမရနှင့် မနိုင်မနင်း ဖြစ်နေခဲ့သည်။
ထိုအချိန်တွင် ဗြိတိသျှတို့အတွက် မြန်မာပြည်ဆိုသည်မှာ အဓိကမကျ သည့်အပြင် စက္ကူဖြူစာတမ်း အကောင်အထည်ဖော်ရေး မဖော်ရေးသည်လည်း အရေးမကြီးတော့ပေ။ ထိုကြောင့် လေဘာအစိုးရသည် ဗြိတိသျှတို့ မြန်မာပြည်မှ အပြီးအပိုင်ထွက်ခွာသွားရန် ဆုံးဖြတ်လိုက်ပြီးနောက် ၁၉၄၆ ခုနှစ် ဇွန်လတွင် ဘုရင်ခံပြည်တော်ပြန်သွားပြီးကာမှ စက္ကူဖြူစာတမ်း ပဋိပက္ခသည်လည်း ပြီးဆုံးသွားလေသည်။
ထို့နောက် ဗြိတိသျှအစိုးရသည် မြန်မာပြည်ကို တစ်နှစ်အတွင်း လွတ်လပ်ရေးပေးအပ်နိုင်ရန် ဗိုလ်ချုပ် အောင်ဆန်းတို့ကို လန်ဒန်မြို့သို့ ဖိတ်ခေါ်၍ ၁၉၄၇ ခုနှစ် ဇန်နဝါရီလ ၂၇ ရက်နေ့တွင် အောင်ဆန်း – အက်တလီစာချုပ် ချုပ်ဆိုခဲ့သည်။
အောင်ဆန်း- အက်တလီစာချုပ်အရ “မြန်မာပြည်မနှင့် တောင်တန်းဒေသ များကို တပေါင်းတည်း လွတ်လပ်ရေး ပေးရန်အတွက် တောင်တန်းဒေသ များ၏ ဆန္ဒယူရန် သဘောတူကြသည်” ဆိုသည့် အချက်ကို အကောင်အထည် ဖော်ရမည်ဖြစ်သည်။ တနည်းအားဖြင့် တောင်တန်းဒေသဖြစ်သော ရှမ်း၊ ကချင်၊ ချင်းတို့နှင့် ဗမာပြည်မတို့ နယ်မြေ ၄ ခုပေါင်းစည်းသည့် နိုင်ငံတော်သစ်တစ်ခု၏ လွတ်လပ်ရေးအတွက် ပြည်ထောင်စုစာချုပ်တစ်ရပ် မဖြစ်မနေ လိုအပ်လာသည်။
ထိုကြောင့် ၁၉၄၇ ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် မြန်မာပြည် ဘုရင်ခံ၏ အမှုဆောင်ကောင်စီမှ ဝန်ကြီးအချို့နှင့် စော်ဘွားအားလုံးအပြင် ရှမ်းပြည်၊ ကချင်တောင်တန်း ဒေသများနှင့် ချင်းတောင်တန်း ဒေသများမှ ကိုယ်စားလှယ်များ တက်ရောက်ကြသော ပင်လုံမြို့တွင် ကျင်းပသည့်အစည်းအဝေး၌ ကြားဖြတ်မြန်မာအစိုးရနှင့် ချက်ချင်းပူးပေါင်း လိုက်ခြင်းအားဖြင့် ရှမ်း၊ ကချင်နှင့် ချင်းတို့သည် လွတ်လပ်ရေးကို ပိုမိုလျင် မြန်စွာ ရရှိလိမ့်မည်ဟု အစည်းအဝေး တက်ရောက်သူ အဖွဲ့ဝင်တို့က ယုံ ကြည်ကြသည့်အတိုင်း တညီတညွတ်တည်း အောက်ပါ “ပင်လုံသဘောတူညီစာချုပ်” ကို ချုပ်ဆိုကြသည်။
စာချုပ်ပါအချက်အလက်များမှာ
(၁) တောင်တန်းဒေသများ ကိစ္စနှင့်ပတ်သက်၍ ဆောင်ရွက်ရန် တောင် ပေါ်သားများ ညီညွတ်ရေးဦးစီးအဖွဲ့မှ ကိုယ်စားလှယ်များက ထောက်ခံ သည့် ကိုယ်စားလှယ်တစ်ဦးကို ဘုရင်ခံက ရွေးချယ်၍ ဘုရင်ခံ၏ အမှု ဆောင်ကောင်စီတွင် အတိုင်ပင်ခံတစ်ဦးအဖြစ် ခန့်အပ်ရမည်။
(၂) ထိုအတိုင်ပင်ခံ ပုဂ္ဂိုလ်ကို ဘုရင်ခံ၏ အမှုဆောင်ကောင်စီတွင် ဌာန လက်ကိုင်မရှိ ဝန်ကြီးအဖြစ်လည်း ခန့်အပ်ရမည်။ ကာကွယ်ရေးနှင့် နိုင်ငံ ခြားရေးဌာန နည်းတူ တောင်တန်းဒေသရေးရာဌာနကိုလည်း ဥပဒေဖြင့် ပြဌာန်း၍ အမှုဆောင်ကောင်စီအောက်၌ ထားရှိရမည်။ ထို တောင်တန်း ဒေ သဆိုင်ရာ အတိုင်ပင်ခံဝန်ကြီးအား အလားတူနည်းအတိုင်း အုပ်ချုပ်ခွင့် အာဏာများကို အပ်နှင်းရမည်။
(၃) ထိုအတိုင်ပင်ခံ ဝန်ကြီးအား ကူညီရန်အတွက် ယင်းနှင့် လူမျိုးတူ မဟုတ်သည့် အခြား တောင်တန်းသားများအား ကိုယ်စားပြုသော တွဲဖက် အတိုင်ပင်ခံပုဂ္ဂိုလ်နှစ်ဦး ရှိရမည်။ ထိုအတိုင်ပင်ခံ နှစ်ဦးသည် ပထမဦးစွာ မိမိတို့၏ ဆိုင်ရာနယ်ပယ်ရေးရာများကို စီမံခန့်ခွဲ ဆောင်ရွက်ရမည်။ အတိုင်ပင်ခံဝန်ကြီးမှာမူ ကျန်ရှိသည့် အခြားသော တောင်တန်းဒေသ ရေး ရာများကို စီမံခန့်ခွဲ ဆောင်ရွက်ရမည်။ ယင်းပုဂ္ဂိုလ် သုံးဦးတို့သည် အခြေခံ ဥပဒေက ပြဌာန်းသည့်အတိုင်း စုပေါင်းတာဝန်ယူ လုပ်ကိုင်ရမည်။
(၄) အတိုင်ပင်ခံဝန်ကြီးသည် အမှုဆောင်ကောင်စီအဖွဲ့ဝင် အနေဖြင့် ကောင်စီတွင် တောင်တန်းဒေသများ၏ တစ်ဦးတည်းသော ကိုယ်စားလှယ် ဖြစ်သော်လည်း တောင်တန်းဒေသ ကိစ္စများကို ဆွေးနွေးသောအခါ တွဲ ဖက် အတိုင်ပင်ခံပုဂ္ဂိုလ် နှစ်ဦးသည် ကောင်စီအစည်းအဝေးသို့ တက် ရောက် နိုင်ခွင့် ရှိရမည်။
(၅) အထက်ပါ သဘောတူညီချက်အရ ဘုရင်ခံ၏ အမှုဆောင်ကောင်စီ ကို တိုးချဲ့မည် ဖြစ်သော်လည်း တောင်တန်းဒေသများ၏ နယ်တွင်းအုပ် ချုပ်ရေးတွင် ယခု ရရှိခံစားလျက် ရှိသော ကိုယ်ပိုင်အုပ်ချုပ်ရေး ဆုံးပါးရန် မည်သည့် ဒေသတွင်မဆို လုံး၀ပြုမူလိမ့်မည် မဟုတ်။ တောင်တန်းဒေသ များအတွက် နယ်တွင်းအုပ်ချုပ်ရေးတွင် ကိုယ်ပိုင်ပြန်ဌာန်းခွင့် အပြည့်အဝ ရှိကြောင်း မူအားဖြင့် လက်ခံသည် ။
(၆) မြန်မာပြည်ထောင်စုအတွင်း ကချင်ပြည်နယ်အတွက် နယ်ခြား သတ်မှတ်ရေးနှင့် ကချင်ပြည်နယ် တည်ထောင်ရေးကို တိုင်းပြုပြည်ပြု လွှတ်တော်သို့ တင်ပြဆုံးဖြတ်စေရမည် ဖြစ်သော်လည်း ထိုကဲ့သို့သော ပြည်နယ်မှာ လိုအပ်သည်ဟု သဘောတူ လက်ခံကြသည်။ ဤရည်ရွယ် ချက်ကို ပထမအဆင့် အကောင်အထည်ဖော်သည့် အနေဖြင့် ၁၉၃၅ ခု နှစ် မြန်မာနိုင်ငံအစိုးရ အက်ဥပဒေအရ အပိုင်း ၂ ခြွင်းချန်ဒေသများကို အုပ်ချုပ်သည့်နည်းတူ မြစ်ကြီးနားနှင့် ဗန်းမော်ခရိုင်အတွင်းရှိ ဒေသများ အုပ်ချုပ်ရေးနှင့် ပတ်သက်၍လည်း တောင်တန်းဒေသ အတိုင်ပင်ခံဝန် ကြီးနှင့် တွဲဖက် အတိုင်ပင်ခံတို့ကို တိုင်ပင်ဆွေးနွေးရမည်။
(၇) တောင်တန်းဒေသရှိ ပြည်သူတို့သည် ဒီမိုကရေစီ တိုင်းပြည်များတွင် အခြေခံအခွင့်အရေးနှင့် ရပိုင်ခွင့်များဟု သတ်မှတ်ထားသည့် အခွင့်အရေး များနှင့် ရပိုင်ခွင့်များကို ရရှိခံစားစေရမည်။
(၈) ဤစာချုပ်ပါ အစီအစဉ်များသည် ရှမ်းပြည်နယ်တွင် ယခု ကျင့်သုံး ခွင့်ပြုထားသော ဘဏ္ဍာရေး ကိုယ်ပိုင်ပြဌာန်းခွင့်ကို မည်သို့မျှ ထိခိုက်ခြင်း မရှိစေရ။
(၉) ဤစာချုပ်ပါ အစီအစဉ်များသည် မြန်မာပြည်၏ အခွန်ဘဏ္ဍာများ ထဲမှ ကချင်တောင်တန်းဒေသနှင့် ချင်းတောင်တန်းဒေသတို့က ရပိုင်ခွင့် ရှိသော ဘဏ္ဍာရေး အကူအညီအား မည်သို့မျှ ထိခိုက်ခြင်း မရှိစေရ။ ထို့အပြင် ရှမ်းပြည်နယ်နှင့် မြန်မာပြည်တို့၏ ဘဏ္ဍာရေး စီစဉ်ဆက်သွယ် မှုများကဲ့သို့သော အလားတူ ဘဏ္ဍာရေး စီစဉ်ဆက်သွယ်မူများကို လက် တွေ့ကျင့်သုံးနိုင်ခြင်း ရှိ-မရှိ အမှုဆောင်ကောင်စီသည် တောင်တန်းဒေသ အတိုင်ပင်ခံဝန်ကြီး၊ တွဲဖက် အတိုင်ပင်ခံများနှင့်အတူ စူးစမ်းလေ့လာမည်။
အထက်ပါ ပင်လုံစာချုပ် ချုပ်ဆိုခဲ့ရာတွင် မွန်နှင့် ရခိုင်ဒေသသည် ရှမ်း၊ ကချင်၊ ချင်းဒေသကဲ့သို့ သီးခြားအုပ် ချုပ်ရေး စီရင်စုများ မဟုတ်ကြဘဲ ၁၉၃၅ အခြေခံဥပဒေအရ ဗမာပြည်မ အုပ်ချုပ်ရေးနယ်မြေအတွင်း ပါဝင်နေသောကြောင့် ပင်လုံစာချုပ်တွင် ကိုယ်စားလှယ် ပါဝင်စရာမလိုဟု အကြောင်းပြစရာရှိခဲ့၏။
ကရင်နီ (ကယား) သည်လည်း ကင်းဝန်မင်းကြီးနှင့် အင်္ဂလိပ်တို့ ချုပ်ဆိုခဲ့ သောစာချုပ်အရ ဥပဒေကြောင်းအားဖြင့် လွတ်လပ်သည့်နယ်မြေ ဖြစ်နေသည်။
သို့သော်လည်း မလွတ်လပ်သေးသည့် ဗမာပြည်မ၊ ရှမ်းပြည်ထောင်စု၊ ချင်းတောင်တန်းနှင့် ကချင်တောင်တန်းဆိုသည့် နယ်မြေ (၄) ခု လွတ် လပ်ရေးအတွက် ဆွေးနွေးသည့် ပင်လုံညီလာခံတွင် ကရင်နှင့် ကရင်နီ ကိုယ်စားလှယ်အချို့ကိုမူ လေ့လာသူအဖြစ် တက်ရောက်ခွင့်ပြုခဲ့သည်။
တဖက်မှာလည်း ပင်လုံစာချုပ်ကိစ္စအပေါ် ဖဆပလပါတီမှ အရေးတယူ ဆက် ဆံဆွေးနွေးပြောဆိုခြင်း မရှိခဲ့သဖြင့် မွန်နှင့် ရခိုင်ခေါင်းဆောင်များက ကျေနပ်ခြင်းမရှိတော့ပေ။ ထို့ကြောင့် ဦးစိန္ဒာ ခေါင်းဆောင်သော ရခိုင် လွတ်လပ်ရေးအဖွဲ့သည် ဖဆပလမှ နုတ်ထွက်၍ တောခိုလိုက်သည်။
ပင်လုံစာချုပ်ကို လက်ဝယ်ဆုပ်ကိုင်ထားနိုင်ပြီးနောက် ဖဆပလပါတီသည်လည်း မွန်နှင့် ရခိုင်ခေါင်းဆောင်များ အပေါ် လေသံပြောင်းသွား တော့သည်။ တန်းတူမဆက်ဆံတော့ဘဲ လက်အောက်ခံ အဖွဲ့အစည်းကဲ့ သို့ သဘောထား ပြောင်းလဲသွားသည်ဟု မွန်ဖိုးချိုက အစည်းအဝေးတစ်ခုတွင် ရင်ဖွင့်ပြောဆိုခဲ့သည်။
ဖဆပလသည် “တစ်နှစ်အတွင်း လွတ်လပ်ရေးရရမည်” ကြွေးကြော်သံနှင့် အတူ လွတ်လပ်သည့် ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ရေးဆွဲမည့် တိုင်းပြည်ပြု (Constitution Assembly) လွှတ်တော် ရွေးကောက်ပွဲကို ၁၉၄၇ ခု ဧပြီလတွင် ကျင်းပရန် သတ်မှတ် လိုက်သည်။
တိုင်းပြည်ပြုလွှတ်တော်အတွက် ကရင်အမတ်ကိုယ်စားလှယ် သတ်မှတ်ရေးကို ကရင်ဗဟိုအကြံပေးအဖွဲ့နှင့် ဆွေးနွေးရာမှာလည်း ကရင်အတွက် သီးခြားအခွင့်အရေး မပေးနိုင်၊ လူနည်းစု ကရင်အမတ် (၂၄) ဦးသာ ပေးမည်ဟု ဖဆပလအဖွဲ့ချုပ်က ပြောဆိုသဖြင့် ကရင်ခေါင်းဆောင် စောဘဦး ကြီးသည် ဖဆပလဝန်ကြီးအဖြစ်မှ နုတ်ထွက်လိုက်သည်။ ရွေးကောက်ပွဲ ကိုလည်း သပိတ်မှောက်မည်ဟု ပြောဆိုလိုက်သည်။
မွန်တိုင်းရင်းသားအစည်းအရုံးကိုလည်း အမျိုးသားနိုင်ငံရေးပါတီ အဖွဲ့အ စည်းတစ်ရပ်ကဲ့သို့ ဖဆပလအနေဖြင့် အသိအမှတ်ပြုဆက်ဆံနေခြင်း မဟုတ်ဘဲ လူထုအဖွဲ့အစည်းအနေဖြင့်သာ လက်ခံဆက်ဆံထားသည့်ပုံစံမျိုး ဖြစ်နေသည်။ လူမျိုးစုအခွင့်အရေး နှင့်ပတ်သက်၍ မွန်ဖိုးချို ခေါင်းဆောင်သော မွန်တိုင်းရင်းသား အစည်းအရုံးက တင်ပြသည့် မွန်အမတ် (၆) ဦးနှင့် ဝန်ကြီး (၁) တစ်ပါးထားပေးရန် အဆိုကို ဖဆပလအဖွဲ့ချုပ်မှ ပယ်ချသည်။ ထို့ကြောင့် ဖဆပလအဖွဲ့ချုပ်မှ မွန်တိုင်းရင်းသားအစည်းအရုံး နုတ်ထွက်လိုက်ပြီး ရွေးကောက်ပွဲကိုလည်း သပိတ်မှောက်မည်ဟု မွန်ဖိုးချိုက ပြောဆိုလိုက်သည်။
ပြည်ထောင်စုစာချုပ် (ဝါ) ပင်လုံစာချုပ် ချုပ်ဆိုသည့်ကိစ္စတွင် ဖဆပလအဖွဲ့ချုပ်ပါတီအနေဖြင့် ပြည်မရှိ မွန်နှင့် ရခိုင်ခေါင်းဆောင်တို့ကို အသိအမှတ်ပြုခြင်း မရှိသကဲ့သို့ စာချုပ်ပါ အကောင်အထည်ဖော်မှုများကိုလည်း ပျက်ကွက်ခဲ့ပြီး နောက်ပိုင်းတွင် ဗမာလူမျိုး တစ်မျိုးတည်းသာ ပိုင်ဆိုင်သော ဗမာနိုင်ငံတော်အဖြစ်သို့ ဦးတည်အကောင်အထည် ဖော်ဆောင်လာခဲ့ကြသည်ကို မြင်တွေ့လာရသည်။
ထိုနောက် ၁၉၄၈ ဇန်နဝါရီ (၄) ရက်နေ့တွင် အဂႅလိပ်အစိုးရထံမှလွတ်လပ်ရေးရခဲ့ပြီး (၃) လခန့်အကြာတွင် ကွန်မျူနစ်ပါတီ(မြန်မာပြည်) ဗကပစတင်တောခိုပြီး တိုင်းရင်းသားဒေသများပါမကျန် ပြည်တွင်းစစ်မီး ကူးစက်လောင်ကျွမ်းလာကာ စစ်ပွဲများ ယနေ့တိုင်ဖြစ်ပေါ်နေဆဲ ဖြစ်သည်။
ကိုးကားချက်များ
-မွန်အမျိုးသားတို့၏ နောက်ခံသမိုင်း (နိုင်ထွန်းသိန်း)
-အမျိုး၊ ဘာသာ၊ သာသနာမှ အမျိုးသားလွတ်လပ်ရေးသို့(ကျော်ဝင်း)
-ပင်လုံစာချုပ်အဂႅလိပ်ဘာသာမှ မြန်မာဘာသာပြန်ဆိုချက်