မွန်ပြည်နယ်၊ ကျိုက်မရော အကျဉ်းထောင်ရှိ နိုင်ငံရေးအကျဉ်းသားများသည် အကျဉ်းဦးစီးဌာနသို့ တောင်းဆိုထားသည့် အချက်များ မရမခြင်း အစာငတ်ခံဆန္ဒပြလျက်ရှိကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန်ရက်မှ ဖေဖော်ဝါရီ ၉ ရက်တွင် ထုတ်ပြန်ထားသည်။
ကျိုက်မရောအကျဉ်းထောင်ရှိ ထောင်ဝန်ထမ်းများသည် ပြီးခဲ့သည့် ဖေဖော်ဝါရီ (၄)ရက်က အကျဉ်းထောင်အတွင်း ရှာဖွေမှုများပြုလုပ်ပြီးနောက်၊ အကျဉ်းသားများကို စစ်ဆေးခဲ့ခြင်းကြောင့် နိုင်ငံရေးအကျဉ်းသားများသည် ဖေဖော်ဝါရီ (၆) ရက်မှ စတင်ကာ အစာငတ်ခံဆန္ဒပြမှု လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
“ဇန်နဝါရီ ၂၈ ရက်က ရဲ၊စစ်တပ်နဲ့ ပူးပေါင်းအဖွဲ့တွေက ထောင်ထဲမှာ အကျဉ်းသားတွေအားလုံးကို ရှာဖွေစစ်ဆေးမှုတွေ လုပ်တယ်။ အဲဒီတုန်းက ဘာပြဿနာမှမဖြစ်ဘူး။ ဇန်နဝါရီတုန်းကကိစ္စကို ဖေဖော်ဝါရီ (၄) ရက်နေ့မှာ ဖုန်းတွေ့ပါတယ်ဆိုပြီး အကျဉ်းသားတွေကို အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားတယ်။ အဲဒီနေ့ကတည်းက အကျဉ်းသားတွေက စိတ်ပူတာနဲ့ ထောင်အာဏာပိုင်တွေကို တင်ပြတောင်းဆိုတာ မရလို့ ဖေဖော်ဝါရီ (၆) ရက်နေ့ကစပြီး ဒီနေ့အထိ အစာအငတ်ခံ ဆန္ဒပြနေကြတာပါ “ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန်ရက်မှ ဦးဆောင်ကော်မတီဝင် တစ်ဦးက ပြောသည်။
သို့ရာတွင် အကျင့်ပျက်ထောင်ဝန်ထမ်းအချို့အား လာဘ်ငွေပေးဆောင်၍ ကျိုက်မရောအကျဥ်းထောင်၌ အကျဥ်းကျခံနေရသူအချို့က ဖုန်းအသုံးပြုမှုများရှိခဲ့ကြောင်း အမည်မဖော်ပြလိုသူတစ်ဦးထံမှ အချက်အလက်နှင့်တကွ သိရသည်။
ထို့ပြင် ကျိုက်မရောအကျဉ်းထောင်အတွင်း ကျန်းမာရေးစောင့်ရှောက်မှု လုံလောက်စွာမရရှိခြင်းကြောင့် ယခုကဲ့သို့ အစာငတ်ခံဆန္ဒပြမှုများဆောင်ရွက်သည့်အတွက် အကျဉ်းသား၏ ကျန်းမာရေးအခြေအနေမှာလည်း ဆိုးရွားလျက်ရှိ ကြောင်း သိရသည်။
“လက်ရှိမှာ အကျဉ်းသားတွေရဲ့ ကျန်းမာရေးအခြေအနေကဆိုးဝါးနေတယ်။ နဂိုကတည်းက ကျိုက်မရောထောင်တွင်းအခြေအနေက အဆိုးဆုံးပဲလေ၊ အဲ့ဒါကြောင့်မို့ ကျတော်တို့က စိုးရိမ်နေတယ်။ အားလုံးကတော့ တောင်းဆိုမှုတွေ မရမချင်း အစာအငတ်ခံဆန္ဒပြသွားမယ်လို့ သိရတယ်” ဟု ကျိုက်မရောအကျဉ်းထောင်နှင့်နီးစပ်သူတစ်ဦးက ပြောသည်။