ဝန်ထမ်းများအား CDM ပြုလုပ်ရန် လူမှုကွန်ယက်ပေါ်မှတဆင့် လှုံဆော်ရေးသားခဲ့သည်ဟုဆိုကာ ချောင်းဆုံမြို့ရှိ အဓိပတိကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းဆရာတစ်ဦး ဖေဖေါ်ဝါရီလ (၈) ရက်က ဖမ်းဆီးခံရကြောင်း မြို့ခံများထံမှ သိရသည်။
မြို့ခံက “မနေ့ညနေပိုင်းက သူ့အိမ်မှာဘဲ ရဲတွေ၊ စစ်သားတွေနဲ့ အရပ်ဝတ်တွေရောက်လာပြီး ဖမ်းခေါ်သွားတယ်” ဟု ပြောသည်။
အဓိပတိကိုယ်ပိုင်အထက်တန်းကျောင်း၌ တာဝန်ထမ်းဆောင်နေသူ ဆရာ ဦးချစ်ကိုကို အသက် (၄၄) နှစ်သည် ချောင်းဆုံမြို့၊ အရှေ့ရပ်ကွက်တွင်နေထိုင်ကြောင်း သိရသည်။
ဦးချစ်ကိုကို မှာ Sayarchit English Mawlamyine အကောင့်အမည်ဖြင့် Facebook လူမှုကွန်ယက်စာမျက်နှာပေါ်တွင် ဝန်ထမ်းများအား CDM ပြုလုပ်ကြရန် လှုံဆော်ရေးသားမှုများပြုလုပ်ခဲ့သည့်အတွက် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
ထိုဖြစ်စဉ်နှင့် ပတ်သက်ပြီး အဓိပတိကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းဆရာ ဦးချစ်ကိုကို ဆိုသူအား ချောင်းဆုံမြို့မရဲစခန်းတွင် (ပ) ၁၁/၂၀၂၄၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ – ၅၀၅ – က အရအမှုဖွင့်အရေးယူထားကြောင်း သိရသည်။