ကျိုက်မရောမြို့နယ် ကျွန်းရွာကျေးရွာတွင် ဖေဖေါ်ဝါရီလ (၆) ရက်၊ ညပိုင်းက သားအဖနှစ်ဦးအား ဆိုင်ကယ်စီးသေနတ်သမားက လာရောက်ပစ်ခတ်ခံခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။
သေနတ်နှင့် ပစ်ခတ်ခံခဲ့ရသူ သားအဖနှစ်ဦးမှာ ဦးထွန်းဦး နှင့် သမီးဖြစ်သူ မဇင်နန်းဝေ တို့ဖြစ်ကြကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။
“အဲ့ည (၈) နာရီလောက်မှာ ဦးထွန်းဦး ရဲ့အိမ်ကို ဆိုင်ကယ်နဲ့ သေနတ်သမားနှစ်ဦးရောက်လာပြီးတော့ ဝက်သားရောင်းလားလို့ မေးပြီးတယ်။ ပြီးတော့ သေနတ်နဲ့ (၄) ချက်ပစ်သွားပြီးတော့ ဆိုင်ကယ်မောင်းပြေးသွားတယ်” ဟု ဒေသခံတစ်ဦးက ပြောကြားသည်။
ထိုသို့ သေနတ်ဖြင့် ပစ်ခတ်သွားသည့်အတွက် ဦးထွန်းဦး၏ ဝမ်းဗိုက် နှင့် ဘယ်ဘက်လက်ဖျံတွင် ကျည်ဖောက်ဝင်ဒဏ်ရာ (၂) ချက်၊ ဘယ်ဘက်ရင်အုံဘေးတွင် ကျည်ဖောက်ဝင်ဒဏ်ရာ (၁) ချက်ရရှိခဲ့ပြီး၊ ၎င်း၏အနီးတွင်ရှိနေသည့် သမီးဖြစ်သူ အသက် (၁၆) နှစ်အရွယ် Grade – 11 ကျောင်းသူ မဇင်နန်းဝေ ၏ ညာဘက်ခြေဖဝါးတွင် ကျည်ရှပ်ထိဒဏ်ရာ (၁) ချက်ရရှိခဲ့သည်ဟု သိရကြောင်း ၎င်းဒေသခံက ဆိုသည်။
သေနတ်နှင့် ပစ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သူ သားအဖ နှစ်ဦးအား လူမှုကူညီကယ်ဆယ်ရေးအဖွဲ့များက ကျိုက်မရောမြို့နယ်ပြည်သူ့ ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း နှင့် ၎င်းတို့ရရှိထားသည့် ဒဏ်ရာများမှာ မစိုးရိမ်ရကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။