သံဖြူဇရပ်မြို့နယ် ကရုပ္ပိကျေးရွာမှ ဒေသခံ အမျိုးသမီးတစ်ဦး မှာ ယမန်နေ့ မွန်းလွဲပိုင်းအချိန်က မြေမြှုပ်မိုင်းနင်းမိမှုကြောင့် ခြေထောက်တွင် ဒဏ်ရာပြင်းထန်စွာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
လက်ရှိမြေမြှုပ်မိုင်းနင်းမိသူမှာ ကရုပ္ပိကျေးရွာ၊ ထောင်ကေးအပိုင်းနေ ဒေါ်မလေး ဆိုသူဖြစ်ကြောင်း ၎င်းမှာ ယမန်နေ့ မွန်းလွဲ (၃) နာရီခွဲအချိန်ခန့်က ကရုပ္ပိကျေးရွာအနီး ရော်ဘာခြံအတွင်း ထင်းသွားကောက်စဉ် မြေမြှုပ်မိုင်းနင်းမိပြီး၊ ပေါက်ကွဲမှုကြောင့် ခြေထောက်နှစ်ဖက်လုံးတွင် ထိခိုက်ဒဏ်ရာများ ပြင်းထန်စွာရရှိခဲ့ကြောင်း ဒေသခံတစ်ဦး က ပြောကြားသည်။
“ဒေါ်မလေး ရဲ့ ဘယ်ဘက်ခြေထောက် ညို့သကျည်းအောက်ပိုင်းက ပြတ်ထွက်သွားတယ်။ ညဘက်ခြေထောက်မှာလည်း စုတ်ပြတ်သွားတယ်” ဟု ၎င်းဒေသခံက ဆက်လက်ပြောကြားသည်။
ဇန်နဝါရီ ၂၉ က်နေ့က ကရုပ္ပိကျေးရွာမှ ပြည်သူ့စစ်ခေါင်းဆောင် နိုင်ကာတွန်း(ခေါ်) ဦးမောင်စိန် နှင့် အဖွဲ့ဝင် ဦးမောင်ကို ဆရာတပည့်နှစ်ဦးတို့အား တောင်ညိုစစ်ကြောင်းမှ ဝင်ရောက်ဖမ်းဆီးခဲ့သည်။
ပြီးခဲ့သည့် ဖေဖေါ်ဝါရီလဆန်းပိုင်းက သံဖြုဇရပ်မြို့နယ်အတွင်း စစ်ကောင်စီတပ် နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များအကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် ဒေသခံများ စစ်ဘေးတိမ်းရှောင်နေခဲ့ကြသည့်အပြင်၊ တိုက်ပွဲများပြီးတွင်လည်း မြေမြှုပ်မိုင်းအန္တရာယ်ကြောင့် နေ့စဉ်ဘဝကို စိုးရိမ်ပူပန်စွာ ဖြတ်သန်းနေကြရကြောင်းလည်း ဒေသခံများက ဆိုကြသည်။
“တိုက်ပွဲတွေဖြစ်တုန်းကလည်း စိုးရိမ်ပြီးထွက်ပြေးကြရတယ်။ တိုက်ပွဲတွေပြီးသွားတော့လည်း မြေမြှုပ်မိုင်းတို့၊ စစ်လက်ကျန်ပစ္စည်းတို့ ပေါက်ကွဲမှာကိုလည်း စိုးရိမ်နေကြရသေးတယ်” ဟု သံဖြူဇရပ်ဒေသခံတစ်ဦးက ပြောကြားသည်။
ပြီးခဲ့သည့် (၂၀၂၃) ခုနှစ်က မွန်ပြည်နယ်အတွင်း မြေမြှုပ်မိုင်းပေါက်ကွဲမှု (၁၆) ကြိမ်ထက်မနည်းဖြစ်ပွားခဲ့ပြီး အရပ်သားပြည်သူ (၇) သေဆုံးကာ၊ (၁၃) ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့သည်။
သို့ရာတွင် မွန်ပြည်သစ်ပါတီနှင့် နဝတအစိုးရ ၁၉၉၅ ခုနှစ်မှ အပစ်ရပ်ကာလအနှစ် ၃၀ ဝန်းကျင်အတောအတွင်း စစ်ပွဲဖြစ်ပွားနေခြင်းမရှိသည့်မွန်ကျေးရွာများ၌ ပထမအကြိမ်မြေမြှုပ်မိုင်းဒဏ်ခံရခြင်းဖြစ်ကြောင်း သတင်းမှတ်တမ်းအရ သိရသည်။