၁၉၅၇ ခုနှစ် မေလတွင် မွန်ဘာသာဖြင့် လစဥ်ထုတ်ဝေခဲ့သော မွန်သတင်းစဥ်မှ စာမျက်နှာတစ်မျက်နှာ၏ သတင်းအကျဥ်းကို မိတ်ဆက်ပေးလိုက်ချင်ပါသည်။
မိမိတို့ လူလောကထဲမရောက်ခင် အချိန်ကာလကတည်းကပင် မွန်ဘာသာဖြင့် သတင်းများပုံနှိပ်ထုတ်ဝေနေခဲ့သည်(သိသူလည်းရှိ မသိသူလည်းရှိ)။ မွန်ဘာသာဖြင့် သတင်းအကြောင်းအရာများ ဖြစ်နေသော်လည်း မိမိတို့လက်လှမ်းမမီခဲ့သေးသော ခေတ်၏ သတင်းတန်ဘိုးများကို အကဲခတ်နိုင်ပါလိမ့်မည်။
သတင်းမီဒီယာပေါ် စိတ်ပါဝင်စားသူများနှင့် မွန်ဘာသာဖြင့် ရေးသားနေသော သတင်းသမားများ(စစ်စစ်) အနေဖြင့် လက်ရှိမိမိရေးနေကြသည့် သတင်းတန်ဘိုးများနှင့် ချိန်ထိုးကြည့်လျင် ပို၍ပင် သိနားလည်လောက်ပါသည်။
သတင်းစဥ်၏ စာမျက်နှာ (၉) ပါ ပရိုင်ဗွဲခမၞောန်ဆိုသည့် သတင်းအကျဥ်းကို လေ့လာစေချင်သည်။ နှစ် ၇၀ ဝန်းကျင်မှ မွန်သတင်းစဥ်တစ်မျက်နှာသည် ထိုခေတ်က နိုင်ငံရေးအခြေအနေများအပေါ် မည်ကဲ့သို့ သက်ရောက်ထင်ဟပ်စေခဲ့သည်ကို အကဲခတ်ကာ အတုယူသင့်ပါသည်။
မီးရထားတံတားဖျက်ဆီးခြင်း (ပလီုဒဒန်ကွဳပၟတ်)
ဧပြီလ ၁၉ ရက်နေ့က ကျိုက်ထိုနှင့် မရမ်းခြံရွာအကြား မီးရထားတံတားကို အပြင်လူ(လက်နက်ကိုင်) တို့ ဖျက်ဆီးလိုက်သည်။ ကျိုက်ထိုနှင့် မရမ်းခြံရွာသည် ရန်ကုန်နှင့် မော်လမြိုင် မီးရထားလမ်းပေါ်၌ တည်ရှိသည်။
ဆန္ဒပြခြင်း (ဗကပ်ဗဗေင်)
အစိုးရစာမေးပွဲကို သံဃာတော်အချို့ လက်မခံနိုင်သဖြင့် ဝင်ရောက်မဖြေဆိုတော့ဘဲ ဆန္ဒပြကြ၏။ သို့ရာတွင် ပရိယတ္တိစာမေးပွဲကြီးကား ပျက်စီးသွားသည်မဟုတ်။
ရန်ကုန်မြို့တွင် ကြီးမားသောမီးလောင်မှု (ပၟတ်ဍုင်လ္ဂုင် ဇၞော်ကဵုဇြဟတ်)
ဧပြီ ၈ ရက်နေ့က ရန်ကုန်မြို့ ကြည့်မြင်တိုင်ရပ်ကွက်မှ ကမာရွတ်အထိ မီးအကြီးအကျယ်လောင်ကျွမ်းခဲ့ပြီး လူအများသိန်းသောင်းနှင့်ချီ၍ ဆုံးရှုံးခဲ့ရ၏၊ ရန်ကုန်မြို့တွင် လောင်ကျွမ်းခဲ့သောမီးများအနက် ယခုအကြိမ်မှာ အကြီးမားဆုံးဖြစ်သည်။ မီးဘေးဒုက္ခသည်များ နေထိုင်စားသောက်စရာအတွက် အခက်အခဲများ အလွန့်အလွန်ဖြစ်ပေါ်နေကြရသည်။ အစိုးရအနေဖြင့် မီးဘေးဒုက္ခသည်များကို တတ်နိုင်သလောက် ကူညီထောက်ပံ့ပေးသည်။ အိမ်ခြေ ၂ သောင်းကျော် မီးဘေးသင့်ခဲ့၏။
မွန်ဒေသဘက် (လပါ်ဒေသမန်)
မွန်ဒေသဖြစ်သော ကျိုက်ခမီတိုင်း၊ သထုံတိုင်းတို့တွင် အေးချမ်းမှုရှိခဲ့သည်မှာ အချိန်ကြာမြင့်လာသည်။ သို့သော် ပြင်ပမွန်(လက်နက်ကိုင်)များက မွန်ရေးရာကိစ္စရပ်များအတွက် အနည်းငယ်လှုပ်ရှားလာသည်။ ခေါင်းဆောင်အချို့ မြို့ပေါ်လာရောက်၍ ဆွေးနွေးမှုများ ပြုလုပ်နေသည်။
ရပ်ရွာအေးချမ်းရေးအတွက် (ဍုင်ကွာန်သွက်ဂွံၜိုဟ်သြိုဟ်)
လက်ရှိမွန်မြန်မာနိုင်ငံတွင် ရပ်ရွာအေးချမ်းရေးအတွက်ဆိုပြီး သံဃာတော်များ၊ လူပုဂ္ဂိုလ်များ၊ နိုင်ငံရေးအဖွဲ့အစည်းများက ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ ရန်ကုန်မြို့တွင် ဧပြီ ၇ ရက်နေ့က ရပ်ရွာအေးချမ်းရေးအတွက် အသင်းအဖွဲ့အသီးသီးမှ လူအများ ကြီးမားစွာဆန္ဒထုတ်ဖော်ခဲ့ကြသည်။ မြို့ရွာများ အမှန်အေးချမ်းစေရမည်။ မြို့ရွာများ အမှန်အေးချမ်းစေရမည် ကြွေးကျော်သံများဖြင့် စုရုံးချီတက်ကြသည်။
မန္တလေးတွင်ဆန္ဒပြမည် (ထ္ၜးဆန္ဒပ္ဍဲဍုင်အင်ဝရောင်)
ဆရာကြီးဦးမှိုင်း (သခင်ကိုယ်တော်မှိုင်း) ဦးစီး၍ လာမည့် မေ ၁၉ ရက်နေ့တွင် အတွင်းလူ/အပြင်လူ (အစိုးရနှင့် တော်လှန်ရေးအဖွဲ့အစည်း)တို့က သူမနာ၊ ကိုယ်မနာညှိနှိုင်းဆွေးနွေးသွားရန် အစည်းအဝေးကြီးတရပ်ပြုလုပ်ပြီး ရပ်ရွာအေးချမ်းရေးဆန္ဒပြပွဲကြီး ကျင်းပသွားမည်ဖြစ်သည်။
ထိုနေ့ အစည်းအဝေးကျင်းပပြီးသည့်အခါ လူစုလူဝေးဖြင့် မြို့ရွာများ အမှန်အေးချမ်းစေရမည် မြို့ရွာများ အမှန်အေးချမ်းစေရမည် ကြွေးကျော်သံများဖြင့် မြို့လှည့်ပတ်ကြမည်ဖြစ်ကြောင်း သတင်းရရှိသည်။
အထက်ပါ သတင်းအကျဥ်းများမှ တစ်မျက်နှာ မွန်သတင်းစဥ်၏ သတင်းတန်ဘိုးများကို အကဲခတ်နိုင်လောက်ပြီဟု ယူဆပါသည်။
အချုပ်အားဖြင့် ရန်ကုန်မြို့အခြေစိုက် ရာမညတိုင်းလုံးဆိုင်ရာမွန်အဖွဲ့ချုပ်မှဦးစီးပြီး ၁၉၄၀ ခုနှစ်မှစတင်၍ မွန်သတင်းစဥ်များကို တစ်လတစ်ကြိမ်ထုတ်ဝေခဲ့ရာ တစ်စောင်လျင်တစ်ကျပ်နှုန်း၊ တစ်လ ၅၀ စောင် မှာယူသူများအတွက် တစ်နှစ်စာ ၅၀၀ ကျပ်၊ တစ်လ ၅ စောင်မှာယူသူများအတွက် တစ်နှစ်စာ ၅၀ ကျပ် ဖြစ်ကြောင်း မွန်သတင်းစဥ်၏ ရေးသားဖော်ပြချက်အရ သိရသည်။
သင်၏ဖတ်ရှုမှုအတွက် အထူးကျေးဇူးတင်ပါ၏
လွဲမှားမှုရှိပါက ထောက်ပြအကြံပြုကြပါကုန်။
Photo-Sunthorn Sripanngern (Sunthorn)