သံဖြူဇရပ်မြို့နယ် ကရုပ္ပိကျေးရွာမှ ပြည်သူ့စစ်ခေါင်းဆောင် နိုင်ကာတွန်း(ခေါ်) ဦးမောင်စိန် နှင့် အဖွဲ့ဝင် ဦးမောင်ကို ဆရာတပည့်နှစ်ဦးတို့အား တောင်ညိုစစ်ကြောင်းမှ ဖမ်းဆီးထားပြီး ကျန်းမာလျှက်ရှိကြောင်း ယမန်နေ့က ၎င်းတို့အသုံးပြုသည့် လူမှုကွန်ယက်စာမျက်နှာပေါ် ထုတ်ပြန်ချက်အရ သိရသည်။
၄င်းတို့နှစ်ဦး နှင့် အတူ AK (၃) လက်၊ ကျည်ဘောက် (၂) ခု၊ ကျည် (၄၂) တောင့်၊ M – 16 (၁) လက်၊ 38 ဗို့ ဆုံလည်ခြောက်လုံးပြူး (၁) လက်တို့နှင့် အတူ တောင်ညိုစစ်ကောင်း တပ်ခွဲ – ၁ က ဖမ်းဆီးရမိထားခြင်း ဖြစ်သည်။
ကျေးရွာပြည်သူ့စစ်ခေါင်းဆောင် နှင့် ပြည်သူ့စစ်အဖွဲ့ဝင်တစ်ဦး၊ ခြံလုပ်သား (၃) ဦးအား တော်လှန်ရေးအဖွဲ့များက ပြီးခဲ့သည့် ဇန်နဝါရီလ (၂၉) ရက် မနက်ပိုင်းက ဖမ်းဆီးခေါ်ဆောင်သွားပြီး၊ ဇန်နဝါရီလ (၃၀) ရက်တွင် ခြံလုပ်သား (၃) ဦးအား ပြန်လည်လွှတ်ပေးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ဦးမောင်စိန် (ခ) ဦးကာတွန်းမှာ နဝတ-နအဖလက်ထက်ကတည်းက ကျေးရွာဥက္ကဌအဆက်ဆက်နှင့် ကျေးရွာပြည်သူ့စစ်ခေါင်းတစ်ဦးဖြစ်သည့်အပြင်၊ သမ္မတဦးသိန်းစိန်လက်ထက်မှာလည်း ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်းနှင့် (၂၀၂၀) ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် သံဖြူဇရပ်မြို့နယ်ကြံ့ခိုင်ရေးပါတီမှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦးဖြစ်ကြောင်း သိရသည်။