သံဖြူဇရပ်မြို့နယ် အနင်းကျေးရွာနှင့် ထင်းရှူးကျေးရွာရှိ ရဲစခန်းများအား တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက တစ်ပြိုင်တည်း ဝင်ရောက်တိုက်ခိုက်ရာမှ တိုက်ပွဲများဖြစ်ပွားနေပြီး စစ်ကောင်စီတပ်ဘက်မှ လက်နက်ကြီးများပြင် ရဟတ်ယာဉ်နှင့်ပါ ပစ်ခတ်တိုက်ခိုက်နေကြောင်း ဒေသခံများထံမှ သိရသည်။
ယနေ့မနက် (၆) နာရီအချိန်ခန့်မှ စတင်ကာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက အနင်းကျေးရွာရှိ ရဲစခန်းအား ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှ တိုက်ပွဲများဖြစ်ပွားနေခြင်းဖြစ်ကြောင်း သံဖြူဇရပ်မြို့နယ် ဝဲကလိအခြေစိုက် စစ်ကောင်စီတပ်များနှင့် အနင်းကျေးရွာဘက်သို့ အဝေးမှပစ်ကူပေးနေကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။
“မနက် (၉) နာရီလောက်က တိုက်ခိုက်ရေးရဟတ်ယာဉ်တစ်စီးနဲ့ လိုက်ပစ်နေတယ်။ ရွာထဲမှာလည်း လူတွေပိတ်မိနေတယ်” ဟု ၎င်းဒေသခံက ဆက်လက်ပြောကြားသည်။
ရေးမြို့နယ် မော့ကနင်-ဝယ်ဖယ်အခြေစိုက် စစ်ကောင်စီ၏တပ်များမှလည်း လက်နက်ကြီးများဖြင့် အနင်းကျေးရွာသဘက်သို့ လှမ်း၍ပစ်ခတ်နေကြောင်း ဒေသခံများက ဆိုကြသည်။
ယင်းသို့ ပစ်ခတ်မှုကြောင့် လူနေအိမ်များပေါ်သို့ လက်နက်ကြီးများ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။
ယနေ့မွန်းတည့် (၁၂) နာရီအချိန်ခန့်အထိ ပစ်ခတ်သံများ ဆက်လက်ကြားနေရကြောင်း နှင့် ထိခိုက်ပျက်စီးမှုများနှင့် ဒေသခံများအခြေအနေမသိရသေးပေ။
https://www.facebook.com/100065935144988/videos/919557152638394