သံဖြူဇရပ်မြို့နယ် ဝဲကလိကျေးရွာ၊ ဝဲကလိတံတားညီနောင်ထိပ်တွင် ဇန်နဝါရီလ (၂၈) ရက် ညနေပိုင်းက ထော်လာဂျီယာဉ်တစ်စီးပေါ်မှ ဘိန်းစာရွက်အစို (၁၂၀) ပိဿာ ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါ ဝဲကလိတံတားညီနောင် စခန်းကြီးကျေးရွာဘက်တွင် လုံခြုံရေးရဲတပ်ဖွဲ့မှ စောင့်ဆိုင်းနေစဉ် သံဖြူဇရပ်မြို့ဘက်သို့ အသက် (၂၄) နှစ်အရွယ် ထွန်းဇော်ဆိုသူမောင်းနှင်လာပြီး၊ အသက် (၁၈) နှစ်အရွယ် အောင်သန်းဝင်းတို့ကို စစ်ဆေးနေစဉ် ထော်လာဂျီယာဉ်ပိုင်ရှင်ဖြစ်သူ အသက် (၅၆) နှစ်အရွယ် ဦးမြင့်ငွေ ဆိုသူမှာလည်းရောက်ရှိလာသည့်အတွက် ၎င်းတို့ (၃) ဦးအား စစ်ဆေးမှုများလုပ်ဆောင်ခဲ့ကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။
“ထော်လာဂျီယာဉ်ပေါ်ကိုတက်ပြီး စစ်ဆေးရှာဖွေမှုတွေလုပ်ဆောင်ခဲ့တဲ့အခါမှာ ရော်ဘာထင်းချောင်းတွေအောက်မှာ တစ်အိတ်ကို ဘိန်းစာရွက်အစို (၅၀) ကျပ်သားထုပ် (၂၀) ထုပ်ပါ အဝါရောင်ဆာလာအိတ် (၁၂) လုံး၊ စုစုပေါင်းအလေးချိန် (၁၂၀) ပိဿာကို ရှာဖွေတွေ့ရှိ သိမ်းဆည်းရမိခဲ့ပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
ထိုဘိန်းစာရွက်အထုပ်များနှင့်အတူ ဖမ်းဆီးရမိခဲ့သည့် ဦးမြင့်ငွေ၊ ထွန်းဇော် နှင့် အောင်သန်းဝင်း တို့ (၃) ဦးအား သံဖြူဇရပ်မြို့မရဲစခန်းတွင် မူးယစ်/စိတ်ပြောင်း ဥပဒေပုဒ်မများဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။