မော်လမြိုင်၊ ဇန်နဝါရီ (၂၅)
လက်ရှိပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC အနေဖြင့် စစ်ကောင်စီထောက်ခံသောပါတီကိုသာ အဓိကဦးစားပေးနေပြီး ပြည်နယ်အခြေစိုက် အင်အားကြီးတိုင်းရင်းသားပါတီများအား ပါတီမှတ်ပုံတင်ခွင့်ကိုချမပေးသေးဘဲ ပိုမိုတင်းကြပ်ထားသည်ကို တွေ့မြင်ရကြောင်း ဝါရင့်မွန်နိုင်ငံရေးသမားတစ်ဦးက ပြောဆိုလိုက်သည်။
“ရွေးကောက်ပွဲကျင်းပဖြစ်လာရင် ပြည်ခိုင်ဖြိုးလိုပါတီတွေ ပြည်နယ်တွေမှာ အနိုင်မရမှာစိုးလို့ အင်အားကြီးမားတဲ့ တိုင်းရင်းသားပါတီတွေကို လွယ်လွယ်နဲ့ မှတ်ပုံတင်ခွင့်ပြု မပေးသေးဘူး၊ တမင်သက်သက်ကို ညစ်ပတ်ထားတယ်၊ ၂၀၁၀ ကနေ ၂၀၂၀ ရွေးကောက်ပွဲမှာ ဝင်လာတဲ့ပုဂ္ဂိုလ်တွေချည်းဘဲ စစ်ကောင်စီ UEC မှာ လာပြီးမှတ်ပုံတင်တာ၊ ဘာမှအကြောင်းပြစရာမရှိဘဲ အခုလို MUP ကို မှတ်ပုံတင်မပေးဘဲ တမင်အချိန်ဆွဲထားတာ” ဟု ၄င်းက ဆိုသည်။
ရွေးကောက်ပွဲကျင်းပဖြစ်မည်ဆိုပါက ပြည်ခိုင်ဖြိုးပါတီအနိုင်ရရေးအတွက် ပြင်ဆင်ထားသည်ကိုတွေ့ရှိရကြောင်း၊ သို့ရာတွင် အင်အားနည်းသော ပါတီငယ်များကို ပါတီမှတ်ပုံတင်ချပေးထားကြောင်း တွေ့ရသည်ဟု ၄င်းကဆက်ပြောသည်။
စစ်ကောင်စီနှင့် ပူးပေါင်းနေသည့် မွန်ညီညွတ်ရေးပါတီ MUP သည် ယမန်နှစ် မတ်လ ၁၅ ရက်တွင် ပါတီဆက်လက်တည်ထောင်ခွင့်လျှောက်ထားသော်လည်း UEC က ပါတီမှတ်ပုံတင်ချမပေးသေးပေ။
MUP ပြောရေးဆိုခွင့်ရှိသူ နိုင်စံတင်က “တခြားတိုင်းရင်းသားတွေ ကျတယ်လေ၊ ရခိုင်က ၂ ခုလောက်ကျပြီး ကရင်အားလုံးကျတယ်လေ၊ KNDP ရော ဖလုံစဝေါရော ဒီမိုကရက်တစ်ရော၊ ကရင်ပါတီတွေ အားလုံးကျနေတာပဲ ၊ ကျနော်တို့ မွန်တွေမကျဘူး၊ ရခိုင်မကျဘူး ကချင်မကျဘူး ဘာလဲတော့မသိဘူး၊ ကျနော်တို့လှမ်းမေးနေတယ် စိစစ်နေဆဲလို့ ပြောနေတာပဲ၊ တင်ပြီးကတည်းက တခါမှခေါ်မတွေ့ဘူး၊ ဘာမှလည်းပြန်မပြောဘူးဗျ ကျနော်တို့ကိုလှမ်းခေါ်ပြီး မေးရင်တော့ တမျိုးပေါ့ဗျာ၊ ကျနော်တို့ကလည်း လှမ်းမေးထားတာပဲ ဘာကြောင့်လဲဆိုတာ ကျနော်တို့သိချင်တယ်၊ ဒါမှကျနော်တို့ ပြင်ဆင်လို့ရမယ် ဘာမှပြန်မပြောဘူး ဒုတိယအကြိမ်ပြန်စစ်ပြီးလည်း ဘာမှပြန်မပြောဘူး ခေါ်လည်းခေါ်မတွေ့ဘူး ဆွေးနွေးတာလည်းမရှိဘူး UEC က၊ စာနဲ့လည်း လှမ်းမေးပြီးပြီ၊ သူတို့ပြန်စီစစ်နေတာလို့ပဲ ပြောနေတယ်” ဟု ပြောသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC က မော်လမြိုင်မြို့သို့ (၂) ကြိမ်လာရောက်ပြီး MUP ပါတီကိုစစ်ဆေးခဲ့ကြောင်း၊ ပါတီမှတ်ပုံတင်မကျသေးသဖြင့် ရုံးများကိုလည်းပိတ်ထားရပြီး ပါတီဆိုင်းဘုတ်များကိုလည်း ဖြုတ်သိမ်းထားရကြောင်း တွေ့ရသည်။
အလားတူ ရခိုင်အမျိုးသားပါတီ ANP ပါတီသည်လည်း ပါတီမှတ်ပုံတင်မကျသေးသည့်အပြင် အသိပေးအကြောင်းကြားခြင်းလည်း မရှိခဲ့ကြောင်း ANP ဥက္ကဌ ဦးသာထွန်းလှက ပြောသည်။
“UEC က ဘာမှကျနော်တို့ကို ဘာအကြောင်းကြောင့်ဆိုတာ အသိပေးတာလည်း မရှိသေးဘူး ကျနော်တို့ကို ဒီနေ့အချိန်အထိ၊ အခုလို ဘာကြောင့်ဖြစ်တယ်ဆိုတာကိုလည်း ဘာမှမပြောပါဘူး” ဟု ၄င်းကဆိုသည်။
ပြီးခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲရလဒ်အရ မွန်ညီညွတ်ရေးပါတီ MUP၊ ရခိုင်အမျိုးသားပါတီ ANP နှင့် ကချင်ပြည်နယ်ပြည်သူ့ပါတီ KSPP တို့သည် ၄င်းတို့၏ ပြည်နယ်အသီးသီး၌ အင်အားကြီးမားသော ပါတီများဖြစ်ကြောင်း တွေ့ရသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် လက်ရှိပါတီတည်ထောင်ခွင့် မှတ်ပုံတင်ချပေးထားသည့် နိုင်ငံရေးပါတီ ၄၇ ခုလုံးသည် ပြီးခဲ့သော ၂၀၂၀ ရွေးကောက်ပွဲ၌ လူထုထောက်ခံမှုလုံးဝမရရှိဘဲ မဲအပြတ်အသတ်ရှုံးနိမ့်ခဲ့ကြသည့် နိုင်ငံရေးပါတီများဖြစ်ကြောင်း သိရသည်။