*ပထမအကြိမ်စတင်တွေ့ဆုံခြင်း
၁၉၈၁ ခုနှစ်လောက်မှာ ကျနော့ရဲ့ဂီတဆရာ မင်းရွေကိတ်(ရာမညမိုးစွေ)က မော်လမြိုင်မြို့ မောင်ငံအပေါ်လမ်းမှာရှိတဲ့ ဆရာကြီးရဲ့နေအိမ်ကို သွားရောက်ပြီး စတင်မိတ်ဆက်ပေးပါတယ်။ ကျနော်ကလည်း ဂီတစာဆိုသီချင်းရေးသမားတစ်ယောက်ဖြစ်ဖို့ ကြိုးပမ်းနေတဲ့အချိန် ဖားအောက်ဇာတိ စန္ဒယားဆရာ ဦးဘသန်း(ရဲဘော်ကုန်း) ဆီမှာ စန္ဒယားသင်နေတဲ့အချိန်ပေါ့။
အစာဇၞူကိုလည်း ဆရာရွှေကိတ်က အချိန်ပိုင်းပတ္တလားသင်ပေးနေတာပါ၊ မင်းရွှေကိတ် အမြဲတမ်းမူးနေတော့ ချိန်းဆိုထားတဲ့အတိုင်း အချိန်မှန်မှန်လာသင်မပေးနိုင်တဲ့အကြောင်းကို ဆရာကြီးက ငြီးငြူပြောဆိုပါတယ်။ အလယ်တန်းပြ ကျောင်းဆရာဖြစ်တဲ့ ဆရာရွှေကိတ်ကလည်း ကျောင်းမှာစာသင်စရာမလိုဘဲ ပြည်နယ်ကောင်စီရဲ့ On Duty နဲ့ ပုံမှန်လစာထုတ်ယူပြီး မွန်ပြည်နယ်ယဥ်ကျေးမှုအဖွဲ့မှာ သီချင်းရေးပေးနေတယ်။ အဲဒီအချိန်ကစပြီး ဆရာနဲ့ လူရင်းတစ်ယောက်လို ရင်းနှီးသွားကြတယ် သီချင်းစာသားနဲ့ သံစဥ်ဖွဲ့စည်းမှုအကြောင်းတွေ ပြောဆိုဖြစ်ကြတယ်၊ ဂန္ထဝင်မွန်သီချင်းကြီးတွေ မွန်လိုဆိုရအောင် ဘယ်လိုလုပ်ကြမလဲ ဆွေးနွေးဖြစ်ကြတယ်၊ အကြီုရာဇာဓိရာဇ်သီချင်းထွက်လာတယ်၊ နောက်ပိုင်း 8888 အရေးတော်ပုံဖြစ်ပေါ်ပြီး တစ်နေရာစီကွဲကွာလို့ မတွေ့ဖြစ်ခဲ့ကြတာ နှစ် ၂၀ ဝန်းကျင်။
ဆရာကြီးဟာ မွန်ဂီတအနုပညာလောကမှာ အတုမရှိသော အနှိုင်းမဲ့ဆရာတစ်ပါးပါ။ မွန်စာပေအရေးအသားမှာ ဂန္ထဝင်မြောက် စကားလုံး၊ ဝေါဟာရတွေဆိုရင် သိပ်ကိုကြွယ်ဝလှပေတယ်၊ (သူရေးသားခဲ့တဲ့ ကောင်းချီးသခႅါသီချင်း မွန်ဘာသာမှာ လေ့လာနိုင်ပါတယ်)
မွန်ဂီတအနုပညာလောကသစ်တစ်ခုကို တစ်ခေတ်ဆန်းသစ်စေခဲ့တဲ့ “လျးဟံသာ” ခေတ်ပေါ် မွန်တီးဝိုင်းအဖွဲ့ကို ၁၉၇၄ လောက်မှာ ပျိုးထောင်ပေးခဲ့သလို သူ့ကိုမွန်စာပေကဗျာနဲ့ သီချင်းရေးစပ်တဲ့ဆရာတစ်ပါး၊ လူကြီးအကြိုက် ဂန္ထဝင်မွန်သီချင်းကြီးတွေကအစ လူလတ်ပိုင်းတွေသီဆိုတဲ့ ခေတ်ပေါ်စန္ဒယားသီချင်းတွေအပြင် အသက် ၂၀ ဝန်းကျင်တွေအတွက် ထိုခေတ်က လမ်းသူရဲသီချင်းလို့ ခေါ်ကြတဲ့ Disco,Pop,Rock, ChaCha, GoGo Music အစုံအလင်ပါပဲ၊ လျးဟံသာအဖွဲ့အတွက် သီချင်းပေါင်း ၅၅ ပုဒ်ခန့်၊ အခြားအဆိုတော်တွေအတွက် အပုဒ် ၃၀ လောက် အသံသွင်းဖြန့်ချိခဲ့တာသိရတယ်၊ ၂၀၁၅ အလွန် ထုတ်လုပ်တဲ့ MDP ပါတီသီချင်း CD မှာလည်း ဝါဒဖြန့်သီချင်းတွေရေးခဲ့သေးတယ်။ သီချင်းအားလုံးကို ငွေကြေးတစ်ပြားမှမယူ အခမဲ့ ရေးပေးခဲ့တာပါ။
၂၀၀၁ ခုနှစ်မှာ ဟံင်ဆာန်ရဲ့ ဆာန်မန်ဆာန်နာဲကို ကျနော်က မွန်ကာရာအိုကေ အရင်ဆုံး ဒါရိုက်တာလုပ်ပါတယ်၊ ဗီဒီယိုသီချင်းရုပ်သံတည်းဖြတ်နေတဲ့ကာလမှာ MNEC အတွက် မွန်ဖတ်စာအုပ်တွေပြုစုနေတဲ့ ဆရာကြီးနဲ့အတူ မင်းကံစီကွန်ပျူတာဆိုင်(ရေတာရှည်လမ်းသစ်-ဗဟန်း)မှာ တစ်လကြာလောက် အတူတည်းခိုကြတယ်၊ ရန်ကုန်စာယဉ်အဖွဲ့မှ မင်းတင်ထွန်း၊ နိုင်စိုးကြည်၊ မင်းကံစီ၊ နိုင်စိန်တီ၊ မင်းခင်မောင်ရင်(ဒေါက်တာ) တို့နဲ့ ညနေတိုင်းမှာ ဆုံဖြစ်ကြပါတယ်၊ ဒေါက်တာမင်းနွယ်စိုးလည်း တခါတလေရောက်လာတတ်ပါတယ်။
ဒီလိုနဲ့ပဲ နေ့လယ်အားလုပ်ချိန်တွေမှာ ဆရာကြီးရဲ့ ဘဝဇာတ်ကြောင်းကို ကျနော်မေးမြန်း ဖြစ်ခဲ့ပါတယ်။ ပါဠိအခြေခံတဲ့ ပရိယတ္တိစာပေဟာ အလွန်ခက်ခဲလှပါတယ်၊ ဆရာကြီးဟာ မွန်ပရိယတ္တိစာပေ ပထမပြန်စာမေးပွဲ အကြီးတန်းကို ကိုရင်ဘဝ အသက် ၁၇ နှစ်မှာ ဂုဏ်ထူးနဲ့အောင်မြင်ခဲ့သလို ဘယ်ပုံဘယ်နည်းနဲ့ ခေတ်ပညာတတ် ဘွဲ့တွေရခဲ့တာလည်းဆိုတာကို ကျနော်သိချင်ဆုံးပါလို့ ကျနော်ပြောတော့ သူကစိတ်ရှည်လက်ရှည်နဲ့ အခုလို ကျနော့ကို ရှင်းပြပေးပေးခဲ့တယ်။
“ဆရာကြီးနိုင်ချစ်သောင်းတို့ နှစ်စဥ်ဦးစီးကျင်းပခဲ့တဲ့ ရာမညတိုင်းလုံးဆိုင်ရာမွန်အဖွဲ့ချုပ်ရဲ့ မွန်ပထမပြန်စာမေးပွဲမှာ အကြီးတန်းကို ပထမဆုဆွတ်ခူးရရှိခဲ့ပါတယ်၊ ၁၃ နှစ်သားကိုရင်ဝတ်ပြီး ပေါင်မြို့က မွန်ဘုန်းတော်ကြီးကျောင်းမှာ စာသင်တယ်၊ နောက်မန္တလေးက စာသင်တိုက်တခုမှာ ၂ နှစ်၊ နောက်တော့ ဘီလူးကျွန်းမုဒွန်းဆရာတော်မှာ ၂ နှစ်တက်ရင်း ပထမကြီးဝင်ဖြေခဲ့တာပါ။ ဝန်ကြီးချုပ်ဦးနုက ဆုရတဲ့မွန်ရှင်/ရဟန်း ၅ ပါးကို ဆုတော်ငွေကျပ်တစ်ထောင်စီ ဆုချပါတယ်၊ အဲဒီကဆုငွေတွေနဲ့ မွန်ရှင်/ရဟန်း ၅ ပါးကို နိုင်ချစ်သောင်းက အိန္ဒိယ၊ သီရိလကႅာနဲ့ ထိုင်းနိုင်ငံတို့ကို ဘုရားဖူးသွားဖို့ အစီအစဥ်လုပ်ရင်း ရန်ကုန်မှာသောင်တင်နေခဲ့ပါတယ်။
ဆရာကြီးရဲ့ ဖခင်ရုတ်တရက်သေဆုံးသွားကြောင်း မော်လမြိုင်ကနေကြေးနန်းလက်ခံရတော့ မော်လမြိုင်ကို ချက်ချင်းပြန်သွားရပါတယ်။
မွေးချင်း ၄ ဦးအနက် အစ်မ ၃ ယောက်ရှိပြီး အငယ်ထွေးဆုံးဖြစ်တဲ့ ဆရာကြီးကို မောင်ငွေထိန်းဟု ခေါ်ကြပါတယ်။ အကြီးဆုံးအစ်မတို့လင်မယားချင်း ရန်ဖြစ်ကြပြီး ယောက်ဖက ဓါးနဲ့လိုက်ခုတ်ရာမှာ ဖခင်ဖြစ်သူလည်း အသက်ပါဆုံးပါးခဲ့ရတာပါ။ မော်လမြိုင်ဆေးရုံရောက်တဲ့အခါ ဖခင်အသက်မရှိတော့ပါ။
သားယောက်ကျားလေးတစ်ယောက်ထဲမို့ အမေဖြစ်သူကို ဝိုင်းကူရင်း ထုံးအိုင်မှာ ၄ တန်းကနေပြီး ကျောင်းတက်ခွင့်ရတယ် အသက် ၁၈ ရှိပါပြီ။ အဂႅလိပ်စာ၊ မြန်မာစာတော်တာကြောင့် ၅-၆-၇ တန်းကိုတစ်နှစ်၊ ၈-၉-၁၀ တန်း ဆက်တိုက်အောင်မြင်ခဲ့ပြီး မော်လမြိုင်ကောလိပ်တက်ခဲ့ပါတယ်။ အဲဒီကအစ ပညာရေးဝန်ထမ်းဘဝနဲ့ ပင်စင်ရတဲ့အထိဖြစ်သွားတာပေါ့လို့ ဆရာကပြောပြပါတယ်။
ဆရာကြီးနဲ့ပတ်သက်ပြီး စုဆောင်းရရှိသမျှ အကျဥ်းရုံးပြီး တင်ပြပါရစေ။ အကယ်၍ အချက်အလက်များ လွဲမှားမှုရှိခဲ့ပါက ပြန်လည်ပြင်ဆင်ကြပါကုန်။
မွေးဖွားရာဇာတိ-ထုံးအိုင်ကျေးရွာ၊ ဘားအံမြို့နယ်၊ သထုံခရိုင်၊ တနသႅာရီတိုင်း (ထိုစဥ်က အိန္ဒိယနိုင်ငံ) အဖ နိုင်ပိုက်+ မိခင် မိသင်းအုံ။
မွေးဖွားရက်-၁၂၉၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် (၄) ရက်၊ (၁၀-၂-၁၉၃၆) တနလႅာနေ့
ပညာအရည်အချင်း- BA, Dip.Ed (မော်လမြိုင်ကောလိပ်နှင့် ရန်ကုန်တက္ကသိုလ်)
ပေါင်မြို့၊ ဘီလူးကျွန်းနှင့် မန္တလေးပရိယတ္တိစာသင်များတွင် အသက် ၁၃ နှစ်မှ ရှင်သာမဏေဘဝဖြင့် ပညာဆည်းပူး၍ ရာမညတိုင်းလုံးဆိုင်ရာမွန်အဖွဲ့ချုပ်မှဦးစီးကျင်းပသော ပရိယတ္တိပထမပြန်စာမေးပွဲကြီးတွင် အသက် ၁၇ နှစ်မှာ အကြီးတန်းကို အကျော်ဖြင့်အောင်မြင်ခဲ့။ ထိုနောက်လူထွက်ကာ ၄ တန်းမှပညာသင်ကြား၍ ပညာထူးချွန်သဖြင့် အတန်းကျော်သင်ကြားခွင့်ရခဲ့ပြီး ၂ နှစ်ခန့်အကြာတွင် ၈ တန်းအောင်မြင်ခဲ့သည်။
၁၉၅၇ တွင် ၁၀ တန်းအောင်မြင်
၁၉၅၈-၅၉ ခုနှစ်မှာ မော်လမြိုင်ဥပစာကောလိပ်စတက်ခဲ့။ ဒုဥက္ကဌ-မွန်တက္ကသိုလ်ကျောင်းသားများအသင်း။
၁၉၅၉-၆၀- ဥက္ကဌ မွန်တက္ကသိုလ်ကျောင်းသားများအသင်း။မော်လမြိုင်ဥပစာကောလိပ်။
၁၉၆၀ -၆၁ – ဒုဥက္ကဌ၊ ရန်ကုန်တက္ကသိုလ်၊ မွန်တက္ကသိုလ်ကျောင်းသားများအသင်း။
၁၉၆၂-၆၄ အထွေထွေအတွင်းရေးမှူး ရန်ကုန်တက္ကသိုလ်၊ မွန်တက္ကသိုလ်ကျောင်းသားများအသင်း။
၁၉၆၅ -၆၈ – မူလတန်းကျောင်းအုပ်၊ ကော့ဘိန်းကျေးရွာမှ အလယ်တန်းကျောင်းအုပ်၊ ထီးလုံရွာ လှိုင်းဘွဲမြို့နယ်။
၁၉၆၈ -၇၈ – အလယ်တန်းကျောင်းအုပ်ဆရာကြီး၊ သံလှယ်ကျေးရွာ၊ ဘားအံမြို့နယ်။
၁၉၇၈-၈၄ အထက်တန်းကျောင်းအုပ်၊ ကော့ကရိတ်မြို့နှင့် မြို့နယ်ပညာရေးမှူး။
၁၉၈၄-၈၇ သထုံမြို့နယ်ပညာရေးမှူး
၁၉၈၇ -၉၁ မော်လမြိုင်မြို့နယ် ပညာရေးမှူး
(အထူးသဖြင့် 8888 တွင် ပညာရေးဝန်ထမ်းများ၏သပိတ်စခန်းသို့ စစ်သားများ လာရောက်မပစ်ခတ်စေရန် ရတခတိုင်းမှူးနှင့် အဓိကကြားဝင်၍ ညှိနှိုင်းဆောင်ရွက်ပေးခဲ့)
၁၉၉၁ – ၉၃ -မွန်ပြည်နယ် ပညာရေးမှူး
(ထိုစဥ်ကာလတွင် မွန်ပြည်သစ်ပါတီ၏ ပစ်ခတ်မှုကြောင့် ချောင်းဆုံမြို့နယ် မယကဥက္ကဌ (ဗိုလ်ကြီး)တစ်ဦး သေဆုံးခဲ့သဖြင့် မယက ဥက္ကဌအဖြစ် တွဲဖက်တာဝန်ယူခဲ့ရသည်)
၁၉၉၃ – ၉၅ – ပဲခူးတိုင်းပညာရေးမှူး
၁၉၉၅ – ၉၈ – ကချင်ပြည်နယ်ပညာရေးမှူး
၁၉၉၈ – ၂၀၀၀ -ညွှန်ကြားရေးမှူး-(အထက်မြန်မာပြည်) အခြေခံပညာဦးစီးဌာန။
၂၀၀၀ -၂၀၀၉ အထိ မွန်အမျိုးသားပညာရေးကော်မတီ MNEC တွင် ပါဝင်အားဖြည့်အားပြီး တိုင်းရင်းပညာရေးနှင့် ပတ်သက်သည့် နိုင်ငံတကာအလုပ်ရုံဆွေးနွေးပွဲများသို့ တက်ရောက်ခြင်း၊ မွန်ကျောင်းဆရာများအား လိုအပ်သောသင်တန်းများကို ပို့ချပေးခဲ့သည်။
၂၀၁၀ -၁၃။ ဥက္ကဌ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီ AMDP
၂၀၁၃ – ၂၀၁၈။ ဒုဥက္ကဌ (၂) မွန်အမျိုးသားပါတီ MNP
၂၀၁၈ မှ ဒုဥက္ကဌ(၂) မွန်ညီညွတ်ရေးပါတီ MUP
ထိုနောက် အသက်အရွယ်အရ ကျန်းမာရေးအခြေအနေကြောင့် မွန်ညီညွတ်ရေးပါတီ MUP ၏ နာယကတစ်ဦးအနေဖြင့် ဘဝ၏နောက်ဆုံးချိန်အထိ တာဝန်ယူခဲ့သည်။
၁၉၆၄ မှ ၉၄ အထိ နှစ် ၃၀ ကြာခန့်အတောအတွင်း မွန်ပြည်သစ်ပါတီရဲ့ UG တစ်ဦးဖြစ်ခဲ့တယ်။
၁၉၇၄ မှ ၂၀၂၀ ဝန်းကျင်အထိ မွန်ဘာသာနဲ့ ကဗျာ၊ ဂန္ထဝင်ရိုးရာသီချင်း၊ ခေတ်ပေါ် Pop, Rock, Disco သီချင်းများ၊
၁၉၈၇ -၉၁ – မော်လမြိုင်မြို့နယ် မွန်စာပေနှင့် ယဥ်ကျေးမှုဥက္ကဌ
အငြိမ်းစားယူပြီးနောက် ၂၀၀၂ မှ ၂၀၀၉ အထိ နိုင်ငံရေးပါတီမတည်ထောင်မီကာလ၌ ဆရာကြီး၏ မြိုင်သာယာဥယာဥ်ခြံတွင် ကျောင်းသား/သူများအား အဆင့်မြင့်မွန်စာပေနှင့် အဂႅလိပ်စာတို့ကို သင်ကြားပေးခဲ့တယ်။
မွန်ပြည်သစ်ပါတီလက်အောက်ခံ မွန်အမျိုးသားပညာရေးကော်မတီ MNEC တွင် ပညာရှင်တစ်ဦးအဖြစ်ပါဝင်ခဲ့သည်၊ နိုင်ငံတကာ ပညာရေးနှီးနှောဖလှယ်ပွဲများ၊ ဗမာမဟုတ်သော တိုင်းရင်းသားပညာရေးသင်ရိုးညွှန်းတန်းရေးဆွဲရေး၊ မိခင်ဘာသာသင်ကြားရေး၊ ကျောင်းသားဗဟိုပြုအခြေခံပညာရေး (CCA) မွန်ပညာရေးဆရာ/မများအတွက် ဆရာဖြစ်သင်တန်းများ ပို့ချပေးခဲ့တယ်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဖြစ်ပေါ်လာပြီး ၂၀၁၀ ရွေးကောက်ပွဲဝင်ရောက်ယှဥ်ပြိုင်မယ့် မွန်ကိုယ်စားပြုပါတီမရှိတာကြောင့် ဒေါက်တာမင်းနွယ်စိုးနဲ့ တိုင်ပင်ပြီး ၂၀၁၀ ခုနှစ်မှာ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီ AMDP ပါတီတည်ထောင်သူတစ်ဦးအဖြစ် နိုင်ငံရေးလောကသို့ ဝင်ရောက်လာတယ်။
ကျိုက်မရောမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ၂၀၁၀ ရွေးကောက်ပွဲဝင်ခဲ့ရာမှာ မဲအလိမ်ခံရတာကြောင့် ပြည်ခိုင်ဖြိုးပါတီကိုယ်စားလှယ်ကို ရှုံးနိမ့်ခဲ့ရတာလို့ မေကျမချမ်း ပြောဆိုလေ့ရှိတယ်။ ၂၀၁၂ မှာ မွန်ဒီမိုကရေစီပါတီ MDP ပေါ်လာလို့ မွန်နှစ်ပါတီအပြိုင်အဆိုင်ဖြစ်လာတဲ့အခါမှာလည်း မွန်နှစ်ပါတီပေါင်းစည်းရေးကို လှုပ်ရှားဆောင်ရွက်ရင်း AMDP ထိပ်ပိုင်းခေါင်းဆောင် လက်တွဲဖော်များရဲ့ အထင်အမြင်လွဲမှားမှုကို ခံခဲ့ရတယ်။
အသက် (၈၈) နှစ်အရွယ် ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၂၃ ရက်မှာ ကွယ်လွန်သွားရှာပြီ၊
အစာဇၞူလို့ ကျနော်တို့ခေါ်ကြတဲ့ ဆရာကြီးနိုင်ငွေသိန်းဟာ လူချစ်လူခင်ပေါများသလို မြန်မာ့ပညာရေးလောကနဲ့ နိုင်ငံရေးလောကမှာ လူသိများသူဖြစ်ပါတယ်။
“ဍောင်လ္ရဵုပြဟ် ဍောင်လ္ရဵုရာင်” အပွင့်တွေက တချို့ကြွေ တချို့ဝေ ဆရာကြီးရေးစပ်ခဲ့သလိုပဲ သခႅါရသဘောတရားအရ ကျနော်အလွန့်အလွန်လေးစားစံပြုထားတဲ့ ခေါင်းဆောင်တွေဆိုလည်း ခုတလော တဖြုတ်ဖြုတ်နဲ့ ကြွေလွင့်ခဲ့ပါတယ်။