မော်လမြိုင်၊ ဇန်နဝါရီ-၂၃
မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ AMDP ဥက္ကဌဟောင်း ဆရာကြီးနိုင်ငွေသိန်း(ခ) ဇၞူမန် အသက် ၈၈ နှစ်သည် ယနေ့မွန်းလွဲပိုင်းအချိန်က ရန်ကုန်မြို့အာရှတော်၀င်ဆေးရုံ၌ကွယ်လွန်အနိစ္စရောက်ခဲ့ပြီး ကြွင်းကျန်သည့်ရုပ်ကလဒ်အား မော်လမြိုင်မြို့သို့ ယူဆောင်လာကာ ဇန်နဝါရီ ၂၅ ရက်တွင် မီးသင်္ဂြိုလ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
မွန်အမျိုးသားပါတီ MDP နှင့် မွန်ညီညွတ်ရေးပါတီတို့တွင် ဒုဥက္ကဌအဖြစ်လည်းကောင်း၊ မွန်ကဗျာ၊ ဂန္ထဝင်နှင့် ခေတ်ပေါ်မွန်သီချင်းရေးဆရာအဖြစ်လည်းကောင်း၊ အခြေခံပညာဦးစီးဌာန အထက်မြန်မာပြည်မန္တလေးညွှန်ကြားရေမှူး(စီမံ) ဖြင့်လည်းကောင်း ဆရာကြီးနိုင်ငွေသိန်း အငြိမ်းစားယူခဲ့ပြီး မွန်အမျိုးသားတို့၏ ထင်ရှားသည့်တတ်သိပညာရှင်တစ်ဦးအဖြစ် ထင်ရှားသည်။
ဆရာကြီးနိုင်ငွေသိန်းအား ၁၉၃၆ ခု ဖေဖော်ဝါရီ ၁၀ ရက် (မွန်မြန်မာသက္ကရာဇ် ၁၂၉၇ ခု တပို့တွဲ လပြည့်ကျော် ၄) တနလႅာနေ့တွင် ဖခင် နိုင်ပိုက်နှင့် မိခင် မိသင်အုန်းတို့က တနသႅာရီတိုင်း၊ သထုံခရိုင်၊ ဘားအံမြို့နယ် ထုံးအိုင်ကျေးရွာ၌ မွေးဖွားခဲ့သည်။
အသက် ၁၃ နှစ်အရွယ်တွင် ကိုရင်ဝတ်၍ သာသနာ့ဘောင်သို့ဝင်ရောက်ခဲ့ပြီး မွန်/မြန်မာပရိယတ္တိစာပေများကို ပေါင်မြို့၊ မန္တလေးမြို့နှင့် ဘီလူးကျွန်းရှိစာသင်တိုက်အသီးသီးတို့တွင် ပညာဆည်းပူးခဲ့ကြောင်း၊ ရာမညတိုင်းလုံးဆိုင်ရာမွန်အဖွဲ့ချုပ်မှ ၁၉၅၃ ခုနှစ်တွင် ဦးစီးကျင်းပသော မွန်ပရိယတ္တိစာမေးပွဲတွင် အကြီးတန်းကို ကိုရင်ဘဝဖြင့် ပထမအထူးဆုဖြင့်အောင်မြင်ခဲ့သဖြင့် ဝန်ကြီးချုပ်ဦးနုက ဆုငွေတစ်ထောင်ကျပ်ချီးမြှင့်ခဲ့ကြောင်း၊ ထိုဆုငွေဖြင့် သီရိလကႅာနှင့် ထိုင်းနိုင်ငံသို့ဘုရားဖူးသွားရောက်ရန် ဓါတုဗေဒမင်းကြီး နိုင်ချစ်သောင်းထံအပ်နှံထားကြောင်း၊ သို့သော်လည်း ဖခင်ဖြစ်သူမှာလည်း မမျှော်လင့်ဘဲ ရုတ်တရက်ဆုံးပါးသွားခဲ့သဖြင့် ဘုရားဖူးအစီအစဥ် ပျက်သွားရကြောင်း၊ ထိုနောက်သာသနာ့ဘောင်မှထွက်လိုက်ရကာ ကျန်ရစ်သူမိခင်ထံသို့ ပြန်လာ၍ ထုံးအိုင်မူလတန်းကျောင်း၌ ၄ တန်းမှစ၍ ပညာသင်ကြားခဲ့ကြောင်း နိုင်ငွေသိန်းက ၄င်း၏ဘဝဖြစ်စဥ်ကို ပြောကြားခဲ့သည်။
ပညာထူးချွန်သူဖြစ်သောကြောင့် နောက်ပိုင်းတွင် အတန်းကျော်တက်ခွင့်ရခဲ့ပြီး တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့ရာ ၁၉၅၈ ခုနှစ်တွင် မော်လမြိုင်ကောလိပ်နှင့် ရန်ကုန်တက္ကသိုလ်တို့တွင် ပညာသင်ကြားခဲ့ပြီး နိုင်ငံတကာဆက်ဆံရေး IR, B.A Dip.Ed. ဘွဲ့ရရှိခဲ့သည်။
ထိုနောက် မူလတန်းကျောင်းဆရာဘဝမှ ကျောင်းအုပ်၊ မြို့နယ်၊ ပြည်နယ်ပညာရေးမှူးအဆင့်ဆင့်ဖြင့် မွန်၊ ကရင်၊ ပဲခူး၊ ကချင်ပြည်နယ်အသီးသီးတွင် တာဝန်ထမ်းဆောင်ပြီး အမှတ်(၂) အခြေခံပညာဦးစီးဌာနတွင် ညွှန်ကြားရေမှူးတာ၀န်ဖြင့် ၂၀၀၀ ခုနှစ်တွင် မန္တလေးတိုင်း၌ အငြိမ်းစားယူခဲ့သည်။
ပညာရေးဝန်ထမ်းဘဝတွင် မွန်ခေတ်ပေါ်တီးဝိုင်း “လျးဟံသာ” ကို ၁၉၇၄ ခုနှစ်က ဦးဆောင်တည်ထောင်သူအဖွဲ့ဝင်တစ်ဦးဖြစ်သည့်အပြင် မွန်ကဗျာ၊ ဂန္ထဝင်နှင့် ခေတ်ပေါ်သီချင်းပေါင်းများစွာကို ၁၉၇၄ ခုနှစ်မှ ၂၀၂၀ ခုနှစ်ဝန်းကျင်အထိ ရေးစပ်သီကုံးခဲ့သူဖြစ်သည်။
တက္ကသိုလ်ကျောင်းသားဘဝတွင် မွန်ကျောင်းသားခေါင်းဆောင်ဖြစ်ခဲ့သည့်အပြင် ၁၉၆၄ ခုနှစ်မှ ၁၉၉၄ အထိ မွန်ပြည်သစ်ပါတီ၏ ထိပ်တန်း UG တစ်ဦးဖြစ်ခဲ့ကြောင်း သိရသည်။
၂၀၁၀ ခုနှစ်တွင် မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီ AMDP ပါတီတည်ထောင်သူတစ်ဦးအဖြစ် နိုင်ငံရေးလောကသို့ ဝင်ရောက်လာပြီး ကျိုက်မရောမြို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဆရာကြီးနိုင်ငွေသိန်း ရွေးကောက်ပွဲဝင်ခဲ့သည်။
ဆရာကြီးနိုင်ငွေသိန်း ကွယ်လွန်ချိန်တွင် ဇနီးဖြစ်သူဆရာမကြီး ဒေါ်အေးသန်းနှင့် သမီး(၃) ယောက်တို့ ကျန်ရစ်ခဲ့ကြောင်း သိရသည်။