သတင်းစဉ်- ဇန်နဝါရီ၊၁၇
မွန်ပြည်သစ်ပါတီ ဂုဏ်ထူးဆောင်ဥက္ကဌ ဗိုလ်ချုပ်ထောမွန်၏ စျပနအခမ်းအနားအား ထိုင်းမြန်မာနယ်စပ်ရှိ မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေ ဘုရားသုံးဆူမြို့နယ် ဂျပန်ရေတွင်း၌ လာမည့်တနဂႅနွေနေ့ (ဇန်နဝါရီ ၂၁ ရက်) တွင် ကျင်းပမည်ဖြစ်သည်။
အသက် (၇၈) နှစ်ရှိ ဗိုလ်ချုပ်ထောမွန်သည် ယနေ့ (ဇန်နဝါရီ ၁၇ ရက်) နံနက် (၇) နာရီအချိန်၌ ထိုင်းနိုင်ငံ ကန်ချနပူရီပြည်နယ် စံခလပူရီမြို့နယ် ပြည်သူ့ဆေးရုံကြီး၌ လူကြီးရောဂါဖြင့် ကွယ်လွန်အနိစ္စရောက်ခဲ့ခြင်း ဖြစ်သည်။
သို့ဖြစ်ရာ မွန်ပြည်သစ်ပါတီ လက်အောက်ခံ ရုံးဌာနအသီးသီးနှင့် တပ်ရင်းတပ်ဖွဲ့များအနေဖြင့် ဂုဏ်ထူးဆောင်ဥက္ကဌ ကွယ်လွန်သည့် ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် ယနေ့မှစတင်၍ စျပနအခမ်းအနားပြီးဆုံးသည်အထိ အလံများတိုင်ဝက်လျှော့ချထားမည်ဖြစ်ကြောင်း သိရသည်။
ဗိုလ်ချုပ်ထောမွန်သည် မြန်မာ့ငြိမ်းချမ်းရေးဆွေးနွေးပွဲဖြစ်စဥ်တလျှောက်တွင် မွန်ပြည်သစ်ပါတီကို ဦးဆောင်ခဲ့ပြီး ၂၀၁၈ ခုနှစ်တွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA ကို လက်မှတ်ရေးထိုးခဲ့သည်။
မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် MNLA ၏ စစ်ဦးစီးချုပ်အဖြစ် ဗိုလ်ချုပ်ထောမွန် တာဝန်ယူခဲ့စဥ်ကာလများတွင် မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော်၏ လက်နက်ကိုင်အင်အားကို အမြင့်ဆုံးအတိုင်းအတာတစ်ခုအထိ စုစည်းတည်ဆောက်နိုင်ခဲ့သောကြောင့် မွန်တိုင်းရင်းသားများက အထူးကြည်ညိုလေးစားရသူတစ်ဦး ဖြစ်သည်။
ဗိုလ်ချုပ်ထောမွန်၏ ငယ်နာမည်မှာ မင်းရွှေထားဖြစ်ပြီး ဖခင် နိုင်ဒိုင်စိန်၊ မိခင် မိငွေကြည်တို့က မုဒုံမြို့နယ် ကွမ်လှာကျေးရွာအနီး ဖိုင်းကလ(ဖိုင်ကၠ) ရွာ၌ ခြံအလုပ်လုပ်ကိုင်ရင်း ၁၉၄၆ ခုနှစ် အောက်တိုဘာ ၁၅ ရက်နေ့တွင် မွေးဖွားသန့်စင်ခဲ့သည်။
မင်းရွှေထားသည် ငယ်ရွယ်စဥ်ကတည်းက မိခင်ကွယ်လွန်ခဲ့ပြီး အဖိုးနှင့်ဖခင်၏ ညီမတို့မှ ကျွေးမွေးစောင့်ရှောက်ကာ မူလတန်းမှအလယ်တန်းအထိ ကမာဝက်ကျေးရွာ၌ ပညာသင်ကြားခဲ့သည်။ မွန်တက္ကသိုလ်ကျောင်းသားများနှင့် အဆက်အသွယ်ရရှိလာကာ ကျေးရွာအဆင့်လူငယ်လှုပ်ရှားမှုတွင် တက်ကြွစွာ ပါဝင်လှုပ်ရှားခဲ့သည်။ မုဒုံမြို့ အထက(၁) တွင် ၁၀ တန်းအောင်မြင်ခဲ့ပြီး ၁၉၆၅ ခုနှစ် ဧပြီလတွင် မွန်ပြည်သစ်ပါတီသို့ ရောက်လာသည့်အခါ နိုင်ထောမွန်အဖြစ် အမည်ပြောင်းလဲခဲ့သည်။
ဗိုလ်ချုပ်ထောမွန်သည် မွန်ပြည်သစ်ပါတီသို့ စတင်ဝင်ရောက်လာစဥ်က ကြေးနန်းဆက်သွယ်ရေးဌာန၊ မြို့နယ်ဥက္ကဌ၊ မြို့နယ်နိုင်ငံရေးမှူး၊ စစ်သင်တန်းနည်းပြဆရာ ဖြစ်ခဲ့ပြီး ၁၉၇၁ ခုနှစ် မွန်အမျိုးသားလွတ် မြောက်ရေးတပ်မတော် MNLA စတင်ဖွဲ့စည်းသည့်အခါ ဒုခွဲမှူးအဆင့်၊ အရန်ဗဟိုကော်မတီဝင်၊ ဗဟိုစစ်ကော်မတီအဖွဲ့ဝင်၊ သမိန်ဗရမ်းတပ်ရင်း၏ နိုင်ငံရေးမှူး၊ နောက်ပိုင်းတွင် အမှတ် (၉) တပ်ရင်းမှူး ဖြစ်လာသည်။
ဗိုလ်ချုပ်ထောမွန်သည် ၁၉၈၁-၈၇ ခုနှစ်များအတွင်း မွန်ပြည်သစ်ပါတီ(ဥက္ကဌ နိုင်နွန်လာအဖွဲ့) တွင် ဗဟိုကာကွယ်ရေးဌာနတာဝန်ခံ၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်နှင့် စစ်ဦးစီးချုပ် တာဝန်များကို ထမ်းဆောင်ခဲ့သည်။
ဥက္ကဌနိုင်ရွှေကျင် ကွယ်လွန်ပြီးနောက် ၂၀၀၃ ခုနှစ်တွင် မွန်ပြည်ပါတီ ဒုဥက္ကဌနှင့် စစ်ကော်မတီဥက္ကဌ၊ ဥက္ကဌထင်ကွယ်လွန်ပြီးနောက် ၂၀၀၅ ခုနှစ်တွင် စတုတ္ထမြောက် မွန်ပြည်သစ်ပါတီဥက္ကဌအဖြစ် ဆက်လက်ရွေးချယ်ခံရသည်။
နောက်ပိုင်းတွင် ကျန်းမာရေးအခြေအနေကြောင့် တာဝန်မှအနားယူခဲ့ပြီး ၂၀၂၀ ခုနှစ်၌ ဂုဏ်ထူးဆောင်ဥက္ကဌ ဖြစ်လာသည်။ ကွယ်လွန်ချိန်တွင် ဇနီး မိဝုနှင့်အတူ သမီးတစ်ဦး၊ သားနှစ်ဦးတို့အပြင် မြေး ၄ ဦး ကျန်ရစ်ခဲ့ကြောင်း သိရသည်။
မွန်ပြည်သစ်ပါတီ ဥက္ကဌ နိုင်ထော်မွန် ကွယ်လွန်သွားတဲ့အတွက် စိတ်မကောင်းဖြစ်ရပါတယ်။ ၎င်းသည် ၎င်း၏ မိသားစုအတွက် ကြီးမားသော ဆုံးရှုံးမှုတစ်ခုသာမက မွန်လူမျိုးများအတွက် ကြီးမားသော ဆုံးရှုံးမှုတစ်ခုလည်း ဖြစ်သည်။