သတင်းစဥ်-ဇန် (၁၆)
စစ်ကောင်စီနှင့် ဆန့်ကျင်တိုက်ခိုက်နေသူများအကြား လက်ရှိကာလတွင် စစ်ပွဲများအရှိန်မြင့်တက်လာနေပြီး ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးအဖြေရှာရေးသည်လည်း အလားအလာမရှိသေးကြောင်း၊ စစ်ပွဲများနှင့် အကြမ်းဖက်မှုများကြောင့် ပြည်သူအများအပြား စစ်ဘေးဒဏ်ကို များစွာခံစားနေရကြောင်း၊ ထို့ကြောင့် မွန်ဒေသ၏ တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးကောင်းမွန်လာစေရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြီးခဲ့သည့် ၁၁ ကြိမ်မြောက် ဗဟိုညီလာခံနောက်ဆုံးရက်ဖြစ်သည့် ဇန်နဝါရီ ၁၄ ရက်နေ့တွင် မွန်ပြည်သစ်ပါတီက ကျေငြာချက်ထုတ်ပြန်ခဲ့သည်။
မွန်ပြည်သစ်ပါတီ၏ တရားစီရင်ရေးကဏ္ဍနှင့် အုပ်ချုပ်ရေးယန္တရားများ ပိုမိုခိုင်မာလာစေရေးအတွက် ဆောင်ရွက်ရန်ဖြစ်ကြောင်း မွန်ပြည်သစ်ပါတီ၏ တတ်သိပညာရှင် တိုးချဲ့ဗဟိုကော်မတီဝင်လောင်းအဖြစ် လျာထားခြင်းခံရသူ ဒေါက်တာပညာမွန်က ပြောသည်။
၄င်းက “တရားဥပဒေစိုးမိုးရေးဆိုတာက သူတို့ရဲ့တရားဥပဒေစိုးမိုးရေးပေါ့နော် မွန်ပြည်သစ်ပါတီ ထိန်းချုပ်ထားတဲ့နယ်မြေတွေရှိတယ် တရားစီရင်ရေးပိုပြီးတော့ခိုင်မာလာအောင် သူတို့တည်ဆောက်ပါလိမ့်မယ်၊ ပြီးတော့ အုပ်ချုပ်ရေးယန္တရားတွေကို ပိုပြီးတော့ ခိုင်မာလာအောင်၊ အခြေခံဒေသကနေတဆင့် တခြားမွန်ရွာတွေမှာပါ သူတို့ရဲ့အုပ်ချုပ်ရေးယန္တရားတွေ ပိုပြီးတော့ခိုင်မာလာအောင် တည်ဆောက်သွားဖို့လို့ ကျနော်မြင်တယ်” ဟု ပြောသည်။
အထူးသဖြင့် ယမန်နှစ်အတွင်း ကော့ကရိတ်၊ ကျိုက်မရောနှင့် ရေးမြို့နယ်မှကျေးရွာအချို့၌ စစ်မျက်နှာဖြစ်ပွားခဲ့သည်ကို မွန်ပြည်သစ်ပါတီ အကာအကွယ်မပေးနိုင်ခဲ့သည့်အပေါ် ရဟန်းသံဃာတော်များနှင့် ပြည်သူများ အားမလိုအားမရဖြစ်ခဲ့ရကြောင်း သိရသည်။
ဒေါက်တာသီရိမွန်ချမ်းက “မွန်ဒေသ တရားဥပဒေစိုးမိုးရေးနဲ့ လုံခြုံရေးကောင်းလာဖို့ဆိုတာက အမျိုးသားရေးတာဝန်တရပ်ပါ မူလကနဦးအစကတည်းက လုပ်သင့်လုပ်ထိုက်တဲ့အလုပ်ပါ၊ အမျိုးသားလုံခြုံရေးနဲ့ ကာကွယ်ရေးမဟာဗျူဟာ National Security and Defense Strategy တွေကို ချမှတ်ပြီး လေးလေးနက်နက် ဆောင်ရွက်သင့်တာကြာပါပြီ၊ ဒါပေမယ့် ဒီဟာကို အကောင်အထည်ဖော်နိုင်ဖို့က မွန်ပြည်သစ်အနေနဲ့ Hard Power လို့ခေါ်တဲ့ စစ်အင်အား အတော်အသင့်ရှိဖို့ အဓိကလိုအပ်ပါလိမ့်မယ်” ဟု ဆိုသည်။
ထို့ပြင် မွန်ပြည်သစ်ပါတီသည် အမျိုးသားညီညွတ်ရေးခိုင်မြဲစေရန် ကြိုးစားလုပ်ကိုင်ရင်း မိမိတို့၏ ပါတီ၊ တပ်ဖွဲ့၊ အခြေခံဒေသတို့ကို ကောင်းမွန်စွာတည်ဆောက်သွားမည်ဖြစ်သလို တချိန်တည်းမှာပင် ဘဝတူ တိုင်းရင်းသားလက်နက်များနှင့်လည်းကောင်း၊ ရည်ရွယ်ချက်ခြင်းတူညီသည့် လက်နက်ကိုင်အဖွဲ့အစည်းများနှင့်လည်းကောင်း ညီညွတ်ရေးတည်ဆောက်၍ ကိုယ်ပိုင်ပြဌာန်းခွင့်ရှိသော ဖက်ဒရယ်ပြည်ထောင်စုစစ်စစ် ပေါ်ထွန်းစေရေးကို ကြိမ်းပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
သို့ရာတွင် တတိယနိုင်ငံရောက် ၈၈ မျိုးဆက်မွန်ကျောင်းသားဟောင်းတစ်ဦးက “ထုတ်ပြန်ချက်တွေကိုဘဲ စာတွေနဲ့ ခဏခဏထုတ်ပြန်နေပြီးတော့ လက်တွေ့မှာ ဘာမှမလုပ်ဆောင်ဘူးဆိုရင် ဘာမှလည်း အကျိုးမရှိသလို ဘာမှလည်း အရာမရောက်ပါဘူး၊ ကျနော်တို့မွန်အဖွဲ့အစည်းတွေမှာ တော်လှန်ရေးနေ့တို့ လူငယ်များနေ့တို့ အမျိုးသားနေ့တွေလိုမှာ ပါတီအဖွဲ့အစည်းအသီးသီးတွေရဲ့သဘောထားတွေ သူတို့ခေါင်းဆောင်တွေရဲ့ သဘော ထားတွေ ခဏခဏတွေ့နေခဲ့ရတာပဲ၊ တကယ့်တကယ်မှာက အကောင်အထည်ဖော်နေခဲ့သလား ဖော်နိုင်ခဲ့သလားဆိုတာ ပြည်သူတွေက သိပါတယ်၊ အခုလောလောဆယ် မွန်ပြည်သစ်ပါတီရဲ့ ထိန်းချုပ်နယ်မြေဆိုတာက ရေးချောင်းဖျား၊ ကြာအင်းဆိပ်ကြီး တောင်ပေါက်ဒေသ၊ ကော့ဘိန်း-မင်းရွာဘက်မှာဘဲ ရှိပါတယ် အဲဒီဒေသတွေမှာ တရားဥပဒေစိုးမိုးရေးနဲ့ လုံခြုံရေး တကယ်လုပ်ခဲ့သလားဆိုတာ မေးခွန်းတွေအများကြီး ရှိပါတယ်” ဟု ဆိုသည်။
ညီလာခံတွင် ဥက္ကဌ နိုင်ဟံသာ၊ ဒုဥက္ကဌ နိုင်အောင်မင်း၊ အထွေထွေအတွင်းရေးမှူး နိုင်ကျော်ယဲ့၊ တွဲဖက်အတွင်းရေးမှူး နိုင်ဝင်းလှအပါအဝင် ဗဟိုအလုပ်အမှုဆောင်ဟောင်းများအားလုံး ပြန်လည်ရွေးချယ်ခံရကြောင်း၊ ဗဟိုအလုပ်အမှုဆောင် (၁၁) ဦးတို့ပါဝင်သော ဗဟိုကော်မတီဝင် (၃၅) ဦး၊ အရန် (၆) ဦး စုစုပေါင်းဗဟိုကော်မတီ (၄၁) ဦးတို့ကို လှို့ဝှက်မဲစနစ်ဖြင့် ရွေးချယ်ခဲ့ကြောင်း သိရသည်။
ထို့အတူ မွန်ပြည်သစ်ပါတီတွင် ၂၅ နှစ်ဆက်တိုက် ဗဟိုကော်မတီဝင်ဖြစ်ခဲ့သူများအား အမြဲတမ်းဗဟိုကော်မတီဝင်အဖြစ်သတ်မှတ်အတည်ပြုပေးခဲ့ကြောင်း၊ ပါတီပြင်ပမှ လူငယ်၊ အမျိုးသမီး၊ တတ်သိပညာရှင်၊ မျိုးချစ်ပုဂ္ဂိုလ်များနှင့် အသင်းအဖွဲ့ဝင်တို့မှ တိုးချဲ့ဗဟိုကော်မတီဝင်လောင်း (၇) ဦးတို့အား နောက်လများတွင် ဆက်လက်အတည်ပြုသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။