ဇန်နဝါရီ (၁၃)
မြန်မာနိုင်ငံမြောက်ပိုင်းတွင်ဖြစ်ပေါ်နေသော စစ်ရေးပဋိပက္ခများကို အပစ်ရပ်စဲ၍ တွေ့ဆုံဆွေးနွေးမှုများမှတဆင့် ငြိမ်းချမ်းစွာဆွေးနွေးဖြေရှင်းသွားရန် သဘောတူညီမှုရရှိခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မာနင်အိုက အပတ်စဥ်ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ ပြောဆိုလိုက်သည်။
နစက၏ ငြိမ်းချမ်းရေးညှိနှိုင်းမှုဆွေးနွေးရေးအဖွဲ့နှင့် မြောက်ပိုင်းညီနောင်မဟာမိတ် (၃)ဖွဲ့ဖြစ်သည့် ကိုးကန့် MNDAA၊ တအာင်း(ပလောင်)TNLA၊ ရက္ခိုင့်တပ်တော် AA အဖွဲ့တို့မှ တာဝန်ရှိသူများသည် တရုတ်နိုင်ငံ ကူမင်းမြို့၌ ဇန်နဝါရီလ ၁၀-၁၁ ရက်က နှစ်ရက်ကြာတွေ့ဆုံဆွေးနွေးညှိနှိုင်းမှုများပြုလုပ်၍ ယာယီအပစ်ရပ်စဲရေး သဘောတူညီခဲ့ကြပြီး မြန်မာနိုင်ငံရှိ တရုတ်နိုင်ငံ၏စီမံကိန်းများနှင့် တရုတ်နိုင်ငံသားများ ဘေးကင်းရေးအတွက်လုပ်ဆောင်ပေးရန် ကတိပြုခဲ့ကြောင်း ဆိုသည်။
“မြန်မာတပ်မတော်ကိုယ်စားလှယ်တွေနဲ့ မြန်မာနိုင်ငံ မြောက်ပိုင်းတိုင်းရင်းသား လက်နက်အဖွဲ့သုံးဖွဲ့ရဲ့ ကိုယ်စားလှယ်တွေဟာ ချက်ချင်းအပစ်ခတ်ရပ်စဲဖို့၊ ရန်လိုမှုတွေ အဆုံးသတ်ဖို့၊ အငြင်းပွားမှုတွေကို တွေ့ဆုံဆွေးနွေးမှုတွေကတဆင့် ငြိမ်းချမ်းစွာ ဆွေးနွေးဖြေရှင်းဖို့ သဘောတူညီခဲ့တယ်။ ဒါ့ပြင် နှစ်ဖက်စလုံးဟာ နယ်စပ်ဒေသမှာနေထိုင်နေသူတွေအပြင် မြန်မာနိုင်ငံရှိ တရုတ်နိုင်ငံရဲ့စီမံကိန်းတွေနဲ့ တရုတ်နိုင်ငံသားတွေ ဘေးကင်းရေးအတွက် လုပ်ဆောင်ပေးဖို့ ကတိပြုခဲ့တယ်”ဟု မာအိုနင်က ပြောသည်။
အပစ်ခတ်ရပ်စဲနိုင်ခြင်းနှင့် ငြိမ်းချမ်းရေးဆွေးနွေးနိုင်ခြင်းသည် မြန်မာနိုင်ငံက အဖွဲ့စည်းအားလုံး၏ အကျိုးစီးပွားကိုဖြစ်ထွန်းစေသလို တရုတ်-မြန်မာနိုင်ငံနယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးအတွက် ကူညီပေးနိုင်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ဆက်လက်ပြောကြားသည်။
အလားတူ တပ်မတော်နှင့် မြောက်ပိုင်းမဟာမိတ်(၃)ဖွဲ့တို့ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ပြီးနောက် ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးအတွက် သဘောတူညီခဲ့ကြကြောင်း နစကပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ယမန်နေ့ (ဇန်နဝါရီလ ၁၂ ရက်)တွင် မီဒီယာများအား ရှင်းလင်းပြောကြားခဲ့သည်။
ထို့ပြင် အဆိုပါ ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးအား ခိုင်မာစေရန်အတွက် ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ ကုန်စည်စီးဆင်းမှုများမြန်ဆန်စေရန် နယ်စပ်ဒေသရှိ ကုန်သွယ်ရေးဂိတ်များ ပြန်လည်ဖွင့်လှစ်နိုင်ရေး တရုတ်-မြန်မာ နှစ်နိုင်ငံဆက်လက် ညှိနှိုင်းဆောင်ရွက်သွားရန် ဆွေးနွေးခဲ့ကြောင်း ၄င်းက ဆက်ပြောသည်။
နစက၏ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့နှင့် ညီနောင်မဟာမိတ် ၃ ဖွဲ့တို့သည် ပထမအကြိမ်အဖြစ် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁၁- ၁၃ ရက်များတွင် တကြိမ်၊ ဒီဇင်ဘာလ ၂၂- ၂၄ ရက်တွင် ဒုတိယအကြိမ်ဆွေးနွေးမှုအပြီး လောက်ကိုင်ရှိ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ဒကစ-လောက်ကိုင်)၊ သိန္နီအခြေစိုက် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်-စကခ ၁၆ နှင့် ကွတ်ခိုင်အခြေစိုက်ဗျူဟာကုန်းများမှ ဗိုလ်မှူးချုပ် (၆) ဦးအပါအဝင် မြန်မာ့တပ်မတော်တပ်ဖွဲ့ဝင်များသည် ညီနောင်မဟာမိတ် ၃ ဖွဲ့ထံ လက်နက်ချခဲ့ကြောင်း သတင်းရရှိသည်။