ရေး- ၉၊ဇန်နဝါရီ ၊၂၀၂၄။
မွန်ပြည်သစ်ပါတီ၏လုပ်ငန်းစဥ်များအား ပိုမိုကျယ်ပြန့်စွာဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ ပါတီပြင်ပမှ တတ်သိပညာရှင်၊ အမျိုးသမီး၊ လူငယ်၊ မျိုးချစ်ပုဂ္ဂိုလ်များနှင့် လူမှုအဖွဲ့အစည်းများတွင် လှုပ်ရှားလျှက်ရှိသော ပုဂ္ဂိုလ်များပါဝင်သည့် တိုးချဲ့ဗဟိုကော်မတီဝင် (၇) ဦးတို့အား ပါဝင်ခွင့်ပြုသွားမည်ဟု (၁၁) ကြိမ်မြောက် မွန်ပြည်သစ်ပါတီဗဟိုညီလာခံက ဆုံးဖြတ်ခဲ့ကြောင်း မွန်ပြည်သစ်သတင်းစဥ်က ယနေ့တွင်ဖော်ပြသည်။
အဆိုပါ တိုးချဲ့ဗဟိုကော်မတီဝင်လောင်းများတွင် လူငယ်အဖွဲ့အစည်းဖြစ်ပါက အသက် ၂၅ မှ ၃၅ နှစ်အတွင်း၊ အမျိုးသမီးအဖွဲ့အစည်း၊ မျိုးချစ်အဖွဲ့အစည်းနှင့် တတ်သိပညာရှင်များဖြစ်ပါက အသက်အရွယ်မရွေး၊ ပါတီ၏လမ်းစဥ်ကို လက်ခံသူ၊ ပါတီ၏စည်းမျဥ်းဥပဒေများကို လိုက်နာကျင့်သုံးသူဖြစ်ပြီး ပါတီမှပေးအပ်သော တာဝန်များကိုလည်း အပြည့်အဝထမ်းဆောင်နိုင်သူဖြစ်ရမည်ဟု ပါတီညီလာခံ၏ လမ်းညွှန်ချက်တွင် ဖော်ပြပါရှိသည်။
ထို့ပြင် တိုးချဲ့ဗဟိုကော်မတီဝင်လောင်းအနေဖြင့် ဆုတံဆိပ်တစ်မျိုးမျိုးကိုရရှိထားသူ၊ လူမှုအဖွဲ့အစည်းတစ်ခုခုတွင် တာဝန်ထမ်းဆောင်ခဲ့ဖူးသူဖြစ်ပြီး ပါတီ၏ညီလာခံသက်တမ်းကုန်ဆုံးသည်အထိ အချိန်ပြည့်တာဝန်ထမ်းဆောင်နိုင်သူဖြစ်ရမည်ဟု သိရသည်။
အထက်ပါ သတ်မှတ်ချက်အရည်အချင်းများနှင့် ပြည့်စုံသူပုဂ္ဂိုလ်များအား သက်ဆိုင်ရာမိမိတို့အဖွဲ့အစည်းအလိုက် တိုးချဲ့ဗဟိုကော်မတီဝင်လောင်းများကို ရွေးချယ်တင်ပြ၍ ညီလာခံ၏ သတ်မှတ်ချက်ပါ အရေအတွက်အတိုင်း မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီက ဆက်လက်အတည်ပြုပေးသွားမည်ဟု ဆိုသည်။
လက်ရှိကျင်းပလျက်ရှိသော (၁၁) မြောက် မွန်ပြည်သစ်ပါတီဗဟိုညီလာခံသည် မနက်ဖန် ဇန်နဝါရီ (၁၀) ရက်နေ့မှစတင်၍ ဗဟို၊ ခရိုင်၊ မြို့နယ်ကော်မတီဝင်အဆင့်ဆင့်ကို လှို့ဝှက်မဲဖြင့် စတင်ရွေးချယ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
Photo-မွန်ပြည်သစ်သတင်းစဥ်။