ရေး စက်တင်ဘာ (၂၄)
စစ်အုပ်ချုပ်ရေး (Martial Law) ကြေညာထားသည့် ရေးမြို့နယ်အတွင်း အမျိုးသမီးများအား ပစ်မှတ်ထားကာ လုယက်မှုများကျူးလွန်နေကြကြောင်း မြို့ခံများ၏ ပြောကြားချက်များအရ သိရသည်။
ရေးမြို့တွင် လက်ကိုင်ဖုန်း၊ ပိုက်ဆံအိတ် နှင့် မော်တော်ဆိုင်ကယ်များ၊ လက်ဝတ်ရတနာများ မကြာခဏ လုယက်ခံရသည့် ဖြစ်စဉ်များ မကြာခဏ ဖြစ်ပွားလျက်ရှိိကြောင်း ရေးမြို့ခံတစ်ဦးက ပြောကြားသည်။
၎င်းက“ဆိုင်ကယ်စီးနေရင် လက်ကိုင်ဖုန်းအလုခံရရင် ဆိုင်ကယ်တိမ်းမှောက်ပြီး ထိခိုက်ဒဏ်ရာရတာတွေ ဖြစ်ကြတယ်။ အများအားဖြင့်က အမျိုးသမီးတွေကို အဓိက ဦးတည်ပြီးတော့ လုယက်ကြတာများတယ်” ဟု ပြောသည်။
ပြီးခဲသည့် စက်တင်ဘာလ (၁၉) ရက်က ရေးမြို့၊ အောင်မင်္ဂလာရပ်ကွက်၊ ရေး – အစင်သွားကားလမ်းနှင့် မီးရထားလမ်းဆုံနေရာအနီးရှိ ဆန်းမြတ်ထွန်း တည်းခိုခန်းရှေ့တွင် အစင်ကျေးရွာမှ ရေးမြို့ရှိ ချေးငွေကုမ္ပဏီတစ်ခုအား ငွေသွင်းရန်လာသည် အမျိုးသမီးတစ်ဦး မောင်းနှင်လာသော ဆိုင်ကယ်အား အမည်မသိ အမျိုးသားနှစ်ဦး စီးနင်းလာသည့် ဆိုင်ကယ်မှ ကပ်လာကာ အမျိုးသမီးမောင်းနှင်လာသည့် ဆိုင်ကယ်အား ကန်မှောက်ကာ ပိုက်ဆံများလုယက်ထွက်ပြေးသွားသည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း နှင့် ထိုဖြစ်စဉ်ကြောင့် ဆိုင်ကယ်မောင်းနှင်လာသည့် အမျိုးသမီးတွင် ထိခိုက်ဒဏ်ရာများရရှိခဲ့ပြီး လူမှုကူညီကယ်ဆယ်ရေးအဖွဲ့က ရေးခရိုင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရကြောင်း မြို့ခံများ၏ ပြောကြားချက်များအရ သိရသည်။
အလားတူ ပြီးခဲ့သည့် ဩဂုတ်လ (၃၀) ရက်ကလည်း ရွှေဆံတော်အနောက်ဘက်လမ်း၊ နေမျိုးရာဇာ ဆေးခန်းအနီးတွင် အမျိုးသမီးထံမှ ပိုက်ဆံအိတ်အား ဆိုက်ကယ်စီးလာသည့် အမည်မသိ အမျိုးသားနှစ်ဦးက လုယက်သွားကြောင်း၊ ထို့အပြင် စက်တင်ဘာလ (၁) ရက် မွန်းလွဲပိုင်းအချိန်ကလည်း ရေးမြို့၊ ရန်ကြီးအောင် (ခ) လမ်းရှိ Wave Money ဆိုင်မှ ပိုက်ဆံထုတ်ပြီး ပြန်လာသည့် အမျိုးသမီး၏ ပိုက်ဆံအိတ်အား ဆိုင်ကယ်စီးလာသည့် လူငယ်နှစ်ဦးမှ လုယက်သွားရာ လက်ကိုင်ဖုန်းတစ်လုံး နှင့် ငွေသား (၄) သိန်းကျော်ပါသွားကြောင်း မြို့ခံများထံမှ သိရသည်။
ထိုအခြေအနေများကြောင့် အမျိုးသမီးများအနေဖြင့် လမ်းပေါ်သွားလာစဉ် ပိုက်ဆံအိတ်ကိုင်ဆောင်က ဆိုင်ကယ်မောင်းနှင်ခြင်း၊ လက်ကိုင်ဖုန်းပြောခြင်း၊ လက်ဝတ်ရတနာများ ပေါ်ပေါ်ထင်ထင် ဝတ်စားခြင်းများမပြုလုပ်ကြရန် အကြံပြုပြောဆိုမှုများရှိသည်။
ရေးမြို့ပေါ်တွင်သာမက ရေးမြို့နယ်အတွင်းရှိ ကျေးရွာများအတွင်းတွင်လည်း မကြခဏ ခိုးဆိုးလုယက်မှုများဖြစ်ပွားနေကြောင်းလည်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။
ရေးမြို့နယ် လမိုင်းမြို့တွင်လည်း ခိုးဆိုးလုယက်မှုများမကြာခဏဖြစ်ပွားနေသည့်အတွက် မြိုခံပြည်သူများက ညကင်းစောင့်အဖွဲ့ ဖွဲ့စည်းကာ ကိုယ်ထူကိုယ်ထ လုံခြုံရေးလုပ်ဆောင်နေကြရကြောင်း လမိုင်းမြို့ခံများ၏ ပြောကြားချက်များအရ သိရသည်။
မွန်ပြည်နယ် ရေးမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးများ၊ ဝန်ထမ်းများနှင့် ဒေသခံပြည်သူများ မကြာခဏ တိုက်ခိုက်သတ်ဖြတ်ခ့နေရသည့်အတွက် အရှေ့တောင်တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်းရှိ မွန်ပြည်နယ် ရေးမြို့နယ် အား ယခုနှစ် ဖေဖေါ်ဝါရီလ (၂) ရက် မှစတင်ကာ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးဆိုင်ရာ စစ်အုပ်ချုပ်ရေး (Martial Law) အာဏာကို ကျင့်သုံးသကြောင်း နစက မှ ထုတ်ပြန်ကြေညာထားကြောင်း သိရသည်။
ထွေအုပ်ဦးစီးဌာန၏စာရင်းအရ ၂၀၁၉ ခုနှစ် စက်တင်ဘာလကုန်အထိ ရေးမြို့နယ်တွင် လူဦးရေ ၂ သိန်း ၇ သောင်းကျော် (၂၇၄,၆၇၁ဦး) ရှိပြီး မွန်ပြည်နယ်တွင် ဒုတိယလူဦရေအများဆုံး မြို့နယ်ဖြစ်သည်။