မော်လမြိုင်၊ စက်တင်ဘာ ၂၃
ယခုနှစ် ရော်ဘာရာသီအစတွင် ရော်ဘာလုပ်သား ရှားပါးမှုနှင့် ကြုံနေရကြောင်း ရော်ဘာစိုက် တောင်သူများထံမှ သိရသည်။
လက်ရှိတွင် ခြံကို သန့်ရှင်းရေးလုပ်ခြင်း နှင့် အပင်များ ဝဲကျွေးခြင်းများ စတင်ဆောင်ရွက်နေပြီဖြစ်သော်လည်း အလုပ်သမား ခေါ်မရသည့် ပြသာနာရှိနေကြောင်း ရော်ဘာစိုက်တောင်သူ တစ်ဦးက ပြောသည်။
“အရင်နှစ်က လှောင်သမားတွေလောက်ပဲ ဈေးကွက်မှာ ရောင်းနေတယ်။ အများစုက ခြံပြင်နေကြတုန်းပဲ။ အလုပ်သမားက ဌားမရဘူးဖြစ်နေတယ်။ ပြည်ပထွက်ကုန်ကြတာ တော်တော်များများတယ်”ဟု ၎င်းက ပြောသည်။
ယခင်နှစ်များတွင် ဧရာဝတီတိုင်း၊ ပဲခူးတိုင်းမှ အလုပ်သမားများလာရောက် လုပ်ကိုင်လေ့ရှိသော်လည်း ယခုနှစ်၌ လမ်းခရီးတွင် စစ်ဆေးမှုများ တင်းကျပ်ထားသောကြောင့် လာရောက်ခြင်း မရှိကြောင်း ၎င်းက ဆက်ပြောသည်။
ထို့ပြင် ငွေကြေးကွာဟမှုရှိသောကြောင့် ပြည်ပနိုင်ငံများသို့ သွားရောက်ကာ ရော်ဘာအစေးခြစ်လုပ်ငန်းများ လုပ်ကိုင်နေကြကြောင်း သိရသည်။
မော်လမြိုင်မှ လုပ်ငန်းရှင်တစ်ဦးက “ဒီမှာ ရော်ဘာခြစ်တာထက် ဟိုမှာက ငွေကြေးအဆကွာတယ်လေ။ အဲတော့ ဟိုမှာပဲ လုပ်ကြတော့တာ။ လုပ်နိုင်သလောက်လည်း ရတယ်လေ”ဟု ပြောသည်။
ထို့ပြင် လုံခြုံရေးအခြေအနေကြောင့် ရော်ဘာအစေးခြမ်းလုပ်သားများ ခြံထဲသို့သွားလာရန်အတွက်လည်း အခက်အခဲရှိနေကြောင်း ၎င်းက ဆက်ပြောသည်။
မွန်ပြည်နယ်တွင် ရော်ဘာခြံလုပ်ငန်းကို နှစ်စဉ် စက်တင်ဘာလလယ်မှ မေလကုန်အထိ လုပ်ကိုင်ကြကြောင်း သိရသည်။