သထုံ စက်တင်ဘာ (၁၇)
သထုံမြို့၊ သိမ်ကုန်းရပ်ကွက်၊ ရွှေစာရံဘုရားလမ်းရှိ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းဝင်းအတွင်း မြေတူးရာမှ မုဒြာပုံစံ အမျိုးမျိုးတို့ဖြင့် ရုပ်လုံးပေါ် နှင့် အကျိုးအပဲ့ ရှေးဟောင်းအုတ်ခွက်ဘုရားများကို စက်တင်ဘာလ (၁၅) ရက် နံနက်ပိုင်းက ထပ်မံတူးဖော်တွေ့ရှိခဲ့သည်။
ကျောင်းဝင်အတွင်း ကျောင်းအဆောင်သစ် ဆောက်လုပ်ရန် မြေတူးရာမှ ပြီးခဲ့သည့် ဩဂုတ်လ (၃၀) ရက်နေ့က ရှေးဟောင်းအုတ်ခွက်ဘုရား (၁၉) ဆူအား စတင်တွေ့ရှိခဲ့ရပြီး၊ စက်တင်ဘာလ (၁၅) ရက် နံနက်ပိုင်းကလည်း အပြည့်အစုံ (၁၃၈) ဆူနှင့် အကျိုးအပဲ့ (၂၂၄) ဆူ၊ စုစုပေါင်း (၃၆၂) ဆူအား ထပ်မံ တွေ့ရှိခြင်းဖြစ်သည်။
“ယခင်က တွေ့ရှိခဲ့တဲ့ အုတ်ခွက်ဘုရား (၁၉) ဆူကို မွန်ပြည်နယ်ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနထံ အပ်နှံထားပြီးဖြစ်ပါတယ်။ ထပ်မံတူးဖေါ်တွေ့ရှိတဲ့ အုတ်ခွက်ဘုရားတွေကိုတော့ လက်ရှိမှာ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းမှာဘဲ ခေတ္တထိန်းသိမ်းထားပါတယ်။ သက်ဆိုင်ရာတာဝန်ရှိသူတွေ လိုအပ်သလိုဆောင်ရွက်နိုင်ဖို့အတွက် ဆက်သွယ်ဆောင်ရွက်သွားမှာဖြစ်ပါတယ်” ဟု သထုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။
ယခုတူးဖေါ်တွေ့ရှိခဲ့သည့် အုတ်ခွက်ဘုရားများမှာ ယခင် (၂၀၁၅) ခုနှစ်၊ ဇွန်လ (၁၅) ရက်၊ ဇူလိုင်လ (၁၅) ရက်၊ ဩဂုတ်လ (၈) ရက် နှင့် စက်တင်ဘာလ (၁၅) ရက်များက စတုဘုမ္မိကမဟာသတိပဌာန် (ငှက်တွင်း) ကျောင်းတိုက်ဝင်းအတွင်း တူးဖေါ်တွေ့ရှိခဲ့သည့် အုတ်ခွက်ဘုရားပေါင်း (၆၅၀) ကျော်၊ အကျိုးအပဲ့ (၉၀၀) နီးပါးတို့နှင့် ပုံစံတူ၊ လက်ရာတူ အုတ်ခွက်ဘုရားများဖြစ်ကြောင်း သိရသည်။
လွန်ခဲ့သောနှစ်ပေါင်း (၄၅) နှစ်ခန့်ကလည်း ယခုအုတ်ခွက်ဘုရား တူးဖေါ်တွေ့ရှိရာ အ.ထ.က (၄) ကျောင်းအနီးရှိ အ.ထ.က (၂) ကျောင်းဝင်းအတွင်း၌လည်း အုတ်ခွက် ဘုရားပေါင်း(၁၀၀၀) ကျော်ကို ပထမအကြိမ်အဖြစ် တူးဖေါ် တွေ့ရှိခဲ့ဖူးကြောင်း၊ ဒုတိယအကြိမ်အဖြစ် ငှက်တွင်းကျောင်းတိုက်ဝင်းအတွင်း အဆူရေ (၁၀၀၀) ကျော်၊ တတိယအကြိမ်အဖြစ် ငှက်တိုက်ကျောင်းတိုက်အနီးရှိ မြန်မာနှစ်ခြင်းခရစ်ယာန်ဘုရားကျောင်းဝင်းအတွင်း၌ အုတ်ခွက်ဘုရားအဆူရေ (၂၄၀) ကျော်၊ စတုတ္ထအကြိမ်အဖြစ်၊ အ.ထ.က (၂) ကျောင်းဝင်းအတွင်း၌ အဆူရေ (၂၁၀) ကျော်နှင့် ယခုတူးဖေါ်တွေ့ရှိခဲ့သည့် ရှေးဟောင်းအုတ်ခွက်ဘုရားများမှာ ပဉ္စမအကြိမ်မြောက် တူးဖေါ်တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။