ထိုင်းနိုင်ငံ ကန်ချနပူရီပြည်နယ် စံခလပူရီမြို့ ဝင်းကရွာနေ မွန်အမျိုးသမီးတစ်ဦးထံသို့ ကယ်ရီကားမှ ပေးပို့သောပါဆယ်ထုပ်ပုံးတစ်ခုတွင် ယမန်နေ့ ညနေပိုင်းက ခွင့်ပြုချက်မဲ့ခဲယမ်းပစ္စည်းများ ဖမ်းဆီးရမိကြောင်း ထိုင်းသတင်းများမှ သိရသည်။
ချွန်ဘူရီပြည်နယ်မှ အမည်ရင်းမသိပုဂ္ဂိုလ်တစ်ဦးက ဝင်းကရွာ အိမ်အမှတ် 241 နိုင် Peeraphon Pannaree ထံသို့ လိပ်မူဖော်ပြထားသော ပါဆယ်ထုပ်ပုံးတစ်ခုကို ၄င်းအိမ်ရှေ့သို့ ယမန်နေ့မွန်းလွဲ ၃ နာရီအချိန်ခန့် ကယ်ရီကားမှ ချပေးထားခဲ့စဥ် အရပ်ဝတ်ရဲများက လှို့ဝှက်စောင့်ကြည့်နေသည်ဟု ထိုင်းလုံခြုံရေးနှင့်နီးစပ်နေသူ တစ်ဦးက ပြောသည်။
“ည ၇ နာရီမှာ နိုင် Peeraphon Pannaree ရဲ့ ဇနီးလို့ယူဆရတဲ့ မစ္စ Pornthip ဆိုတဲ့ အမျိုးသမီး အိမ်ရှေ့ထွက်လာပြီး ပါဆယ်ထုပ်ကို လာယူတဲ့အခါ ရဲကချက်ချင်း ဝင်ဖမ်းလိုက်တာ” ဟု ၄င်းကဆိုသည်။
အဆိုပါ ပါဆယ်ထုပ်အတွင်း အထူးရဲတပ်ဖွဲ့နှင့်စစ်သားများ ဖောက်ကြည့်ရာတွင် အသုံးပြုထားပြီးသည့် ၅.၅၆ မီလီမီတာ ကျည်ဆံခွံ ၉၂၀ တောင့်၊ M16, A1 ကျည်ဆန် ၂၀ တောင့်ဝင် ကျည်ကပ် ၂၀၊ M16, A1 ကျည်ဆန် ၃၀ တောင့်ဝင် ကျည်ကပ် ၄ ခု သိမ်းဆည်းရမိခဲ့ပြီး ခွင့်ပြုချက်မရှိသော ခဲယမ်းများ လက်ဝယ်ထားရှိမှုဖြင့် ဖမ်းဆီးအရေးယူမည်ဖြစ်ကြောင်း သိရသည်။
ထို့အပြင် အထူးတပ်ဖွဲ့ ရဲအရာရှိ၏ စစ်ဆေးမေးမြန်းချက်အရ မစ္စ Pornthip အနေဖြင့် ထိုင်းနိုင်ငံတွင်တရားဝင်နေထိုင်ခွင့် စာရွက်စာတမ်း အထောက်အထား မရှိကြောင်း၊ မြန်မာနိုင်ငံမှမွန်လူမျိုးတစ်ဦးဖြစ်ပြီး ထိုင်းနိုင်ငံသို့ ၁၃ နှစ်ခန့် တိမ်းရှောင်လာခဲ့သူ ဖြစ်ကြောင်း မစ္စ Pornthip မှ ဝန်ခံခဲ့သည်ဟု ဆိုသည်။
မစ္စ Pornthip အနေဖြင့် သူမသည် ထိုင်းနိုင်ငံသို့ ခွင့်ပြုချက်မရဘဲ ထွက်ပြေးလာသူဖြစ်သော်လည်း ပါဆယ်ထုပ်ပုံးအတွင်းမှ ခဲယမ်းပစ္စည်းများဖြစ်သည်ကို သူမသိရှိကြောင်း၊ တစ်စုံတစ်ဦးမှ အိမ်ရှေ့တွင် ချထားပြီးနောက် အိမ်ထဲသို့ သယ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း ထိုင်းသတင်းများက ဖော်ပြသည်။