ပေါင် စက်တင်ဘာ (၁၂)
ပြီးခဲ့သည့် စက်တင်ဘာလ (၃) ရက်က ပေါင်မြို့မရဲစခန်းမှ နယ်ထိန်းရဲတစ်ဦး အသတ်ခံရမှုနှင့် ပတ်သက်၍ ဥတ္တံတားကျေးရွာမှ ဒေသခံပြည်သူ ၁၅ ဦးထက်မနည်း ဖမ်းဆီးစစ်ဆေးခံနေရကြောင်း ကာယကံရှင်မိသားစုဝင်များက ပြောကြားသည်။
စက်တင်ဘာလ (၃) ရက် ပေါင်မြို့မရဲစခန်းသို့ ဆိုင်ကယ်နှင့်ပြန်လာစဉ် စမ်းနှစ်ခွချောင်းတံတားအနီးတွင် PDF များက သေနတ်ဖြင့်ပစ်ခတ်ခဲ့ရာ နယ်ထိန်းရဲတပ်သား ရဲတပ်သားကိုကိုလွင် မှာ အခင်းဖြစ်ရာနေရာ၌ပင် သေနတ်ဒဏ်ရာများဖြင့် သေဆုံးခဲ့ခြင်းဖြစ်သည်။
ထိုဖြစ်စဉ် ဖြစ်ပွားခဲ့ပြီးနောက် စက်တင်ဘာ (၆) ရက်က အင်အား (၈၀) ကျော်ရှိသည့် မြန်မာစစ်တပ် ဝင်ရောက်လာပြီးနောက် ဒေသခံများအား ဖမ်းဆီးခြင်းများ လုပ်ဆောင်ခဲ့ကြောင်း ဥတ္တံတားကျေးရွာ ဒေသခံတစ်ဦးကပြောကြားသည်။
“ဖမ်းဆီးခံရသူတွေထဲမှာ ကိုယ်ဝန်ဆောင်အမျိုးသမီး ဒေါ်ခင်မြင့်အပါအဝင် အမျိုးသမီး (၈) ဦးပါဝင်တယ်လို့သိရတယ်။ နောက် အမျိုးသား (၇) ဦးလည်း ဖမ်းဆီးခံထားရတယ်လို့ ကြားသိရပါတယ်” ဟု ၎င်းဒေသခံက ဆက်ပြောသည်။
ဖမ်းဆီးခံထားရသည့် ဥတ္တံတားကျေးရွာဒေသခံများအား ဇင်းကျိုက်နယ်မြေရဲစခန်းတွင် ဖမ်းဆီးချုပ်နှောင်ထားကြောင်း နှင့် အမျိုးသားတချို့အားစစ်ကြောရေးသို့ ပို့ဆောင်ထားကြောင်း မြန်မာအာဏာပိုင်နှင့် နီးစပ်သူများက ပြောသည်။
လက်ရှိတွင်လည်း စစ်တပ်မှ ရင်းငြိမ်၊ ဇင်းကျိုက်၊ ဥတ္တံတားကျေးရွာများ နှင့် ပေါင်မြို့ပေါ်ရပ်ကွက်များသို့ လှည့်လည်သွားလာကာ နေ့ခင်းဘက် ရှောင်တခင်ဝင်ရောက်စစ်ဆေးမေးမြန်းများ လုပ်ဆောင်နေကြောင်းလည်း ဒေသခံများက ဆိုကြသည်။
နယ်ထိန်းရဲတပ်သား ကိုကိုလွင် အသတ်ခံရသည့် ဖြစ်စဉ်အပြင်၊ ပြီးခဲ့သည့် ဇူလိုင်လ (၂၂) ရက် ည (၆) နာရီအချိန်ခန့်ကလည်း ဇင်းကျိုက်နယ်မြေရဲစခန်းမှ ဥတ္တံတားကျေးရွာ နယ်ထိန်းရဲတပ်သား စိုးဇော်အောင် နှင့် အရပ်သား ကိုစည်သူ တို့နှစ်ဦးမှာ ဥတ္တံတားကျေးရွာ ရန်ကုမ် – မော်လမြိုင်ကားလမ်းဘေးရှိ K2 စားသောက်ဆိုင်တွင် အမည်မသိ သေနတ်သမားများ၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့သေးသည်။
မွန်ပြည်နယ် ပေါင်မြို့နယ် ပေါင်မြို့ နှင့် ဇင်းကျိုက်မြို့ကြား ရန်ကုန် – မော်လမြိုင်ကားလမ်းတလျှောက်တွင် (၂၀၂၂) ခုနှစ် ဒီဇင်ဘာလ (၁၀) ရက်နောက်ပိုင်း ရဲတပ်ဖွဲ့ဝင် (၅) ဦး၊ ရာအိမ်မှူး (၁) ဦး နှင့် အရပ်သား (၃) ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီးသေဆုံးထားကြောင်း သိရသည်။