မော်လမြိုင်၊ စက်တင်ဘာ ၁၁
လိုင်စင်ဝင်မည့်ကားများကို ယာဥ်မှတ်ပုံတင်ဆိုင်ရာ အခငွေနှုန်းထား တိုးမြှင့်ကောက်ခံသွားမည်ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက စက်တင်ဘာ ၈ ရက်နေ့က ထုတ်ပြန်ထားသည်။
အဆိုပါ ထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး မော်လမြိုင်မှ ဒေသခံတစ်ဦးက “ရက်လွန်ဒဏ်ကြေးဆို သုံးဆလောက်ဖြစ်သွားတယ်။ ပြည်သူတွေအတွက် အဆင်မပြေဘူးဗျ။ အများနဲ့လုပ်ရတာပဲလေ နှစ်ဆ သုံးဆကတော့ အဆင်မပြေဘူး”ဟု ပြောသည်။
ဝန်ဆောင်မှုဆိုင်ရာဌာနများအနေဖြင့် ကောက်ခံမှုများကို လျော့ပေါ့ပေးမှသာ ပြည်သူများ အဆင်ပြေနိုင်မည်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ အခငွေနှုန်းထားများသည် ခေတ်ကာလနှင့်လျော်ညီမှုမရှိဘဲ တိုးမြှင့်ကောက်ခံသင့်သည့် ကာလတစ်ခုသို့ရောက်ရှိလာခြင်း၊ အခြေခံလစာနှုန်းများတိုးမြှင့်လာခြင်း၊ ယာဉ်စီးရေ ယခင်ထက်များစွာတိုးမြှင့်လာသည့်အပြင် ယာဉ်တန်ဖိုးများမြှင့်တက်လာခြင်းနှင့် ယာဉ်မောင်းလိုင်စင်အခငွေနှုန်းထားများကို ၂၀၁၈ ခုနှစ်ကပင် ပြောင်းလဲတိုးမြှင့်သတ်မှတ်ခဲ့ပြီးဖြစ်ခြင်းတို့ကြောင့် ထပ်မံတိုးမြှင့်ကောက်ခံခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
မော်လမြိုင်မြို့နယ်မှ သုံးဘီးဆိုင်ကယ်မောင်းသူတစ်ဦးက “နိုင်ငံတော်ဝင်ငွေ တိုးအောင်ဆိုပေမယ့် ကျွန်တော်တို့မှာလည်း ဒီလောက်ကြပ်တည်းနေကြတာ။ အခွန်အခတွေပဲ တိုးနေရမယ်ဆိုရင် ဘယ်အဆင်ပြေပါ့မလဲ။ ဘယ်လိုမှ အဆင်မပြေဘူးလေ”ဟု ပြောသည်။
ယာဉ်မှတ်ပုံတင်ဆိုင်ရာအခငွေများကို ယခင်နှုန်းထားများထက် (၃)ဆခန့်တိုးမြှင့်သတ်မှတ်ရန် အခြေခံလျာထားတွက်ချက်ပြီးဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေးဦးစီးဌာနမှ အသိပေးထားသည်။