နေပြည်တော် စက်တင်ဘာ (၁၀)
နိုင်ငံခြားသုံးငွေကြီးကြပ်ရေးကော်မတီအတွင်းရေးမှူး ဗိုလ်မှူးချုပ်ရန်နောင်စိုး အပါအဝင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ စားသုံးသူရေးရာဦးစီးဌာနညွှန်ကြားရေးမှူးချုပ်နှင့် ညွှန်ကြားရေးမှူးငါးဦးနှင့် ရာဂဏန်းဝန်းကျင်ခန့်ရှိသော စီးပွားရေးသမားများစွာ ဖမ်းဆီးစစ်ဆေးခံနေရသည့် သတင်းထွက်ပေါ်နေကြောင်း နစကနှင့် နီးစပ်သည့် အသိုင်းအဝိုင်းထံမှ သိရသည်။
ဗိုလ်မှူးချုပ်ရန်နောင်စိုး အား စက်တင်ဘာလ (၈) ရက်က ဖမ်းဆီးထိန်းသိမ်းပြီးနောက် ဌာနဆိုင်ရာဝန်ထမ်းများ၊ စီးပွားရေးသမားများ ဆက်တိုက်ဖမ်းဆီးစစ်ဆေးခံနေရကြောင်း နစကအသိုင်းအဝိုင်းနှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။
၎င်းက”အဲ့ဒီအပြင်ကို ဒေါ်လာ ဝင်ရောက်ကစားတဲ့ ဘဏ်အချို့က တာဝန်ရှိသူတွေကိုလည်း ဖမ်းဆီးထားတယ်လို့ သိရတယ်။ အများစုတစ်ဒေါ်လာကို ဗဟိုဘဏ်စျေး ၂၁၀၀ ကျပ်နဲ့ လဲလှယ်ခွင့်ရထားသူတွေ ဖြစ်ကြတယ်။ ပြီးတော့ တင်သွင်းလာတဲ့ ပစ္စည်းများကို ပြင်ပဒေါ်လာပေါက်စျေးနဲ့ တွက်ချက်ရောင်းချသူတွေလည်း ပါကြတယ်လို့ သိရတယ်” ဟု ပြောကြားသည်။
ထို့အပြင် ပြောင်း၊ စားသုံးဆီ၊ ဆန်နှင့် စက်သုံးဆီလုပ်ငန်းရှင်များ၊ ဘဏ်အချို့မှ တာဝန်ရှိသူများကို ဆက်တိုက်ဖမ်းဆီးစစ်ဆေးနေကြောင်း ၎င်းကဆိုသည်။
နိုင်ငံအတွင်း သွင်းကုန်လိုင်စင်များကန့်သတ်လိုက်ပြီးနောက် သွင်းကုန်လိုင်စင်ခွဲတမ်း ရသူများ၊ တစ်ဒေါ်လာလျှင်၂၁၀၀ ကျပ်ဖြင့် ဝယ်ခွင့်ရသူများသည် ရက်ပိုင်းလပိုင်းအတွင်း ကျိကျိတက်ကြွယ်ဝချမ်းသာလာကြသည့်အတွက် စစ်ဆင်ရေးတစ်ရပ်အနေဖြင့် ဆောင်ရွက်သည့်သဘောဖြစ်ကြောင်း စစ်ကောင်စီအသိုင်းအဝိုင်းနှင့် နီးစပ်သူများက သုံးသပ်ပြောကြားကြသည်။
ထို့အပြင် ပြီးခဲ့သည့် ရက်ပိုင်းကလည်း ကာကွယ်ရေးဝန်ကြီးဌာနမှ ဦးအောင်ဇော်လင်း အား ပြည်ထဲရေးဝန်ကြီးဌာန အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာန ညွန်ကြားရေးမှူးချုပ်အဖြစ် စစ်ကောင်စီက ပြောင်းလဲခန့်အပ်ထားကြောင်း သိရသည်။