စက်တင်ဘာ (၆)
တရုတ်နိုင်ငံလုံခြုံရေး ၀န်ကြီးဌာနထံမှ အကြံပြုချက်တစ်ခုရရှိပြီးနောက် တယ်လီဖုန်းနှင့် Online Love Scams အွန်လိုင်းအချစ်ရေးလိမ်လည်မှုဂိုဏ်းတွင် အလုပ်လုပ်ကိုင်နေသူ တရုတ်နိုင်ငံသား ၈၈ ဦးတို့ကို ဖမ်းဆီးခဲ့ကြောင်း အင်ဒိုနီးရှားရဲတပ်ဖွဲ့က ပြီးခဲ့သည့်ဗုဒ္ဓဟူးနေ့တွင် ထုတ်ဖော်ပြောကြားသည်။
စင်ကာပူနိုင်ငံနံဘေးရှိ Batam ကျွန်းတွင် အမျိုးသမီးငါးဦးအပါအဝင် သံသယရှိသူများကို ဖမ်းဆီးထားကြောင်း ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ Zahwani Pandra Arsyad က ပြောကြားခဲ့ခြင်း ဖြစ်သည်။
၄င်းသံသယရှိသူများသည် တယ်လီဖုန်းလိမ်လည်မှုနှင့် အွန်လိုင်းအချစ်ရေးလိမ်လည်မှုအဖွဲ့၏ အဖွဲ့ဝင်များဖြစ်သည်ဟု ရဲတပ်ဖွဲ့က ယုံကြည်ထားကြောင်း၊ ၎င်းတို့သည် ပန်းခြံတစ်ခု၌ စျေးဆိုင်ခန်းတစ်ခု၊ စီးပွားရေးနှင့် လူနေအိမ်ရာများ ရောနှောထားသော အဆောက်အအုံတစ်ခုတွင် အလုပ်လုပ်ကိုင်နေကြောင်း Arsyad က ပြောကြားခဲ့သည်။
အွန်လိုင်းအချစ်ရေး လိမ်လည်လှည့်ဖြားမှုပုံစံများ ကွဲပြားမှုရှိသော်လည်း အများအားဖြင့် ချိန်းတွေ့သည့်ဝဘ်ဆိုက် သို့မဟုတ် ဆိုရှယ်မီဒီယာတွင် ၎င်းတို့၏သားကောင်များကို အွန်လိုင်းမှတဆင့် ရှာဖွေလေ့ရှိသည်ဟု ၎င်းကဆိုသည်။
လိမ်လည်လှည့်ဖြားသူများသည် အများအားဖြင့် အတုအယောင်ပရိုဖိုင်ကို ဖန်တီးကြပြီး အခြားသူတစ်ဦး၏ဓာတ်ပုံနှင့် တိုက်ရိုက်ဆက်သွယ်မှုဖြင့် ယုံကြည်နိုင်လောက်သော ပုဂ္ဂိုလ်ရေး၊ အချစ်ရေးတို့ကို တည်ဆောက်လေ့ရှိကြောင်း၊ ပိုက်ဆံတောင်းဖို့ အခွင့်အရေးမရမချင်း ချစ်ခင်တွယ်တာဟန်ဖြင့် ၄င်းတို့၏ ပစ်မှတ်သားကောင်အပေါ် ယုံကြည်မှုတည်ဆောက်လေ့ရှိပြီး ငွေတောင်းဆိုရလောက်သည့်အကြောင်းရင်း အနေအထားများ ကွဲပြားနိုင်သော်လည်း ကျန်းမာရေးအကြောင်းပြချက်ဖြင့် ဆေးဝါးဝယ်ယူရန် သို့မဟုတ် အရေးပေါ်အခြေအနေအတွက် ငွေပေးဆောင်ရန် သို့မဟုတ် ကာလကြာရှည်စောင့်ဆိုင်းခဲ့ရသော လည်ပတ်မှုအတွက် ခရီးစရိတ်များ တောင်းခံခြင်းပုံစံဖြစ်သည်ဟု ဆိုသည်။
အင်တာနက်မှခေါ်ဆိုပြီး လူ့စိတ်ခံစားချက်ကိုခြယ်လှယ်ပြီးနောက် ငွေလွှဲရန် အလိမ်ခံခဲ့ရသူများမှာ အဖော်မဲ့နေသူတရုတ်များဖြစ်ပုံရသည်ဟု Arsyad က ပြောကြားခဲ့သည်။
ကနေဦးစစ်ဆေးမေးမြန်းမှုအရ အဆိုပါဂိုဏ်းသည် ယခုနှစ်အစောပိုင်းကတည်းက တရုတ်နိုင်ငံသားများစွာကို အွန်လိုင်းပေါ်မှ လိမ်လည်ခဲ့ပြီးဖြစ်သော်လည်း ငွေကြေးမည်မျှစုဆောင်းရမိထားသည်ကို မသိရသေးပေ။
အလားတူ မြန်မာနိုင်ငံတွင် အနည်းဆုံး လူ ၁၂၀,၀၀၀ နှင့် အကြမ်းဖျင်းအားဖြင့် ကမ္ဘောဒီးယားတွင် လူတစ်သိန်းခန့်သည် “အွန်လိုင်း လိမ်လည်မှုများကို အတင်းအကြပ်လုပ်ဆောင်ရန် အတင်းအကြပ် ဖိအားပေးခံရသည့် အခြေအနေများတွင် ချုပ်နှောင်ခံရနိုင်ကြောင်း” ယုံကြည်ရလောက်သည့် သတင်းရင်းမြစ်များကို ကိုးကား၍ မကြာသေးမီက ထုတ်ပြန်သောကုလသမဂ္ဂအစီရင်ခံစာတရပ်က ဖော်ပြခဲ့သည်။