မြဝတီ စက်တင်ဘာ (၆)
ပြီးခဲ့သည့် စက်တင်ဘာလ (၃) ရက် ညပိုင်းက မြ၀တီခရိုင် ထွေ/အုပ်ရုံး Drop Bomb ချတိုက်ခိုက်ခံရမှုအတွင်း ထိခိုက်ဒဏ်ရာရရှိခဲ့သူများအနက် (၄) ဦးထပ်မံသေဆုံးခဲ့ကြောင်း မြို့ခံများ၏ ပြောကြားချက်များ အရ သိရသည်။
ထိုဖြစ်စဉ်အတွင်း ထိခိုက်ဒဏ်ရာရရှိခဲ့သူများအနက် ဒဏ်ရာပြင်းထန်းသူ မြဝတီခရိုင်ရဲမှူး ဒုရဲမှူးကြီးအောက်ထက်ဝင်း အပါအဝင် ရဲတပ်ဖွဲ့ဝင် (၅) ဦးမှာ ထိုင်းနိုင်ငံ မဲဆောက်မြို့ရှိ ဆေးရုံတွင် ဆေးကုသမှုခံယူစဉ် စက်တင်ဘာ (၅) ရက်က (၄) ဦးလေး ထပ်မံသေဆုံးသည်ဟု သိရကြောင်း မြို့ခံတစ်ဦးကပြောကြားသည်။
“သေဆုံးသူတွေက ရဲတပ်ဖွဲ့ဝင်တွေလို့ သိရတယ်။ ခရိုင်ရဲမှူးကတော့ ဆေးကုသမှုခံယူနေဆဲလို့ သိရတယ်” ဟု ၎င်းမြို့ခံကညဆက်လက်ပြောကြားသည်။
ထပ်မံသေဆုံးခဲ့သည့် ရဲတပ်ဖွဲ့ဝင် (၄) ဦးမှာ ဒုရဲမှူးမျိုးဝင်း၊ ရဲဒုတပ်ကြပ်မျိုးမင်းသော်၊ ဒုရဲမှူးထွန်းထွန်းနိုင်၊ ဒုရဲအုပ်သက်ခိုင် တို့ဖြစ်ကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။
စက်တင်ဘာလ (၃) ရက် ည (၆) နာရီခွဲဝန်းကျင်အချိန်ခန့်က မြဝတီခရိုင်ရဲတပ်ဖွဲ့မှူးနေအိမ်အနီး နှင့် ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးရုံးအတွင်းရှိ အစည်းအဝေးခန်းမပေါ်သို့ Drop Bomb (၂) လုံး ကျရောက်ပေါက်ကွဲခဲ့ကြောင်း နှင့် ထိုသို့ တိုက်ခိုက်ခံရမှုအား တာဝန်ရှိသူများမှ လာရောက်စစ်ဆေးစဉ် ည (၇) နာရီ (၂၀) မိနစ်အချိန်ခန့်တွင် Drop Bomb (၂) လုံးဖြင့် ထပ်မံတိုက်ခိုက်ခံရသည့်အတွက် မြဝတီခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးတင့်၊ ခရိုင်ထွေ/အုပ် ဦးစီးအရာရှိ ဦးထွန်းထွန်းလင်း၊ ခရိုင်ထွေ/အုပ်စာရေး ဦးပြည့်ဖြိုးအောင် တို့မှာ အခင်းဖြစ်သည့် နေရာတွင် သေဆုံးခဲ့ပြီး၊ မြဝတီရှေ့တန်းရုံး၊ ရှေ့တန်းမှူး ဒုတိယ ဗိုလ်မှူးကြီး အောင်ကျော်မင်း နှင့် ယာဉ်ထိန်းရဲအုပ် နေလင်းစိုး တို့မှာ ခရိုင်ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေစဉ် သေဆုံးခဲ့ကြကြောင်း သိရသည်။
မြဝတီခရိုင်ရဲတပ်ဖွဲ့မှူးရုံး နှင် ခရိုင်ထွေ/အုပ်ရုံးတို့အား KNU/KNLA နှင့် Cobra စစ်ကြောင်းစီမံခန့်ခွဲမှု လက်အောက်ခံ Federal Wings ဒရုန်းတပ်ဖွဲ့မှ ဒရုန်းနှင့် (၂) ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု KNU ဗဟို က သတင်းထုတ်ပြန်ထားသည်။
မြဝတီမြို့တွင် နေထိုကြသည့် မိဘပြည်သူများအနေနှင့်လည်း စစ်တပ်စွဲထားသည် ရုံးများ၊ တပ်စခန်းများနှင့် ဝေးရာအရပ်ကို ရွှေ့ပြောင်းနေထိုင်ပေးကြရန် ထိုတိုက်ခိုက်မှုအား လုပ်ဆောင်ခဲ့သည့် Federal Wings PDF ဒရုန်းတပ်ဖွဲ့က သတိပေးထုတ်ပြန်ထားသည်။